Merry Christmas !


အလုပ်အသစ်၊ အိမ်အသစ်၊ မြို့အသစ်၊ လူအသစ်တွေနဲ့ ဘီးစီးနေလိုက်တာ ဘလော့ကိုတောင် ပစ်ထားတာ အတော်ကြာပြီ။ မနက် ၈ နာရီ အိမ်က ထွက်သွားလိုက်တာ ည ၈ နာရီလောက်မှ အိမ်ပြန်ရောက်တယ်။ အလုပ်ထဲမှာလည်း ဘီးစီးတာများ ဂျီးမေးလ်ဖွင့်ထားတယ် ဆိုရုံပဲ။ ဖေ့ဘွတ်၊ ရာဟူး၊ သတင်းတွေ ဖတ်ဖို့ အချိန်မရှိ။ ထမင်းချက်ဖို့ အချိန်မရှိ။ မနက်စာ၊ ညစာ အပြင်မှာ ဝယ်စားရတယ်။ အိမ်ဘေးနားက ကားလမ်းမကြီးက ဆူညံနေလို့ အိပ်မပျော်ဘူး။ အပေါ်ထပ်က ဒုန်းဒုန်း ခေါင်းကြိမ်းတယ်။ ညဖက်ဆို ဆိုဒ်မှာကြေငြာထားတဲ့ အခန်းတွေကြည့် အီးမေးလ်ပို့။ ပိတ်ရက်တွေမှာ အခန်းလိုက်ကြည့်။ ကန်တက်ကီနဲ့ မေရီလန်း Town House အိမ်တွေက ကိုယ်ပိုင်ရေချိုးခန်း၊ အိမ်သာပါတဲ့ အခန်းကျယ်ကျယ်မှာ  နေခဲ့တော့ တိုက်ခန်းကျဉ်းကျဉ်း၊ ရေချိုးခန်း၊ အိမ်သာ ရှယ်သုံး၊ အပေါ်ထပ်၊ အောက်ထပ်၊ ဘေးထပ် အထပ်ပေါင်းစုံက အသံတွေ ကြားရ၊ ကားသံတွေ ဆူညံနေတဲ့ မြို့ပြဘဝကို အသားကျဖို့ အချိန်ယူနေရတယ်။

ဈေးကြီးလို့ ယူရင်ကောင်းမလား၊ မကောင်းဘူးလား လားတွေများနေတုန်း သူများကယူသွားနှင့်ပြီ၊ ဈေးသက်သာတဲ့ အခန်းတွေကို မကြိုက်၊ အခန်းကြိုက်ပေမဲ့ လူကိုမကြိုက်။ အလုပ်ထဲမှာ ပင်ပန်းတော့ အေးချမ်းတိတ်ဆိတ် စိတ်ချမ်းသာသာနဲ့ အနားယူလို့ရမယ့် အိမ်လေး လိုချင်မိတယ်။ တောသားမြို့တက် ပန်းသီးမြို့ကြီးမှာ ကြုံရဆုံရသမျှ  ဘလော့မှာ ရေးချင်ပေမဲ့ အချိန်မပေးနိုင်။ ရုံးနဲ့တစ်ဘလော့အဝေးက အင်ပါယာစတိတ်အဆောက်အဦး၊ တိုင်းစကွဲယား၊ ဂရမ်းစင်ထရယ်၊ ချိုင်စန်လာအဆောက်အဦး၊ ဘရိုင်ရန်ပန်းခြံတို့ကို နေ့စဉ်ဖြတ်နေပေမဲ့ ဓာတ်ပုံမရိုက်ဖြစ်။ Fifth Ave ( စင်္ကာပူက အော့ချက်လမ်းမလို) တလျှောက်က ဘရန်းဆိုင်တွေရှေ့ ဖြတ်နေပေမဲ့ လျှော့ပင်းမထွက်ဖြစ်။ စိတ်ကြိုက်အိမ်တွေ့လို့ နေသားတကျဖြစ်သွားရင်တော့ ပန်းသီးမြို့က အတွေ့အကြံတွေကို  ရေးချင်ပါသေးတယ်။ All About NYC စီးရီးပို့စ်တွေ ဖတ်ချင်နေကြတဲ့သူတွေကို အားနာပါတယ်။ လာတော့လာမယ် ကြာမယ်လို့ း) ။

ပျော်ရွှင်စရာ ခရစ်စမတ် ဖြစ်ပါစေ။
Merry Christmas ! Happy Holidays !

စန်းထွန်း
ဒီဇင်ဘာ ၂၄၊ ၂၀၁၃။

နွေဦးတွင် ချယ်ရီဝေသောမြို့...

ခရစ်စမတ်၊ နှစ်သစ်ကူးကာလတွင် တစ်ယောက်တည်း ငေါင်နေရမည်မှာ စိတ်မကောင်းစရာကြီး သူတို့ဆီလာလည်ရန် ဆူနမ်တို့က ဖိတ်ခေါ်သောအခါ ခွင့် ၃ ရက် ယူရုံမျှနှင့် အားလပ်ရက် ၁၁ ရက် ရသောကြောင့် ၂၀၁၂ ဒီဇင်ဘာတွင် ဆူနမ်တို့ဆီ လာရောက်လည်ပတ်ခဲ့သည်။ အေးလျှင် ခြေထောက်တွင် အနီကွက်ထ၊ ယားသော အအေးအလာဂျီရှိသည့် ရာမားကြောင့် ဘယ်မှမသွား အိမ်တွင်သာနေမည်ဟု စကားပလ္လင်ခံထားသည်။ ၂၀၁၂ ဂျူလှိုင် ရာမားရှိရာ ဘော့စတွန်သို့ သွားရောက်လည်ပတ်စဉ် ဟိုသွားချင်သည်၊ ဒီသွားချင်သည်ဟု နားပူနားဆာ ဂျီကျသူတစ်ယောက်အကြောင်း သူတို့ကောင်းကောင်း သိကြသည်။

နေ့လည် အိမ်အနီးရှိ ဘူတာရုံတွင် ကားထားခဲ့ပြီး ရထားလက်မှတ်ဝယ်သောအခါ အိမ်ဖြူတော်ကို သွားချင်လို့ ဘယ်ဘူတာတွင် ဆင်းရမလဲဟု မေးသောအခါ မတ်ထရိုဘူတာ။ ဘယ်ဖက်ကိုသွားတဲ့ ရထားစီးရမလဲဟု မေးသောအခါ ဒီဘူတာက ဂိတ်ဆုံး။ ဘယ်ရထားစီးစီး အားလုံး ဒီစီမြို့ထဲကိုသွားတာ။ မတ်ထရိုစင်တာဘူတာမှ တက်လိုက်သည်နှင့် အအေးဓာတ်က ကျင်တက်လာသောကြောင့် ဦးထုပ်၊ လက်အိတ် ထုတ်ဝတ်ရသည်။ ဘူတာရုံဝန်ထမ်း ညွှန်လိုက်သည့်အတိုင်း တည့်တည့်လျှောက် အဆုံးမှာဘယ်ကွေ့။ ရာမားကြောင့် ခဏနားရပြန်သည်။ လူတွေတရုန်းရုန်း ဓာတ်ပုံရိုက်နေကြသည့် ရုပ်တုကိုကျော်ဖြတ်သောအခါ ကွင်းပြင်ကျယ်ဆီသို့ ရောက်သည်။

US Capitol

ဟိုခြံစည်းရိုးနားမှာ လူတွေတရုန်းရုန်း ဘာလုပ်နေတာလဲ။ အဲဒါ အိမ်ဖြူတော်ဟု ဆိုသောအခါ ကာရံထားသည့် တံတိုင်းများကြောင့် တပတ်ကြီးပြန်လျှောက် ရဲကားတစ်စီး အမြဲရပ်ထားကာ လုံခြုံရေးစောင့်ကြပ်နေသည့် ခြံစည်းရိုးရှေ့တွင် ဓာတ်ပုံရိုက်နေကြသူများ၊ ခြံစည်းရိုးတိုင်ကြား ကင်မရာထည့် အနီးကပ်ဆွဲကာ ရိုက်နေသူများ အုန်းအုန်းထနေသည့်ကြား မရရအောင် ဝင်အုန်းခဲ့သည်။ ခရစ်စမတ်သစ်ပင် အများကြီးရှိသည့် ပွဲတော်ကိုတော့ ဝင်မတိုးတော့။ ထို့နောက် မိုးနှုးမတ်ကျောက်တိုင်ကို ကျော်ဖြတ်ကာ အိမ်ဖြူတော်လည်း မကြိုက်ဘူး၊ ကယ်ပီတယ်လည်း မကြိုက်ဘူး ဒီစီတွင် သူ အကြိုက်ဆုံးနေရာဖြစ်သည့် ရေပန်းကလေးများဖြင့် သာယာလှပသည့် ဒုတိယကမ္ဘာစစ် အထိမ်းအမှတ်နေရာသို့ ဆူနမ်က ခေါ်ဆောင်ခဲ့သည်။

ရောင်စုံထွန်းလင်းနေသည့် ခရစ်စမတ်သစ်ပင်ရှိသည့် ကယ်ပီတယ်သို့ သွားချင်သောကြောင့် နင်တို့ဒီမှာစောင့် ငါ ဓာတ်ပုံသွားရိုက်ပြီး ပြန်လာခဲ့မည်ဆိုသည်ကို ဆူနမ်တို့က စိတ်မချ။ ရာမားက လမ်းတွင်နှစ်ခေါက်လောက် နားရပြီး ခရစ်စမတ်သစ်ပင်အား ဓာတ်ပုံရိုက်သော်လည်း မှောင်မည်းနေသည်။ ကိုင်း နင် ရောက်ချင်တာရောက်ပြီ ဘူတာရုံရှာဟု ဆိုသောအခါ မှောင်နေပြီမို့ မမြင်ရ။ ဖြတ်သွားဖြတ်လာများကို မေးကြည့်သောအခါ ဟိုဖက်မှာဟု ဆိုသော်ငြား မတွေ့ရ။ လာလမ်းအတိုင်း ပြန်လျှောက်သောအခါ မီးရောင်စုံထွန်းညှိထားသည်မှာ လှပသောကြောင့် ဓာတ်ပုံရိုက်ကြသည်။ နောက်တော့မှသိသည် ၎င်းသည် ယူနိုက်တက်စတိတ် ဘော်တနစ်ဂါးဒင်းဖြစ်သည်။ ဖြတ်သွားသည့် တရုတ်အုပ်စုကို မေးမြန်းသည့်အခါ အနီးဆုံးဘူတာရုံကို နောက်ထပ် မိနစ် ၂၀ လောက် လျှောက်ဖို့လိုသေးတယ်ဟု အားတက်ဖွယ်ရာ ကြားလိုက်ရလေသည်။

Library of Congress

ရာသီဥတုက အေးစိမ့်ကာ ညောင်းညာလွန်းသည်မို့ ဘတ်စ်ကားဂိတ်၊ တက္ကစီဂိတ် မည်သည့်အရာမှန်းမသိ ဆိုင်းဘုတ်ထောင်ထားသည့် မှတ်တိုင်တွင် စောင့်နေတုန်း ဘတ်စ်ကားတစ်စီး လာရပ်သောကြောင့် ဝမ်းသာအားရ ခုန်တက်ကြသည်။ အနီးဆုံး ဘူတာရုံကိုသာ ချပေးပါ၊ ဘယ်လောက်ကျသလဲဟု မေးသောအခါ မပေးပါနှင့်ဟု ဆိုသည်။ ဘတ်စ်ကားတစ်စီးလုံး ကိုယ်တို့သုံးယောက်တည်း။ ဓားထောက်ပြီး ပိုက်ဆံတောင်းလျှင် ပေးဖို့ပိုက်ဆံအကြွေ ဆောင်ထားရသည်ဟု ကြားဖူးသောကြောင့် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက် ဘယ်နေရာမှန်းမသိသည့် နေရာများကို ကြည့်လိုက် ကြောက်စိတ်ဖြင့် ငြိမ်သက်နေကြသည်။ အဲဒီမှာ မတ်ထရိုဘူတာ လမ်းကူးလိုက်ရင် ရောက်ပြီဟု အသေအချာ လမ်းညွှန်သွားကာ ဘတ်စ်ကားခမယူသည့်  အနှီဒရိုင်ဘာကို ကျေးဇူးတင်မဆုံး။

ခြေကုန်လက်ပန်း ကျနေသည့် ဆူနမ်တို့ကို စတားဘာ့ခ်ကော်ဖီတိုက်ပြီး ချော့ဖို့စိတ်ကူးသောအခါ ဆယ်မိနစ်အတွင်း ဆိုင်ပိတ်တော့မည်။ ကော်ဖီပူပူလေး တကျိုက်သောက်၊ ကိတ်မုန့်လေး တဖဲ့ကိုက်ကာ ပင်ပန်းလိုက်တာဟု ညည်းညူကြသည်။ မတ်ထရိုစင်တာဘူတာတွင် လူရှင်းသည့် ရထားတံခါးပေါက်ဆီ ပြေးကြရင်း ဝင်တော့မည်ဟန် ပြင်တော့မှ Step Back. Door is closing. ဆိုကာ မောင်းထွက်သွားလေအခါ  ရှက်ရယ် ရယ်လိုက်ကြသည်မှာ တော်တော်နှင့်မရပ်။ ဂိတ်ဆုံးအထိ စီးရမည်ဖြစ်သောကြောင့် စိတ်ချလက်ချ အိပ်ငိုက်ကြသည်။ ပင်ပန်းလိုက်သည်မှာ ဆိုဖွယ်ရာမရှိ။ တကိုယ်လုံးကိုက်ခဲ ပင်ပန်းကြသော်ငြား ဆူနမ်တို့က ကွန်ပလိမ်းမတက်။ ထိုသို့ဖြင့် ၂၀၁၂ ခရစ်စမတ်အကြိုနေ့တွင် ထိုမြို့လေးသို့ စတင်ရောက်ဖူးခဲ့သည်။


အိမ်မှ ဘူတာရုံအထိ ဘတ်စ်ကားစီး၊ ရထားက မြို့လယ်ခေါင်ဆီရောက်ပြီး၊ လည်ပတ်စရာ အားလုံးနီးပါးကလည်း မြို့လယ်ခေါင်တွင် ရှိသောကြောင့် နှင်းမကျသည့်နေ့များတွင် တစ်ယောက်တည်း တိုးရစ်မည်ကို ဆူနမ်က ခွင့်ပြုသည်။ သို့သော် ညမမှောင်ခင် အိမ်အရောက် ပြန်လာရမည်။ ဒူးပွိုင့်စာကယ် ဘူတာတွင်ဆင်းပြီး ဘတ်စ်ကားစီးကာ ကမ္ဘာပေါ်တွင် ဆဋ္ဌမမြောက်အကြီးဆုံး၊ အမေရိကန်တွင် ဒုတိယအကြီးဆုံးဖြစ်သော ဝါရှင်တန်နေရှင်နယ် ကသီဒရယ်ဆီ သွားရောက်လည်ပတ်သည်။ ထုထည်ကြီးမား ခန့်ညားလှသလို အတွင်းဖက်ရှိ အနုပညာလက်ရာများမှာ အံ့မခန်းဖြစ်သည်။ အထူးခြားဆုံးမှာ အမေရိကန်သမိုင်း၊ ခရစ်ယာန်သမိုင်းကို ဖော်ကျူးထားသည့် ရောင်စုံပြိုးပျက် လက်ရာမြောက်လှသည့် ပြတင်းပေါက်များဖြစ်သည်။

ခရစ်စမတ်ပိတ်ရက်တွင် ဝါရှင်တန်ကို သွားလည်မည်ဟု ဆိုသောအခါ အရှေ့ဖက်ခြမ်းက ဝါရှင်တန်မြို့တော်လား၊ အနောက်ဖက်ခြမ်းက ဝါရှင်တန်ပြည်နယ်ကိုလားဟု မေးကြသည်။ District of Columbia ပြည်နယ်တွင်ရှိသော ဝါရှင်တန်မြို့တော်ကို ကွဲပြားအောင် ဝါရှင်တန်ဒီစီဟု ခေါ်ကြသည်ဟု ဆိုသည်။ အမိုးခုံးခုံးဖြူဖြူ အိမ်ဖြူတော်ကို သွားလည်မည်ဟု ဆိုသောအခါ ရုရှားတွင်နေထိုင်ဖူးပြီး ရုရှားမကို လက်ထပ်ထားသည့် ဆူပါဗိုက်ဆာဂျရတ်က နိုင်ငံခြားသားများ အိမ်ဖြူတော်နှင့် ကယ်ပီတယ် မကွဲသည်ကို သိနေသည့်အလား အမိုးခုံးဖြူဖြူဆိုတာ ဆီးနိတ်နှင့်ဟောက်စ် လွှတ်တော်များရှိပြီး အမတ်များ ငြင်းခုန်ဆွေးနွေး ဥပဒေများပြဋ္ဌာန်းသည့် ကယ်ပီတယ်၊ လက်ရှိသမ္မတနေထိုင်သည့် အိမ်ဖြူတော်ကို ကွဲပြားအောင် ဂူဂယ်ဓာတ်ပုံများဖြင့် ရှင်းပြရှာသည်။


ကယ်ပီတယ်သည် လုံခြံခြုံရေး အတော်တင်းကျပ်သည်။ နာရီဝက်ခန့် တန်းစီးစောင့်ဆိုင်းရပြီး ရေဘူး၊ အစားအသောက် အကုန်လွှင့်ပစ်သည်။ အထဲရောက်သောအခါလည်း နာရီဝက်ခန့် တန်းစီရပြန်သည်။ ကယ်ပီတယ်တိုးဂိုက်မှ ဦးဆောင်လမ်းညွှန်ပြီး ပြည်နယ်တခုခြင်းစီမှ ထင်ရှားသူများ၏ ရုပ်တုများ၊ ရောင်တန်နာမှ ထူးခြားသည့် ပန်းချီလက်ရာများ၊ လွတ်လပ်ရေးသမိုင်း ဖော်ကျူးထားသော ကြီးမားသည့် ပန်းချီကားချပ်များကြောင့် ထိုမျှစောင့်ဆိုင်း တန်းစီရသော်လည်း တန်ပေသည်။

လိုင်ဘရီအော့ဖ်ကွန်ကရက် စာကြည့်တိုက်သည် ရှားပါးစာအုပ်မျိုးစုံ သန်းချီစုဆောင်း သိမ်းဆည်းထားသည့် နိုင်ငံ၏အဖိုးတန် ရတနာတစ်ပါးဖြစ်သည်။ ရှားပါးပစ္စည်းပြခန်း၊ ပြည်တွင်းစစ်ပြခန်း၊ မာယာလူမျိုးစု ယဉ်ကျေးမှုပြခန်းတွင် ဓာတ်ပုံရိုက်ခွင့်မပြု။ သုတေသနပြုသူများအတွက်သာ စာဖတ်ခွင့်ပြုသည်။ မဟော်ဂနီရောင် တောက်နေသော စာအုပ်စင်တွင် အနက်ရောင်၊ အနီရောင် ကထ္ထူဖုံးထားသော စာအုပ်များကို အစီအရီ တင်ထားသည်မှာ ခန့်ညားလှသည်။ ထိုကဲ့သို့ကြီးကျယ်ခမ်းနား လှပသော စာကြည့်တိုက်တွင် တစ်ခေါက်လောက် စာထိုင်ဖတ်ချင်စမ်းပါဘိ။


ခရစ်စမတ်အကြိုနေ့ ပထမဆုံးလာရောက်စဉ်တုန်းက တဝဲလည်လည်ဖြစ်နေစဉ် မီးများထွန်းညှိထားသည်မှာ လှပသောကြောင့် ဓာတ်ပုံရိုက်ကြသည့်နေရာမှာ ယူနိုက်တက်စ်စတိတ် ဘော်တနစ်ဂါးဒင်းဖြစ်သည်။ တန်းစီနေသည့်လူတန်းကြီးမှာ အရှည်ကြီး ယမန်နှစ်က မိနစ်လေးဆယ်ခန့်တန်းစီခဲ့ရသည်ဟု နောက်တွင်တန်းစီနေသည့် မိသားစုမှ အားတက်ဖွယ်စကားဆိုသည်။ သို့သော် ယခု သိပ်မကြာ။ ဘော်တနစ်ဂါးဒင်းတွင် တကမ္ဘာလုံးမှ အပင်များကို စုဆောင်းစိုက်ပျိုးထားသည်။ သစ်ခွဥယျာဉ်သည် အတော်စုံလင်လှသည်။ ယူအက်စ်ဘော်တနစ်ဂါးဒင်းသည် အခမဲ့ဖြစ်ပြီး စင်္ကာပူဘော်တနစ်ဂါးဒင်းသည် အခမဲ့မဟုတ်။ အမျိုးသားအာကာသပြတိုက်သည် လကမ္ဘာသို့ လူသားတို့ စတင်ခြေချနိုင်သည်မှစ၍ အင်္ဂါဂြိုလ်သို့ စူးစမ်းလေ့လာနေမှုများ၊ လေယာဉ်ပျံ၏သမိုင်းများဖြင့် အထက်ကောင်းကင် အာကာယံမှ မသိသေးသည့် အကြောင်းအရာများ၊ စကြာဝဋ္ဌာတွင် အသစ်လေ့လာတွေ့ရှိမှုများဖြင့် ကြယ်တာရာကို စိတ်ဝင်စားသူများဖြင့် စည်ကားလှသည်။

အာလင်တန် စစ်သင်္ချိုင်းတွင် ခရော့စ်အုတ်ဂူဖြူဖြူများကို မြင်ရသည်မှာ ကြေကွဲစရာ။ တစ်နာရီလျှင် တစ်ကြိမ် အမည်မသိကျဆုံးလေသူများနေရာတွင် အစောင့်လဲသည်မှာ စိတ်ဝင်စားစရာကောင်းသည်ဟု ဆူပါဗိုက်ဆာဂျရတ်က ဆိုသောကြောင့် အမှီသုတ်ခြေတင်သည်။ လမ်းလျှောက်လိုက်၊ သေနတ်တဖြောင်းဖြောင်းလှည့်လိုက်ဖြင့် စနစ်တကျ တာဝန်လွဲပြောင်းယူသည်။ ထိုအချိန် အားလုံးငြိမ်သက် မတ်တပ်ရပ်ပေးရသည်။ သမ္မတဂျွှန်အက်ဖ်ကနေဒီ အုတ်ဂူရှိသည်။ တောင်ကုန်းပေါ်မှကြည့်လျှင် ရစ်ခွေစီးဆင်းနေသော ပတ်တိုးမတ်မြစ်၊ မိုးနှုးမတ်ကျောက်တိုင်၊ ကယ်ပီတယ်နှင့် ဝါရှင်တန်ဒီစီမြို့တော်ကို စီးမိုးမြင်ရသည်။


စမစ်ဆိုးနီးယန်းပြတိုက်တွင် ရှားပါးပစ္စည်းများ၊ သမ္မတကတော် ဂျက်ကလင်းကနေဒီ၏ ပုလဲဆွဲကြိုး တွေ့ရသည်။ စမစ်ဆိုးနီးယန်းပြတိုက်သည် အနီရောင်ရဲတိုက်ကြီးအလား ခန့်ညားလှပသည်။ မျက်နှာချင်းဆိုင်မှ အမျိုးသားသဘာဝပြတိုက်တွင် လူစည်ကားလှသည်။ ကမ္ဘာတလွှားမှ တိရစ္ဆာန်များကို ပုံစုံတူရုပ်တုများကို နေထိုင်ကျက်စားတတ်သည့် ပတ်ဝန်းကျင်နှင့်ပါ ပြသထားသည်မှာ တောနက်ထဲ ကျက်စားနေထိုင်ကြပုံများကို တထိုင်တည်းနှင့် သိလိုက်ရသည်။ National Geographic ဓာတ်ပုံပြိုင်ပွဲမှ ဆုရဓာတ်ပုံများကို ပြသထားသည်။ ကျောက်မျက်ရတနာပြခန်းတွင် မြန်မာပြည်ထွက် ပတ္တမြား၊ နီလာကို တွေ့ခဲ့သည်။ လိပ်ပြာပြခန်းတွင် မကြောက်မလန့် အေးချမ်းစွာ ပျံသန်းနေကြသည့် ရောင်စုံလိပ်ပြာလေးများကို မြင်ရသည်မှာ ဝင်ကြေးပေးရသော်လည်း တန်သည်။

ခရစ်စမတ်သစ်ပင်၊ ဂျင်ဂဲဘဲလ် မရှိသော်ငြား ထိုခရစ်စမတ်သည် ကမ္ဘာသစ်ကို ရှာဖွေတွေ့ရှိသည့်အလား တကယ့်ကို ထူးခြားတက်ကြွ ပျော်ရွှင်နေခဲ့သည်။ ပထမဆုံး တစ်ယောက်တည်း တိုးရစ်ခြင်းဖြစ်သလို တော်တော်လည်း တိုးရစ်နိုင်သည်ဟု သဘောပေါက်သွားခဲ့သည်။ ဆူနမ်တို့သာပါလျှင် ပြတိုက်တခွင် ပြဲပြဲစင်အောင် တိုးရစ်နိုင်မည်မထင်။ ဘယ်ရောက်နေပြီလဲ အိမ်ပြန်လာသင့်ပြီဟု ဆူနမ် ဖုန်းလှမ်းဆက် သတိပေးတတ်သည့် နေဝင်ချိန်တွင် ညောင်းညာကိုက်ခဲခြင်း၊ မောပန်းခြင်းများဖြင့် ဘတ်စ်ကားပေါ်တွင် ခြေပစ်လက်ပစ် အိပ်ငိုက်အနားယူနေတတ်သည်။ တိုးရစ်ကောင်းသည်မှာ တခါတရံ နေ့လည်စာကို အတော်နောက်ကျပြီးမှ စားရသော်လည်း ပင်ပန်းသည်မထင်။ ထိုမြို့လေး၏ ရတနာများကို ရှာဖွေနေခဲ့သည်။ အဲဒီတုန်းက ထိုမြို့လေးတွင် အလုပ်ရလိမ့်မည်ဟု စိတ်ကူးတောင် မယဉ်ခဲ့။ အားလပ်ရပ်များတွင် လာရောက်လည်ပတ်သင့်သော မြို့လေးတစ်မြို့ဟုသာ တွေးခဲ့သည်။


ကန်တက်ကီတွင် လေးအော့ဖ်ဖြစ်ပြီး ဆူနမ်တို့ရှိရာ မေရီလန်းသို့ ပြောင်းလာသည့် တစ်လခွဲအတွင်း ဖေ့တူဖေ့အင်တာဗျူး သုံးခုရသည်။ ကိုလံဘီယာ၊ ဖရက်ဒရစ်နှင့် ထိုမြို့လေး။ အင်တာဗျူး လာဖြေသည့်အချိန်ကတည်းက  အမိုးခုံးဖြူဖြူ ကယ်ပီတယ်ဘေးနားက ထိုရုံးလေးကို သဘောကျနေခဲ့သည်။ ။ အင်တာဗျူးသူကလည်း မျက်လုံးအလွန်လှသူတစ်ယောက်။ အစိုးရရုံးများ အများကြီး ရှိသောကြောင့် ရုံးဝတ်စုံအပြည့် ဝတ်ဆင်ထားသူများ မြင်ရသည်ကိုပင် သဘောကျနှစ်သက်နေမိသည်။ နိုင်ငံသားမဟုတ်သောကြောင့် အင်တာဗျူးဖြေနိုင်သည်ဟု ထင်သော်လည်း ရလိမ့်မည်ဟု မထင်ခဲ့။

မတ်လအကုန် ဧပရယ်လဆန်းတွင် တိုင်တန်ဘေဇင်တွင် ကျင်းပသော ချယ်ရီပွဲတော်သို့ သွားရောက်ကြသည်။ ကယ်ပီတယ်မှ မိုးနူးမတ်ကျောက်တိုင်၊ လင်ကွန်းမန်မိုရီယမ်အထိ နေရှင်နယ်မောလ်တလျှောက် လူများ ကြိတ်ကြိတ်တိုးနေကြပြီး အလွန်စည်ကားသည်။ ဂျပန်၊ အမေရိကန် နှစ်နိုင်ငံချစ်ကြည်ရေးအနေဖြင့် ဂျပန်နိုင်ငံမှ ပေးအပ်သော ချယ်ရီနှစ်ပင်ကို တိုင်တန်ဘေဇင်တွင် စတင်စိုက်ပျိုးခဲ့သည်။ ယနေ့အခါတွင် တိုင်တန်ဘေဇင် ကန်တလျှောက်၊ အနီးအနားတဝိုက် ချယ်ရီပင်များစွာ ရှိသည်။ သမ္မတကတော်မှ ချယ်ရီပင်စိုက်ပျိုး၊ ကျောက်မီးပုံးတွင် ဆီမီးထွန်းညှိကာ ချယ်ရီပွဲတော်ကို ဖွင့်လှစ်သည်။ ဂျပန်ရိုးရာယဉ်ကျေးမှု အတီးအမှုတ်အကအခုန်၊ ကလေးများကလည်း ပန်းချီလက်စွမ်းပြနိုင်သည်။ တိုင်တန်ဘေဇင်ကန်တလျှောက် အစွမ်းကုန်ဖူးပွင့်နေသည့် ချယ်ရီပင်အလှကို ကြည့်ရှုခံစားဖို့ သန်းချီသောသူများ လာရောက်လည်ပတ်ကြသည်။

US Botanic Garden

ရာသီဥတု အေးသောကြောင့် ချယ်ရီပွင့် နောက်ကျသည်။ အနီရောင် အဖူးလေးများသာ မြင်ရသည်။ နီပါလီနှစ်သစ်ကူး Dishan ပွဲတော်တွင် စွန်လွှတ်သည့်ဓလေ့ရှိသည့် ဆူနမ်တို့က စွန်လွှတ်ချင်ကြသော်လည်း စွန်ဝယ်ရန် တန်းစီနေကြသည့် လူတန်းရှည်ကြီးကို မြင်လိုက်ရသည်နှင့် လက်လျှော့လိုက်ကြသည်။ စွန်လွှတ်ပြိုင်ပွဲရှိသည်။ ကလေးများက  စွန်ကိုလေထဲ ပျံဝဲနေစေဖို့ ပြေးလွှားဆော့ကစားကြသည်။ အင်တာဗျူးမှအပြန် ချယ်ရီများ ပွင့်ပြီလားဟု သွားချောင်းသော်လည်း အနှီချယ်ရီကား မပွင့်သေး။ ချယ်ရီများ အစွမ်းကုန်ပွင့်ချိန် ကျောင်းတွင် Seminar Course သွားတက်နေရသောကြောင့် ချယ်ရီအလှကို မတွေ့လိုက်ရ။

ဒီစီအလုပ်အော်ဖာ ပေးလာသောအခါ ပျော်လိုက်သည်မှာ ဆိုဖွယ်ရာမရှိ။ အင်တာဗျူးသွားကတည်းက နှစ်သက်သဘောကျနေသည့် နေရာလေး။ ရုံးသည် ကယ်ပီတယ်နှင့် ဒီအိုအယ် (Department Of Labor) ကြားတွင် ရှိသည်။ ကလိုင်းရင့် ဒီအိုအယ်အတွက် ဆော့ဝဲပရောဂျက် ရေးပေးရသည်။ မျက်လုံးလှသည့် အင်တာဗျူးသူမှာ တက်ဒ်ဟု ခေါ်ကြသည့် သီဟိုဒိုဝိန်းရိုက်ဖြစ်သည်။ Hazel မျက်လုံးပိုင်ရှင် တက်ဒ်၏မျက်လုံးသည် အစိမ်းရောင်အ င်္ကီျဝတ်သည့်နေ့တွင် အစိမ်းရောင်၊ အပြာရောင်ဝတ်သည့်နေ့တွင် အပြာရောင်၊ အညိုရောင်ဝတ်သည့်နေ့တွင် အညိုရောင် ပြောင်းနေတတ်သည်။ တွေ့ဖူးသမျှ မျက်လုံးအရောင်များထဲတွင် ထိုအရောင်သည် အလှဆုံးဖြစ်သည်။ တက်ဒ်တွင် ပိုလန်အလာဂျီရှိသောကြောင့် ပန်းဝတ်မှုန်များသည့်နေ့တွင် နှာရည်တရွဲရွဲဖြစ်ကာ နှာချေနေတတ်သည်။


ဘရန်ဒန် ဟန်နာမန်းတွင် မြေပဲအလာဂျီရှိသည်။ မန်နေဂျာကင်တွင် ပိုလန်အလာဂျီရှိပြီး မျက်လုံးတစ်ခုလုံး နီရဲနေတတ်သည်။ စက်ဘီးစီး ဦးထုပ်ဆောင်း၊ အားကစားဝတ်စုံဝတ် ရုံးသို့စက်ဘီးစီးလာတတ်သည့် လီဆာ။ မတ်ထရူးသည် Business Analyst ပီသကာ သူရှိလျှင် တရုံးလုံး သူ့အသံများနှင့် ဆူညံနေတတ်သည်။ တန်ပါသောမတ်သည် အမျိုးသမီး System Administrator ဖြစ်ပြီး ဆံပင်ပုံစံအမျိုးမျိုး ပြောင်းလေ့ရှိသည်။ Office Manager ဘာဘရာသည် ပေါင်းသင်းဆက်ဆံရေးကောင်းပြီး တရုံးလုံးက အားထားရသူဖြစ်သည်။ ရုံး၏ သက်တော်ရှည်မှာ Customer Service Desk မှ ဗီယက်နမ် သက်ငုယင်ဖြစ်သည်။ ဒီအိုအယ်ရုံးထိုင်ပြီး ရုံးသို့ကိစ္စရှိမှလာတတ်သည့် တောင်အာဖရိကတိုက် Guinea နိုင်ငံမှ အာဘူး၊ အီဂျစ်မှ အာမက်၊ အလီ။ တစ်နှစ်တွင် တစ်ခေါက်လောက်သာ တွေ့ရတတ်သည့် စီအီးအို စတိဗ်။

စတိတ်ရောက်နေသည်မှာ နှစ်သုံးဆယ်နီးပါး ရှိနေသည့် တရုတ်မကလဲယားနှင့် သောကြာနေ့ဆိုလျှင် တရုတ်တန်း စားသောက်ဆိုင်များဆီသို့ ခြေဆန့်ကြသည်။ ယူနီယမ်စတေးရှင်းတွင် လျှော့ပင်းကြသည်။ တခါတရံ နာမည်ကြီး ဗီယက်နမ် ဖော်ဆိုင်ဖြစ်သည့် ဗာဂျီးနီးယားပြည်နယ် အာလင်တန်မြို့ ဖော် ၇၅ ဆိုင်သို့ သွားကြသည်။ တခါတရံ ပတ်တိုးမတ်မြစ်ဘေးတလျှောက် လမ်းလျှောက်ကြပြီး ဂျော့တောင်းတက္ကသိုလ်ဆီ သွားရောက်လည်ပတ်သည်။ ပတ်တိုးမတ်စ်မြစ်ကို ဖြတ်ကျော်ပြီး ရိုစလင်ထိ  ၄ နာရီနီးပါး လမ်းလျှောက်ကြသည်။ ကလဲယားက ဒီစီသို့ နောက်ထပ် ၂ နာရီ လမ်းလျှောက်ပြန်နိုင်သေးသော်လည်း ကလဲယားထက် အနှစ်၂၀ မျှ ငယ်သည့်သူ ကိုယ်က လမ်းမလျှောက်နိုင်တော့သောကြောင့် ရထားစီးပြန်ခဲ့ရဖူးသည်။


ကလဲယား၏ ခေါက်၍ရသည့်စက်ဘီးကို ကယ်ပီတယ်နောက်တွင် စီးခဲ့ဖူးသည်။ သောကြာနေ့ညနေစောင်းတွင် ကယ်ပီတယ်မှ နေရှင်နယ်မောလ်တလျှောက် တွေ့မြင်သမျှ ဓာတ်ပုံရိုက်လေ့ရှိသည်။ တိုင်တန်ဘေစင်ကန် တပတ်လျှောက်သည်။ နေရှင်နယ်အာခိုက်ပြတိုက်တွင် လွတ်လပ်ရေးကြေငြာ မူရင်းစာတမ်းရှိသည်။ လွန်ခဲ့သော နှစ်ပေါင်းတစ်ရာကျော်ခန့်က စာရေးမူများကို တွေ့မြင်ရသောအခါ ထိန်းသိမ်းထားနိုင်စွမ်းကို မချီးမွမ်းဘဲ မနေနိုင်။ ထိုပြတိုက်သည် ကင်မရာရိုက်ခွင့်မပြ ုသလို ရှေးလက်ရေးမူများ တာရှည်ခံစေရန် အခန်းတိုင်းသည် အနည်းငယ်မှောင်ပြီး အနည်းငယ်အေးမြသည်။ အမျိုးသားဂယ်လာရီပြတိုက်တွင် ပန်းပု၊ ပန်းချီ၊ ဗီရိုများကို တွေ့နိုင်သည်။ အလင်း၊ အမှောင် ပိုင်နိုင်လွန်း၊ ရုပ်လုံးကြွပြောင်မြောက်သည့် ပန်းချီကားများကို မှင်တက်မိသွားဖူးသည်။

ကက်သလစ်ယူနီဗာစတီအော့ဖ် အမေရိကားဘေးတွင်ရှိသော ဘက်စီလီကာအမျိုးသား ဘုရားရှိခိုးကျောင်း အဆောက်အဦးသည် လက်ရောက်ပြောင်မြောက်လွန်းသည်။ လူဖြူလူမည်း ခွဲခြားခြင်း၊ အမျိုးသမီးများ မဲပေးခွင့်ရအောင် လမ်းပွင့်စေခဲ့သည့် မာတင်လူသာကင်း၏ သမိုင်းဝင် I have a dream မိန့်ခွန်းပြောကြားသည့် ဝါရှင်တန်ချီတက်ပွဲကို အစဉ်အလာမပျက် ကျင်းပသည်။ အိမ်ဖြူတော်နောက်ဖက်တွင် ဆိုင်းပုဒ်ကိုင်ဆန္ဒပြသူများကို အမြဲလိုလိုတွေ့နိုင်သည်။ ပန်းရောင်စုံများ၊ ရေပန်းများဖြင့် တင့်တယ်လှပ သန့်ရှင်းသည်။ ထိုမြို့လေးတွင် ဝါသနာတူသူများ စုပေါင်းလုပ်ဆောင်ကြသည့် အသင်းအဖွဲ့များရှိသည်။ ကယ်ပီတယ်ဟိုက်ကင်းကလပ်ဖြင့် ရှယ်နယ်ဒိုးဝါးတောင် တက်ဖူးသည်။ မတူကွဲပြားသည့် အစားအသောက်မျိုးစုံကို မြည်းစမ်းနိုင်သည်။

National Museum of Natural History

အစိုးရဘတ်ဂျက် ဖြတ်သောကြောင့် ပြတိုက်စောစောပိတ်သည်။ လိုင်ဘရီအော့ဖ် ကွန်ဂရက်၊ ဘော်တနစ်ဂါးဒင်းသို့ ထပ်မံသွားရောက် လည်ပတ်သည်။ နွေဦးနှင့်နွေရာသီတွင် သစ်ပင်များ စိမ်းလန်းဝေဆာပြီး ဆောင်းဦးရာသီတွင် သစ်ရွက်များ အဝါရောင်၊ အနီရောင်ပြောင်းကာ အလွန်လှပသည်။ ဖယ်ဒရယ်အစိုးရ ရှပ်ဒေါင်းချိန် ကယ်ပီတယ်တွင် သတင်းထောက်များ ဝိုင်းအုံနေသည်။ ညဉ့်နက်သန်းခေါင်တိုင်အေင် ရီဘာပလင်ကန်နှင့် ဒီမိုဂရက် အကြိတ်အနယ် ဆွေးနွေးငြင်းခုန်နေသောကြောင့် ကယ်ပီတယ်သည် မီးထိန်ထိန်လင်းနေသည်။

ဖယ်ဒရယ်အစိုးရ ရှပ်ဒေါင်းစဉ် ရှပ်ဒေါင်းလိုက်သောရုံးသည် ဖယ်ဒရယ်အစိုးရ ပြန်ဖွင့်သော်လည်း ပြန်ဖွင့်မလာတော့။ ဒီအိုအယ်နှင့် ကွန်းထရပ် မတိုးမှန်း သိနှင့်နေသောကြောင့် လေးအော့ဖ်ဖြစ်သည့်အခါ ထူးထူးထွေထွေ မခံစားမိ။ စောင့်ရှောက်ကူညီ သွန်သင်ဆုံးမတတ်ရုံမက ပြည်နယ်သုံးခု၊ မြစ်နှစ်ခုဆုံသည့် ဟာပါးဖယ်ရီရောက်ဖူးအောင် ပို့ဆောင်ပေးသည့် ကလဲရားလို မိတ်ဆွေ၊ သူငယ်ချင်းကောင်းတစ်ယောက်ကို ထိုရုံးလေးမှ ရရှိခဲ့သည်။

World War II Memorial

အလုပ်သစ်ရှာဖွေချိန် ထိုမြို့လေးသို့ မရောက်ဖြစ်။ သို့သော် တီဗွီဖန်သားပြင်တွင် ထိုမြို့လေးအကြောင်း အမြဲလိုလို တွေ့နေရတတ်သည်။ ထို့မြို့လေးကို နှစ်သက်သောကြောင့် မေရီလန်းတွင် အလုပ်ရချင်သော်လည်း အလုပ်အော်ဖာ ပေးလာသောမြို့သို့ ပြောင်းရွှေ့ရဖို့ ဖန်လာပြန်သည်။ ဘုရင်နေသောမြို့သို့ ပြောင်းရွှေ့စဉ် ကြောက်စိတ်လုံးဝမရှိသလို ဆူနမ်တို့ဆီ ပြောင်းရွှေ့လာချိန်တွင်လည်း စိတ်ချက်လက်ချ အေးအေးဆေးဆေး ရှိနေခဲ့သည်။ သို့သော် ယခုပြောင်းရွှေ့ရမည့်မြို့သည် တခြားမြို့များနှင့် ကွာခြားလွန်းသောကြောင့် စိတ်အေးလက်အေး ရှိမနေခဲ့။ နောက်ဆုံးအကြိမ် ထိုမြို့လေးသို့ သွားရောက်လည်ပတ်သောအခါ ဆောင်းရာသီဖြစ်သောကြောင့် သစ်ပင်များ မည်းမည်းခြောက်ခြောက် ဖြစ်နေသော်လည်း ထိုမြို့လေးအလှ နည်းနည်းလေးမှ မယွင်းခဲ့။

အစိုးရရုံးစိုက်ရာမြို့ဖြစ်သော ထိုမြို့လေးတွင် မိုးမျှော်တိုက်များမရှိ။ ရှေးဟောင်းလက်ရာ အဆောက်အဦးများဖြင့် လှပခန့်ညားသည်။ ထိုမြို့လေးတွေင် သမ္မတနေထိုင်သည့် အိမ်ဖြူတော်ရှိသည်။ အရေးကြီးသည့် ဥပေဒများ တင်သွင်းငြင်းခုန် အတည်ပြုကြသည့် ဆီးနိတ်နှင့်ဟောက်စ်ရှိရာ အမိုးခုံးဖြူဖြူ လှပခန့်ညားသည့် ကယ်ပီတယ်ရှိသည်။ ကြီးကျယ်ခမ်းနားလှပသည့် ဘုရားကျောင်းများ ရှိသည်။ မြို့တော်ကို ဖြတ်သန်းပြေးဆွဲသည့် သန့်ရှင်းစနစ်ကျသည့် မီးရထားစနစ်ရှိသည်။ ပြတိုက်တော်တော်များများသည် အခမဲ့ဖြစ်သည်။  ဝင်ကြေးပေးရသည့် စပိုင်ပြတိုက်၊ မော့က်ဗာနွန်တို့ကို သွားမလည်ဖြစ်ခဲ့။ ထိုမြို့လေးတွင် လည်ပတ်စရာများ မကုန်ခန်းနိုင်အောင် ရှိသည်။

Washington Monument

ခြင်္သေ့ကျွှန်းကို လာစဉ်တုန်းက မျက်ရည်တစက်မှ မကျခဲ့။ သို့သော် ယူအက်စ်ကိုလာစဉ်  ခြင်္သေ့ကျွှန်းမှ ဟောင်ကောင်အထိ ငိုကြွေးနေခဲ့ဖူးသည်။ ဟောင်ကောင်မှ ချီကာဂိုခရီးစဉ်တွင် မျက်ရည်တိတ်သွားသည်မှာ ကြီးမားသည့်ဘိုးအင်း ၇၄၇ လေယာဉ်ကို စူးစမ်းချင်စိတ်၊ လူတွေအများကြီးရှိနေသောကြောင့် ဖြစ်လိမ့်မည်။ ဒုတိယအကြိမ် ငိုကြွေးရသည်ကတော့ ဆူနမ်၊ ရာမား၊ မိုင်းတို့ ကျောင်းကထွက်ခွာသွားစဉ်တုန်းက။ ချစ်သူရဲ့မြို့က ထွက်ခွာလာခဲ့စဉ် မငိုကြွေးခဲ့။ တတိယအကြိမ် ငိုရသည်ကတော့ ယူအက်စ်တွင် ပထမဆုံးအလုပ်ဖြစ်သည့် ကန်တက်ကီရုံး နောက်ဆုံးနေ့။ ဘုရင်နေသောမြို့မှ ထွက်ခွာလာခဲ့စဉ် မငိုကြွေးခဲ့။ ရင်နာနာဖြင့် ငိုကြွေးရလွန်း၍ မျက်ရည်များ ကုန်ခမ်းသွားပြီလား၊ ဘတ်စ်ကားခ သက်သာပြီး ၄ နာရီ ခွဲ ကားစီးရုံမျှဖြင့် အချိန်မရွေး ရောက်နိုင်သည်ဖြစ်သောကြာင့် ထိုမြို့လေးမှ ထွက်ခွာစဉ် ငိုကြွေးလိမ့်မည်ဟု မထင်မိ။

ရုံးကိုလည်း မတွယ်တာ၊ နေထိုင်သည့်မြို့ကိုလည်း မတွယ်တာဘဲ နွေဦးတွင် ချယ်ရီဝေသောမြို့ကလေးကို တွယ်တာသည်ကတော့ ထူးဆန်းလှသည်။ ထိုမြို့လေးတွင် ဝင်ကြေးအခမဲ့ ပြတိုက်များစွာ ရှိသည်။ မြို့လေးတခွင် စက်ဘီးနှင့် လှည့်လည်နိုင်သည်။ ပတ်တိုးမတ်မြစ်ကမ်းဘေးတလျှောက် စက်ဘီးစီး၊ အပြေးလေ့ကျင့်၊ လမ်းလျှောက်နိုင်သည်။ ပတ်တိုးမြစ်တလျှောက် သင်္ဘောစီးကာ မြို့အလှကို ခံစားနိုင်သည်။ မြစ်ထဲတွင် ကနူးလှေလှော်၊ Rafting လုပ်နိုင်သည်။ အနီးအနားရှိ ဗာဂျီးနီးယားပြည်နယ်၊ မေရီလန်းပြည်နယ်ဖက်ရှိ တောင်များကို တက်နိုင်သည်။ အမျိုးသားဥယျာဉ်များစွာ ရှိသည်။ အစားအသောက်မျိုးစုံ မြည်းစမ်းနိုင်သည်။ အနုပညာ၊ ပြဇာတ်ပွဲများ ရှိသည်။ လျှော့ပင်းမောလ်များစွာ ရှိသည်။ ထိုမြို့လေးတွင် လေ့လာစူးစမ်းချင်စိတ်၊ အံ့သြမူများ၊ ဆွဲငင်မှုများနှင့် ဖမ်းစားလွန်းလှသည်။

White House

မိုးမျှော်တိုက်ကြီးများ၊ ရထားများ၊ လူများ အလွန်ရှုပ်၊ တက်သုတ်နှင်၊ ခံစားချက်မဲ့ မျက်နှာသေများ၊ နှုတ်ခွန်းမဆက် ညမအိပ်သည့် ကွန်ကရစ်ဂျမ်းဂဲမြို့တွင် မောပန်းနွမ်းနယ်၊ စိတ်နှလုံး ညစ်နွမ်းလာခဲ့လျှင် ပတ်တိုးမြစ်ပေါ် ဖြတ်သန်းတိုက်ခတ်လာသည့် လတ်ဆတ်သော လေပြည်လေညင်းကို ရှုရှိုက်ဖို့၊ နွေဦးတွင် ချယ်ရီဝေသောတစ်နေ့ ချယ်ရီမြို့လေး၏ရင်ခွင်ဆီ မှေးစက်အနားယူဖို့ ပြန်ခဲ့ဦးမည် ထင်ပါသည်။

စန်းထွန်း
ဒီဇင်ဘာ ၆ ၊ ၂၀၁၃။

သတင်းတွင် အမြဲပါသည့် ချယ်ရီမြိ  ု့လေးမှ ထွက်ခွာသောနေ့ အမှတ်တရ

ရေးခဲ့ဖူးတဲ့မြို့တွေ
ချစ်သူရဲ့မြို့
ဘုရင်နေသောမြို့

P.S ဒီစီသွားတောလား၊ All About DC စီးရီးပို့စ်ကနေ ဒီစီရဲ ့အထင်ကရ နေရာတွေကို မြင်ဖူးကြမှာပါ။ ဆောင်းရာသီ သစ်ပင်မှာ သစ်ရွက်တွေ မရှိတော့တဲ့အချိန်မို့ မြင်ကွင်းရှင်းနေတယ်။ သွားလည်ခဲ့သမျှထဲမှာ ဒီတခေါက်က လူအရှင်းဆုံး။ ကိုယ့်နောက်ဆုံးအခေါက်ပေမဲ့ ဇာရာ့ရဲ့ ပထမဆုံးအခေါက်။ တယောက်တည်း တိုးရစ်တာများတာမို့ ဒီတခေါက်မှ ဇာရာ့ကြောင့် ဓာတ်ပုံရိုက်ဖြစ်တော့တယ်။ ဒီနေ့ စတိတ်ရှိုးတွေနဲ့ ကယ်ပီတယ်ရှေ့က ခရစ်စမတ်သစ်ပင်ကို မီးစထွန်းညှိတယ်လို့ သတင်းမှာ တွေ့လိုက်တယ်။ ဒီစီရဲ့ခရစ်စမတ်၊ နှစ်သစ်ကူးချိန် ညအလှတွေကို ဓာတ်ပုံမရိုက်ဖူးသေးဘူး။ တစ်နေ့နေ့ပေါ့။

နယူးယောက်သွား တောလား - ၂

လွန်ခဲ့တဲ့အပတ် နိုဝင်ဘာ ၂၁ ကြသပတေးနေ့က ဖေ့တူဖေ့ အင်တာဗျူးဖို့ နယူးယောက်မြို့ကို ရောက်ခဲ့တော့ ဒီတောလားလေး ရေးဖြစ်ပါတယ်။ တနင်္လာနေ့ ဖုန်းအင်တာဗျူးအောင်လို့ ဖေ့တူဖေ့အင်တာဗျူး ဘယ်တော့လာနိုင်မလဲဆိုတော့ ကြသပတေးနေ့လာမယ်လို့။ ဇူလှိုင်တုန်းက တစ်ခေါက်ရောက်ဖူးပြီးသားမို့၊ ဘတ်စ်ကားဂိတ်ကနေ ရုံးကို ရထားထပ်စီးစရာမလိုဘဲ လမ်းလျှောက်ရုံနဲ့ ရတာမို့ စိတ်မပူဘူး။ ဝါရှင်တန်ဒီစီကနေ ဂရေးဟောင်းဘတ်စ်ကားနဲ့ မနက်သွားပြီး ညနေပြန်လာ ဘတ်စ်ကားခက ပုံမှန်ကို ၇၀ ကျော်ပေမဲ့ တစ်ရက်စောဘွတ်လို့ ၃၈ ကျပ်။ အခန်းဖော် ဇာရာကို လိုက်မလားခေါ်တော့ နယူးယောက်မရောက်ဖူးလို့ လိုက်ချင်တယ်တဲ့။

ကိုယ်က အင်ပါယာစတိတ်အဆောက်အဦးပေါ်တက်ပြီး အထပ်အမြင့် ၈၀ ကနေ နယူးယောက်မြို့ကြီးကို အပေါ်စီးက ကြည့်ချင်တာ။ လက်မှတ်က ၂၇ ကျပ် မနက် ၈ နာရီ နေ့လည် ၂ အထိပဲ ဖွင့်တယ်။ ဒီစီကနေ မနက် ၇ နာရီ ထွက်မှာ နယူးယောက်ကို နေ့လည် ၁၁ နာရီခွဲ ရောက်မှာ ၄ နာရီခွဲ မောင်းရတယ်။ ဒါတောင် ကားလမ်းမကျပ်မှ။ နေ့လည်စာ စားပြီးရင် နေ့လည် ၁၂ ကျော်နေပြီ လမ်းလျှောက်မှာနဲ့ ဘာနဲ့။ အင်ပါယာအဆောက်အဦးကို နောက်ဆုံးတက်တဲ့ ဓာတ်လှေကားက နေ့လည် ၁ နာရီ  ၁၅။


ခြွေတာရတဲ့ကျောင်းသူ ဇာရာက အင်ပါယာအဆောက်အဦးကို မတက်ချင်ဘူး။ ဖရီးဖြစ်တဲ့ ဝေါထရိတ်စင်တာကို သွားရအောင်တဲ့။ တိုင်းစကွဲယားကနေ ဝေါထရိတ်စင်တာအထိကို မြေအောက်ရထားစီးရမှာ။ ကြာချိန်က မိနစ် ၂၀ ဆိုပေမဲ့ လက်မှတ်ဝယ်မှာနဲ့၊ ဘယ်ရထားကို စီးရမှန်းမသိနဲ့  မိနစ် ၂၀ ခရီးဟာ ၁ နာရီလောက် ကြာမယ်။ ရောက်ရင် တန်းစီရမှာနဲ့ လည်ပတ်မှာနဲ့ နေ့လည် ၂ နာရီ အင်တာဗျူးမှီအောင် ပြန်ရမှာနဲ့ ကိုယ်က မသွားချင်ဘူး။ ဇာရာက ကိုယ်အင်တာဗျူးနေတုန်း သူ သွားချင်တယ်တဲ့။ နယူးယောက်ကို မရောက်ဘူး၊ နယူးယောက်ရထား ဘယ်လောက်ရှုပ်တယ်ဆိုတာ သူ မသိသေးလို့။ ကိုယ်က စိတ်မချဘူး လမ်းပျောက်သွားရင်၊ တခုခုဖြစ်ရင် အိမ်ရှင်ရှယ်ရွန်ကို ဘယ်လိုပြောရပါ့။ ဇာရာက ရှယ်ရွန့်တူမ ကိုယ့်နောက်လိုက်တာဆိုတော့ ကိုယ့်မှာ တာဝန်ရှိတယ်လေ။

မသွားပါနဲ့ မမလေးရယ် ကိုယ် အင်တာဗျူးနေတုန်း တိုင်းစကွဲယားမှာပဲ ပတ်နေပါဆိုတော့ အင်းတဲ့။ စမတ်ဖုန်းမကိုင်တဲ့ သူ့အတွက် မြေပုံ၊ ကိုယ့်အင်တာဗျူးရုံးရဲ့လိပ်စာ၊ ဘတ်စ်ကားဂိတ်လိပ်စာတို့ကို ပရင့်ထုတ်ပေးရတယ်။ လူကွဲသွားရင်၊ လမ်းပျောက်သွားရင် တက္ကစီငှားပြီး လာလို့ရအောင်။ ကိုယ်ကသာ ပူတာ သူကတော့ အေးဆေးပဲ။ မနက် ၅ နာရီခွဲ ထ၊ ကားကို ပါကင်းမှာထားခဲ့၊ မနက် ၆ နာရီ ရထားစီး ယူနေယမ်ဘူတာမှာဆင်း၊ ကားဂိတ်က ဘယ်မှာမှန်းမသိလို့ သွားမေးတော့ အပေါ်ထပ်မှာတဲ့။ ဟုတ်ပါ့ အပေါ်ထပ်မှာ Greyhound ၊ Mega ၊ Bolt ကားဂိတ်တွေ ရှိတယ်။ ရှယ်ရွန်က ဂရေးဟောင်းဘတ်စ်ကို လူတွေမစီးကြတော့ဘူးတဲ့ သူက ဟိုးအရင်တုန်းက ဘတ်စ်ကား။ ခု Bolt ဆိုတာ စီးကြတယ်တဲ့။


ကိုယ်ကတော့ အိုင်အိုဝါပြည်နယ်ကနေ အင်ဒီးယားနားပြည်နယ် ဖို့ဝိန်း၊ အိုဟိုင်းရိုးပြည်နယ် စင်စင်နာတီ၊ ကန်တက်ကီပြည်နယ် လူဝီဗီလ်၊ မေရီလန်း ဖရက်ဒရစ်တွေကို ဂရေးဟောင်းဘတ်စ်နဲ့ သွားတာ။ ကိုယ်ကျောင်းတက်တဲ့ အိုင်အိုဝါပြည်နယ်က ဖဲဖီးလ်ဆိုရင် မြို့သေးသေးလေးမို့ ဂရေးဟောင်းဘတ်စ်ပဲ ရောက်တယ်။ နယူးဂျာစီ ပြည်နယ်ဖက်ခြမ်းကနေ မိုးမျှော်တိုက်တွေ မြင်ရတယ်။ ကားပေါ်မှာ ကိုယ်တို့နှစ်ယောက်ပဲ ဓာတ်ပုံတွေ တဖျပ်ဖျပ်ရိုက်ကြတယ် နယူးယောက်ကို မရောက်ဖူးမှန်း သိသာလိုက်တာ း) ။

ဇူလိုင် ၄ လွတ်လပ်ရေးနေ့ နယူးယောက်ကို လာတုန်းက နယူးဂျာစီပြည်နယ် Newark Penn Station ပန်စတေရှင်း ဘူတာနားမှာ ကားကိုပါကင်းခဲ့ပြီး အဲဒီဘူတာကနေ New York Penn Station အထိ ရထားစီးတာ။ ခုဘတ်စ်က Lincoln Tunnel လင်ကွန်းမြေအောက်လှိုဏ်ခေါင်းကနေ ဖြတ်လိုက်ရင်ပဲ မက်ဟန်တန်မြို့လယ်ခေါင်ရောက်တယ်။ လှိုဏ်ခေါင်းအဝမှာ ကားတွေဆောင့်တတ်လို့ ဖြေးဖြေးသတိထားမောင်းဖို့ သတိပေးဆိုင်းဘုတ်တွေ တွေ့တယ်။ လှိုဏ်ခေါင်းက တော်တော်ကျဉ်းတယ်။ ဟောင်ကောင်ကျွှန်းမကြီးကနေ Kowloon ကုန်လုံဖက်ခြမ်းကို Cross - Harbour Tunnel ကနေ ဖြတ်တော့ တက္ကစီသမားက ခု တို့တွေ ပင်လယ်ရေအောက်ထဲက ဖြတ်နေတာ၊ ဒီလှိုက်ခေါင်းက ၁၉၇၂ မှာ ဗြိတိသျှတွေ ဆောက်လုပ်ဖွင့်လှစ်ခဲ့တာ။ ကမ္ဘာနဲ့ ဟောင်ကောင်မှာ အမြဲကျပ်တဲ့လမ်းတွေထဲက တစ်ခုလို့ပြောတာ သတိရသွားတယ်။


လင်ကွန်းလှိုဏ်ခေါင်းကို ဘယ်တုန်းက ဆောက်ခဲ့လည်းဆိုတာ ဂူဂယ်မှာရှာကြည့်တော့ ၁၉၃၄ မှာ စဆောက်ပြီး ၁၉၃၇ မှာ ဖွင့်လှစ်ခဲ့တာဆိုတော့ ဟောင်ကောင်က Cross - Harbour Tunnel ထက် ပိုစောတာပေါ့။ Hudson ဟတ်ဆန်မြစ်ကို ဖြတ်ကျော်ပြီး နယူးဂျာဆီကနေ စီးပွားရေးအချက်အချာကျတဲ့ မက်ဟန်တန်ကို ဆက်သွယ်ထားတဲ့ မြေအောက်လှိုဏ်ခေါင်းနှစ်ခုက လင်ကွန်းနဲ့ ဟော်လန်။ သမ္မတအေဘရာဟမ်လင်ကွန်းကို အစွဲပြု အမည်ပေးထားတာဖြစ်ပြီး တစ်နေ့ကို ကားအစီးပေါင်း တစ်သိန်းကျော် ဖြတ်တယ်လို့ ဆိုပါတယ်။

ဘတ်စ်ကားဂိတ်က တက်ရင်ပဲ နာမည်ကျော်ကြားတဲ့သူတွေရဲ့ ပုံတူဖယောင်းပြတိုက်ရှိတဲ့ Madame Tussauds ဘေးက မက်ဒေါနယ်မှာ နေ့လည်စာစားတယ်။ ပထမတစ်ခေါက်လာတုန်းကလည်း အဲဒီမှာ နေ့လည်စာစားတာ။ ပြီးတော့ တိုင်းစကွဲယား သွားတယ်။ ရုံးတက်ရက် နေ့လည်ချိန်မို့ တူပါရဲ့ လူရှင်းနေတယ်။ မစ်ကီမောက်အရုပ်တွေက ဘေးမှာလာဓာတ်ပုံရိုက်ခံတယ် ပြီးတော့ တဖ်စ်တောင်းတယ် ပိုက်ဆံအကြွေမပါဘူးလို့ ငြင်းရတယ်။ နောက် အရုပ်တွေတွေ့တိုင်း ဓာတ်ပုံရိုက်ရမှာ ခပ်လန့်လန့်ရယ် တော်ကြာ တစ်ဖ်လာတောင်းနေမှ ။ နယူးယောက်ရဲ့ အမှတ်အသားတွေဖြစ်တဲ့ နယူးယောက်တိုင်းမ်သတင်းစာနဲ့ အဝါရောင်တက္ကစီ။


ကိုယ်တို့အသည်းခိုက်တဲ့ ကာတွန်းဇာတ်လိုက်လေးတွေ ဖန်တီးတဲ့ ဒစ်စနေဆိုင်ကို ဝင်ကြတယ်။ ကလေးတွေ မပြောနဲ့ လူကြီးဖြစ်တဲ့ ကိုယ်တွေတောင် လိုချင်တယ်။ တစ်ခုဝယ်ရင် နောက်တစ်ခုကို တစ်ကျပ်ပဲ ပေးရမယ်၊ နှစ်ခုဝယ်ပြီး နှစ်ယောက်ရှယ်ရင် သက်သာတယ် တစ်ယောက်တစ်ယောက် ဝယ်ရအောင်တဲ့ ဇာရာက။ ခုနေ ဝယ်ထားရင် လမ်းတလျှောက် သယ်နေရမှာ အပြန်ကျမှ ဝယ်မယ်လေ။ လှေကားအဆင်းမှာ မီးလုံးလေးတွေ ဆင်ထားတာ အတော်လှတယ်။

ဆိုင်ခန်းသေးသေးလေးတွေမှာ စည်ကားနေတာတွေ့တော့ ဝင်ကြည့်ကြတယ်။ အရှေ့အလယ်ပိုင်းဒေသက ဖန်တွေ၊ ကျောက်တွေနဲ့ လုပ်ထားတဲ့ မီးဆိုင်း၊ အိုးလေးတွေ အတော်လှတယ်။ ဓာတ်ပုံရိုက်လို့ရလားဆိုတော့ ဘယ်လုပ်မလို့လဲတဲ့။ ဘာမှမဟုတ်ပါဘူး ဟိုရိုက်ဒီရိုက် လှလို့ရိုက်တာဆိုတော့ စီးပွားရေးလုပ်ငန်းအတွက် မဟုတ်ရင်ရတယ်တဲ့။ စကိတ်စီးနေကြတာ သွားငေးတယ်။ ကလေးကို စကိတ်စီးသင်ပေးနေတဲ့  အမျိုးသမီးတစ်ယောက်က ကိုယ့်မျက်လုံးထဲ လာချိတ်လို့ သူ့ပုံတော်တော်များများ ရိုက်ဖြစ်တယ်။ ကိုယ့်ဆန္ဒတစ်ခုက အဲဒီလို စကိတ်စီးဖူးချင်တာ။ ခုတော့ စီးလို့မဖြစ်သေးဘူး အင်တာဗျူးသွားဖြေရဦးမယ်။ အန်ကယ်တစ်ယောက် လဲကျလို့ ကျန်းမာရေးစောင့်ရှောက်မှု ပေးတဲ့သူတွေ ကူညီနေတာ တွေ့တယ်။


၁ နာရီကျော်နေပြီမို့ အင်ပါယာအဆောက်အဦးဆီ မသွားတော့ဘဲ အင်တာဗျူးသွားဖို့ ဝေါကင်းရှူးဖိနပ်ကို အိတ်ထဲထည့် လေဒီရှုးထုတ်စီး။ ဇာရာက ကိုယ့်အင်တာဗျူးရုံး ဘယ်နားမှာလဲဆိုတာ သိချင်လို့လိုက်တယ်။ Concrete Jungle ထဲက အိုအေစစ်သစ်ပင်လေးတွေ တွေ့တယ်။ အင်တာဗျူးပြီးတော့ အဲဒီစကိတ်ကွင်းမှာ ပြန်ဆုံဖို့ ချိန်းထားတယ်။ အဲဒီစကိတ်ကွင်းက ဖရီး ဖိနပ်ငှားလို့လည်း ရတယ်တဲ့။ ကိုယ် အင်တာဗျူးဖြေနေချိန်မှာ ဇာရာက စာကြည့်တိုက်မှာ စာသွားဖတ်နေတယ်တဲ့။ အင်ပါယာအဆောက်အဦးရှေ့သွားပြီး ဓာတ်ပုံရိုက်ကြတယ်။ ဆောင်းဦးရာသီဆို အိမ်ရှေ့တွေမှာ အလှဆင်ထားတတ်တဲ့ ရွှေဖရုံသီး၊ ပြောင်းဖူး၊ ရိုးပြတ်တွေကို လမ်းဘေးသစ်ပင်အောက်မှာ ချထားပြီး အလှဆင်ထားတာတွေ့တော့ ရိုက်တယ်။ အဲဒီ 5th Ave လမ်းတလျှောက် ဘရန်းတွေချည်းပဲ။ ကိုယ်တို့လား လျှော့ပင်းဖို့ နေနေသာသာ ဝင်းဒိုးလျှော့ပင်းတောင် မလုပ်ဘူး။

Zara ဆိုင်ကို နေရာတိုင်းနီးပါးတွေ့လို့ ဇာရာတစ်ယောက် ဇာရာဆိုင်ကို အားပေးသင့်တယ်နော်ဆိုတော့ ပိုက်ပိုက်မရှိတဲ့။ Chrysler Building ကို သွားမယ်ဆိုတော့ ကိုယ်က ဖုန်းမှာ ရိုက်ထည့်တယ်။ ဇာရာက လူတွေကို သွားမေးတယ် နှစ်ဘလောက်လျှောက် ညာကွေ့တဲ့။ ကိုယ်က ညာကွေ့ဖို့ပြင်တော့ နောက်က လမ်းညွှန်တဲ့အတွဲက နောက်တစ်ဘလောက် ထပ်လျှောက်တဲ့။ ဓာတ်ပုံရိုက်ဖို့ပြင်၊ လမ်းကူးဖို့ပြင်တော့ သူတို့ကို ကျေးဇူးတင်ကြောင်း လှမ်းပြောဖို့ရှာတော့ You got it ဆိုပြီး လက်မထောင်ပြသွားတယ်။ ဒီလိုကူညီတတ်တဲ့ နယူးယောက်သားတွေလည်း ရှိပါသေးလား။ ကိုယ့်ကတော့ Chrysler အဆောက်အဦးက ပိုလှတယ်လို့ မြင်တယ်။ အဲဒီအဆောက်အဦးနား လျှောက်သွားတော့ ရှေးဟောင်းလက်ရာအဆောက်အဦးနဲ့ တံတားတစ်ခုတွေ့တယ်။ လှလိုက်တာ Grand Central Terminal တဲ့။


မီးရောင်စုံပြိုးပျပ်နေတဲ့ တိုင်းစကွဲယားနဲ့ ဒစ်စနေဆိုင်ကို မဝင်နိုင်တော့ဘူး။ ၄ နာရီခွဲနေပြီ ကားက ၅ နာရီခွဲ ဆိုပေမဲ့ ၅ နာရီ ရောက်နေရမှာ။ စတားဘာ့ခ်ဆိုင်မှာ ကော်ဖီနဲ့ ကိတ်ဝယ်ပြီး ကားဂိတ်ကိုပြေး။ နှစ်ထပ်၊ သုံးထပ်ဆင်းတာလည်း မတွေ့သေးလို့ ထိုင်နေတဲ့သူတစ်ယောက်ကို ဘတ်စ်ကားဂိတ် ဘယ်မှာလည်းလို့ သွားမေးတာ လမ်းတော့ညွှန်ပါရဲ့ ကားလက်မှတ်ပြဆိုလို့ မြန်မြန်လစ်ရတယ်။ ရဲကိုသွားမေးတော့ အသေအချာ လမ်းညွှန်တယ်။ ၅ နာရီခွဲ အချိန်အတိအကျထွက်တယ် လက်မှတ်နဲ့ ကားမောင်းလိုင်စင် ၊ အိုင်ဒီမရှိတဲ့သူတွေက ပတ်စ်ပို့ပြရတယ်။ သြော် နယူးယောက်ကိုး စစ်ကျူရတီ တင်းကျပ်ပါဘိ။ ညမှောင်မှောင် ဘာမှမမြင်ရ တလမ်းလုံး စကားတွေပြောလာတာဆိုလို့ တစ်ကားလုံးမှာ ကိုယ်တို့နှစ်ယောက်တည်း သူများတွေကတော့ အိပ်လို့။ သြော် ဒီကလေးမတွေနှယ် ပြော ပြောနိုင်လွန်းပါဘိ ပါးစပ်များ မညောင်းလေရော့သလား အိမ်မှာလည်း မတွေ့ရရှာဘူးကိုး ။

Empire State Building

ဓာတ်ပုံတွေကို ဖေ့ဘွတ်မှာတင်တော့ ဆြာဟန်က "ပဲလေးဘာလေး ညှစ်စမ်းပါ စန်းထွန်းရယ်...တကတည်း စစ်ရေးပြပုံတွေ ကျနေတာပဲ...သည်လိုသာလုပ်နေရင် စွံဦးမှာ မဟုတ်သေးပါးဘူး..." တဲ့။ ဟုတ်ပါ့ အေးလို့ လက်ကိုအင်္ကီျအိတ်ထဲ ထည့်ထားတော့ ကုတ်င်အင်္ကီျကလည်း စစ်ကုတ်င်္ကီျစတိုင်ဆိုတော့ စစ်ရေးပြနေတဲ့အတိုင်း။ နွေရာသီရောက်မှ ပဲလေးဘာလေး အတင်းညှစ်ထုတ်ပြီး မော်ဒယ်တွေလို ပို့စ်ပေးရမယ် း) ။ သောကြာနေ့မှာတော့ အောဖာပေးချင်ပါတယ်၊ ဘတ်စ်ကားခကိုလည်း ချက်နဲ့ပေးမယ်လို့ ဖုန်းဆက်လာပါတယ်။ နယူးယောက် အော်ဖာရတယ်ဆိုတော့ ဇာရာက တော်တော်ဝမ်းသာတယ် နယူးယောက်ကို လာလည်မယ်တဲ့။ ကန်နွမ်ဘာ့ခ်သွားတောလား အတူတူသွားခဲ့ကြတဲ့ အစ်မတွေကလည်း အလုပ်ရသွားလို့၊ နယူးယောက်ကို လာလည်မှာမို့ ဝမ်းသာတယ် ဝမ်းနည်းတာကတော့ ခွဲရမှာမို့တဲ့။ ကိုယ်ကတော့ နယူးယောက်မြို့ကြီးကို လူတွေရှုပ်လို့ မကြိုက်ဘူး။ ကန်တက်ကီ၊ မေရီလန်းကို ပြောင်းတုန်းက တစက်ကလေးမှ ကြောက်စိတ်မရှိခဲ့ဘူး။ အဲ နယူးယောက်ကိုတော့ နည်းနည်းကြောက်မိတယ်။ နယူးယောက်သားတွေကတော့ နယူးယောက်မှ နယူးယောက် နယူးယောက်ကနေ မခွာချင်ဘူးတဲ့။

Chrysler Building
Grand Central Terminal

ကိုယ်က သစ်ပင်တွေ၊ တောင်တွေ၊ လူတွေ သိပ်မရှုပ်တဲ့ နေရာတွေကို သဘောကျတယ်။ ကော်လိုရာဒို စတိတ်ယူနီဗာစတီက အော်ဖာပေးမလားလို့ စောင့်နေတာ။ ရှယ်ရွန်က ကော်လိုရာဒိုက အေးတယ် စကိတ်စီးဖို့ ကော်လိုရာဒိုကို သွားကြတာ။ ဆူနမ်တို့က ကော်လိုရာဒို တောင်တွေကြီးပဲ တောင်တက်ချင်တဲ့ နင့်အတွက်တော့ အတော်ပဲ ငါတို့လာလည်မယ်။ ဝါရှင်တန်ဒီစီ ဂျော့တောင်းက အမေရိကန်ရီဆာ့အင်စတီကျူမှာ ဖုန်းအင်တာဗျူးတာ မဖြေနိုင်ဘူး။ ပျော်ရာမှာ မနေရ တော်ရမှာနေရ။ ဒီစီမှာပဲ အလုပ်လုပ်ချင်တယ်လို့ နေရာရွေးနေရင် အလုပ်ရဖို့ကြာတယ် ဒီလိုရွေးချယ်ခွင့် ကိုယ့်မှာမရှိဘူး။ နယူးယောက်မှာ မပျော်ရင် နောက်တစ်နှစ်၊ နှစ်နှစ်လောက်မှ ပြန်ပြောင်းပေါ့။ မွေးနေ့လက်ဆောင် အလုပ်သစ်လိုချင်တဲ့ ကိုယ့်ဆုတောင်း ပြည့်တယ်ထင်ပါ့။

Union Station, Washington, DC

ဆူနမ်တို့နဲ့ တောလားခရီးတွေ အတူတူ မသွားရတော့မှာကိုတော့ စိတ်မကောင်းဖြစ်မိတယ်။ ကိုယ့်မွေးနေ့ကိုမေ့တဲ့၊ ကိုယ်ယ့်ကို ဖယ်ခွာနေတယ်ဆိုပေမဲ့ ကျောင်းတက်ကတည်းနေ အခုထိ ကူညီစောင့်ရှောက်၊ ခရစ်စမတ်၊ နှစ်သစ်ကူးချိန်မှာ တစ်ယောက်တည်း စိတ်မကောင်းစရာကြီး သူတို့ဆီလာလည်လို့ ဖိတ်ခေါ်တတ်တဲ့၊ ခရီးတွေသွားဖို့ဆိုရင် လှမ်းခေါ်တတ်တဲ့ သူငယ်ချင်းညီအစ်မတွေနဲ့ဘယ်အချိန်တော့များမှ ပြန်ဆုံမှာပါလိမ့်။ ရေစက်ရှိရင်တော့ တွေ့ဦးမှာပေါ့လေ။ ဒီစီရဲ့ နေရာတော်တော်များများကို လည်ပတ်ပြီးပြီမို့ နယူးယောက်က ကိုယ့်ရဲ့ Explore တစ်ခု ဖြစ်လာမယ်ထင်တယ်။ All About DC စီးရီးတွေအစား All About NYC စီးရီးတွေ ရေးဖြစ်မလားဘဲ။

Sweet December !
စန်းထွန်း
ဒီဇင်ဘာ ၁၊ ၂၀၁၃။

ရေးခဲ့ဖူးတာ
နယူးယောက်သွား တောလား

အဆင်မပြေခြင်း...

အောက်တိုဘာလကုန်မှာ လေးအော့ဖ်တော့ အိမ်ရှင်ကို တစ်လနို့တစ်ပေးပြီး  အိမ်လခသက်သာအောင် ဒီဇင်ဘာလ ၁ မှာ ဆူနမ်တို့ဆီ ပြောင်းမယ်လို့ စိတ်ကူးထားတယ်။ ဒီဇင်ဘာ ၁၂ မှာ တိုက်ခန်း ကွန်းထရပ်ကုန်မှာမို့ သူတို့လည်း အဲဒီမှာ ဆက်နေရမလား၊ ဘယ်ကိုပြောင်းရမှန်း မသိ။ ဒီဇင်ဘာ ၁၅  ပြောင်းလာရင် အကောင်းဆုံးတဲ့။ အိမ်ရှင်ကို ပြောတော့ အိုကေ သူလည်း အလုပ်သစ်မှာ ဘီးစီးနေလို့ အခန်းကို မကြေငြာရသေး၊ မငှားရသေးဘူးတဲ့။ ဆူနမ်က တစ်ခုလောက် မေးပါရစေ နင် ငါတို့အုပ်စုထဲမှာ လစာအကောင်းဆုံး၊ အိမ်ကို ထောက်ပံ့စရာလည်း မလို၊ ပိုက်ဆံတွေ ဘယ်ရောက်သွားလဲတဲ့။

အမ်းထရူး တန်နက်စီပြည်နယ်မှာ အလုပ်ရပြီး မကြာမှီ ကိုယ်လည်း ကန်တက်ကီပြည်နယ်မှာ အလုပ်ရတယ်။ ဇန်နဝါရီ ကိုယ် လေးအော့ဖ်ထိတော့ မရှေးမနှောင်း နောက်တစ်ပတ် အမ်းထရူးလည်း ကွန်းထရပ်ကုန်လို့ ဆူနမ်တို့ဆီ ရောက်လာတယ်။ ကိုယ်ကတော့ တစ်လလောက်ကြာမှ ဆူနမ်တို့ဆီ ရောက်လာတယ်။ ရာမားတို့ရုံးမှာ အမ်းထရူး အလုပ်ရပြီး မကြာမှီ ကိုယ်လည်း ဒီစီမှာ အလုပ်ရတယ်။ အမ်းထရူးနဲ့ကိုယ်က အခြေအနေတူတာတောင် လစာနည်းတဲ့ အမ်းထရူးက အလုပ်ရှာနေချိန်မှာ ကျောင်းလခတွေ ပေးနိုင်တယ်။ လစာအများဆုံးဆိုတဲ့ ကိုယ်ကတော့ မပေးနိုင်ဘူး။


ဆူနမ် အမ်းထရူးနဲ့ ငါ့ကို လာမယှဉ်နဲ့။ သူက တန်နက်စီမှာ ကားမရှိဘူး။ ငါ့ကား ပိုက်ဆံဘယ်လောက်စားလဲ နင်အသိ။ ဝင်ငွေကောင်းသလို ထွက်ငွေလည်း ကောင်းတယ်။ နင့်အဖေ နှလုံးသွေးကြောကျဉ်းလို့ ဘန်ကောက်မှာ သွေးကြောထဲပိုက်ထည့် ခွဲစိတ်တုန်းကတစ်ခါ အိမ်ပို့တယ်လို့ပဲ ကြားလိုက်တယ်။ နင် အဝတ်အစားလည်း သိပ်မဝယ်ဘူး။ အစားအသောက်လည်း အပြင်မှာ စားတယ်ဆိုပေမဲ့ နင် ဘယ်လောက်စားနိုင်မှာလဲ။ အဲ...ဒီစီကို သွားလည်တာတော့ ကုန်မယ် ဒါပေမဲ့လည်း အဲဒီလောက် မကုန်ပါဘူး။ ခုလို အလုပ်ပြတ်ရင် ကပ်နေမဲ့ ငါတို့ရှိလို့ တော်သေးတယ်။ ငါတို့မရှိရင် နင် ဘယ်လိုလုပ်မလဲ။ နင့်အစ်မဆီက တောင်းသုံးမှာလား။ အလုပ်ပြုတ်တိုင်း အစ်မဆီက တောင်းသုံးနေရင် နင် ဘယ်တော့ရင့်ကျက်သူ ဖြစ်မှာလဲ။

ငါ့စကားတွေ လွန်သွားကောင်း လွန်သွားလိမ့်မယ် (တော်တော်လွန်တာ)။ ဒါပေမဲ့ မသိတဲ့သူငယ်ချင်းကို သိအာင်၊ သဘောပေါက်အောင် ပြောဖို့တာဝန် သူငယ်ချင်းဖြစ်တဲ့ငါ့မှာ ရှိတယ်။ နောင်ကို ပိုက်ဆံမသုံးဘဲ စုသင့်တယ်လို့ သိအောင် ပြောချင်တာ။ နင် မကြိုက်ရင် ငါ ဘယ်တော့မှ မပြောတော့ဘူး။ တက္ကသိုလ်တက်တုန်းက အဆောင်တူ၊ သူထွက်တဲ့ အလုပ်ကို ငါတို့ကို သွင်းပေး၊ သူ ယူအက်စ်ကို ကျောင်းလာတက်တော့လည်း သူ့နောက် ငါတို့လိုက်လာ၊ သွေးမတော်သားမစပ်ပေမဲ့ အစ်မတစ်ယောက်လို ငါ့အပေါ် အရမ်းကောင်းတဲ့ အက်စ်စမီတာမန်ချေး၊ တက္ကသိုလ်အတူတူတက်၊ ကုမ္ဗဏီတစ်ခုတည်း အလုပ်လုပ်၊ ယူအက်စ်မှာ ကျောင်းလာတက်တော့လည်း အတူတူ၊ ခုလည်း အတူတူ ငါ့ဘေးနားရှိတဲ့ ရာမားတို့ ရှိတာတောင် ငါ ပိုက်ဆံစုတယ်။ နင့်သိတဲ့အတိုင်း ဖိလစ်ပိုင်မှာ ကျောင်းတက်နေတဲ့ ငါ့သူငယ်ချင်းကို ထောက်ပံ့တယ်၊ အိမ်ကိုလည်း ထောက်ပံ့တယ်။ ငါတို့အုပ်စုထဲမှာ ငါ လစာအနည်းဆုံးနော်။


ခုလည်း အိတ်ချ်ဝမ်းဘီက ဘာသံမှမကြားရလို့ နှစ်ဘာသာထပ်ယူပြီး စီပီတီတစ်နှစ် ထပ်တိုးရတယ်။ ကျောင်းက နှစ်ဘာသာကို တပြိုင်တည်း တက်ခိုင်းတယ်။ ပြီးတော့ တစ်ဘာသာ ၁၆၀၀ နဲ့ နှစ်ဘာသာဖိုး ၃၂၀၀ ကို တစ်ခါတည်း ပေးရတယ်။ နင့်တုန်းက အလုပ်ပြုတ်ထားတော့ ချက်ချင်းမပေးရဘဲ ခွဲပေးရတာ။ ဇွန်လ ငါ နေမကောင်း တစ်ပတ်ဖြစ်တာ ဆရာဝန်က ကျောက်ကပ်မကောင်းဘူးထင်လို့ သွေးစစ်ရတုန်းက နင်တို့တွေ အပြင်မှာ ထိုင်စောင့်နေတာ မှတ်မိလား။ ၂၀၀၀ ကျော် ကုန်တာကို ကျန်းမာရေးအာမခံက ကာဗာမဖြစ်လို့ ငါ ခုပေးရတယ်။ ဒီလမှာ  ၅၀၀၀ ကျော် ပေးရတယ်။ ငါ့လို အခြေအနေမျိုးဆို နင် ဘယ်လိုပေးမလဲ။ ကြိုတင်မတွေးထားတဲ့ ပိုက်ဆံကုန်ပေါက်တွေ ရှိတယ်။

စီနီယာ ဗီယက်နမ်မလေး Nga ဆိုရင် အိတ်ချ်ဝမ်းဘီရတာ မပြောင်းလို့ ခု ရှေ့နေတွေခေါ်ပြီး ဖြေရှင်းရတာ ပိုက်ဆံအတော်ကုန်သွားတယ်။ ကျောင်းလခအကြွေးတွေ အပြီးဆပ်၊ ဘာသာရပ်တွေ အကုန်သင်ပြီးလို့ သတ်မှတ်ထားတဲ့ဂရိတ် ရနေမှ အက်ဖ်ဝမ်း (ကျောင်းသား) ဗီဇာကနေ အိတ်ချ်ဝမ်းဘီ (အလုပ်) ဗီဇာ ပြောင်းလို့ရတယ်။ သူ့အခြေအနေမျိုး  ကြံုလာရင် နင် ဘယ်လိုလုပ်မလဲ။ ပိုက်ဆံစု မသုံးနဲ့။


သူပြောတာတွေ အမှန်ဆိုတော့ အိုကေကလွဲလို့ကိုယ်ဘာမှ ပြန်မပြောနိုင်ဘူး။ ကိုယ့်ကို ကောင်းစေချင်လို့ ပြောပေမဲ့ ကိုယ့်မာနကို ထိတယ်နဲ့ တူပါရဲ့။ နားရွက်တွေ ပူလာတယ် ခန္ဓကိုယ်လည်း အပူငွေ့တွေ တရှိန်းရှိန်း ခံစားရတယ်။ ကိုယ်ဟာ မေ့ပျောက်လွယ်သူ အမှတ်ကြီးသူတစ်ယောက်တော့ မဟုတ်ဘူး။ ဒါပေမဲ့ ဒီစကားတွေကိုတော့ မေ့မယ်မထင်ဘူး။ ကိုယ်ဟာ ပိုက်ဆံတွေ သုံးဖြုန်းနေသူမဟုတ်ပေမဲ့ ပိုက်ဆံတွေ ဘယ်လိုကုန်သွားမှန်း မသိဘူး။ မိဘက ပံ့ပိုးဖြည့်ဆည်းပေးနိုင်လို့ လိုချင်တာတွေ အလွယ်တကူ ရခဲ့တာဆိုတော့ တအားတော့ မခြွေတာဘူး။

ကိုယ့်သူငယ်ချင်းတစ်ယောက်ဆိုရင် အတော်‌ချွှေတာတယ်။ အန်ယူအက်စ် NUS မှာ ကျောင်းတက်ဖို့ သူ့မိဘတွေက တိုက်ခန်းကို သိန်းတစ်ရာကျော်နဲ့ ရောင်းလိုက်တယ်။ ကျောင်းပြီးတဲ့အချိန် အဲဒီတိုက်ခန်း သိန်းသုံးရာကျော်သွားတယ်။ သူ့ရည်မှန်းချက်အတိုင်း တိုက်ခန်းတန်ဖိုး သိန်းသုံးရာကို သုံးနှစ်အတွင်း ပြန်ပို့နိုင်တယ်။ တော်ပေစွ ကိုယ်နဲ့များ ကွာတယ်။ အင်း သိပ်မသုံးတော့ဘူး လိုချင်တာတွေ၊ စားချင်တာတွေ၊ သွားချင်တာတွေ လျှော့ပြီး ပိုက်ဆံစုဦးမှ။


အန်ယူအက်စ် NUS က စင်္ကာပူရဲ့ အကောင်းဆုံးတက္ကသိုလ်တစ်ခုမှာ ပါသလို ကမ္ဘာ့အဆင့် ၂၆ ။ ဝင်ခွင့်ခက်သလို စာသင်တာလည်း တကယ်ကောင်းတယ်။ ကျောင်းပြီးရင် အလုပ်ရဖို့ သေချာတယ်။ အစိုးရကျောင်းဖြစ်လို့ ဘွဲ့အရင်ယူ ကျောင်းအကြွေးကို အတိုးနှုန်း သက်သက်သာသာနဲ့ အေးအေးဆေးဆေး ဆပ်။ ကျောင်းတောင်မပြီးသေးဘူး အစိုးရက ပီအာအော်ဖာလက်တာ PR Offer Letter ပေးတယ်။ ကျောင်းသားဗီဇာကုန်သွားလို့မှ အလုပ်မရသေးရင် အလည်အပတ်ဗီဇာ ထုတ်ပေးတယ်။ ၂ ၊ ၃ လ အတွင်းမှ အလုပ်မရသေးရင် အီးပီအီးစီ EPEC လို့ခေါ်တဲ့ long term နေထိုင်ခွင့်လျှောက်ပြီး အေးအေးဆေးဆေး အလုပ်လျှောက်လို့ရတယ်။

ကိုယ် တစက်ကလေးမှ မကြိုက်တဲ့ အမ်ယူအမ် MUM က Private School ။ ဘာသာရပ်တွေ အကုန်သင်ပြီးလို့ သတ်မှတ်ထားတဲ့ဂရိတ်ရ၊ ကျောင်းအကြွေးတွေ ဆပ်ပြီးမှ ဘွဲ့ယူလို့ရတယ်။ ယူအက်စ်ကျောင်းတွေ ထုံးစံအတိုင်း ကျောင်းလခများသလို အတိုးနှုန်းက ၉  ရာခိုင်နှုန်း အရမ်းများတယ်။ အလုပ်ကံကောင်းသူတွေက်တော့ တစ်ခါတည်း အိတ်ချ်ဝမ်းဘီရပေမဲ့ ကိုယ်တို့လို ကံမကောင်းတဲ့သူတွေကတော့ စီပီတီတစ်နှစ်ထပ်တိုး၊ ကျောင်းအကြွေးတွေထပ်တိုး၊ ကျောင်းတွေဆက်တက်။ ယူအက်စ်ကိုလာတာ ကျောင်းကိုလုပ်ကျွှေးဖို့ လာသလိုပဲ။ တကယ်လို့များ ပါရဂူဆက်တက်မယ်ဆိုရင် ဒီကျောင်းက မာစတာကို အသိအမှတ် မပြုဘူး ကွာလတီနိမ့်တယ်။ အလုပ်အတွေ့အကြုံရှိတဲ့ အင်တာနေရှင်နယ်ကျောင်းသားတွေခေါ် ကျောင်းမှာတစ်နှစ်တက်ခိုင်း။ ပြီးရင် အလုပ်လုပ်၊ အဝေးသင်တက်၊ ကျောင်းလခတွေဆပ်ခိုင်းတဲ့ ရိုက်စားကျောင်း။


ကျောင်းလခတွေ အများကြီးကုန်၊ ၃ နှစ်လောက် အချိန်ပေးပြီးမှ ဒီဘွဲ့ကြီးက သုံးစားလို့မရဘူးဆိုရင် အတော်စိတ်မကောင်းစရာဘဲ။ ဘွဲ့ကို ဂရုမစိုက်ဘူး ယူအက်စ်မှာ အတွေ့အကြုံရရင်တော်ပြီ ဆိုရင်တော့ တစ်မျိုး။ ဒီကျောင်းက ဘာသာရေးကျောင်းဆန်တယ်။ သက်သက်လွှတ် အော်ဂင်းနစ်အစားအစာ ကျွှေးတယ် ။ ကိုယ်စားဖူးသမျှထဲမှာ အဆိုးရွားဆုံးအစားအစာ။ ဘာစားစား စားကောင်း၊ ဘယ်တော့မှ မပိန်တဲ့ကိုယ် ဒီကျောင်းရောက်မှ လေးပေါင်ကျတယ်။ တစ်နေ့နှစ်ကြိမ် မဖြစ်မနေ တရားထိုင်ရတယ်။ ကျောင်းတည်ထောင်သူ မဟာရီချီယောဂီကို ဘုရားလို ကိုးကွယ်တယ်။ သူတီထွင်တဲ့ တီအမ်လို့ခေါ်တဲ့ တရားထိုင်နည်းကို မကြိုက်ပုံပြရင် မကြိုက်ဘူး။ ကျောင်းသားတွေက Close your eyes. Do you feel quietness and see how the thoughts come simutaneously. Simple and easy. It is how we mediate. လို့ ပြောင်ကြတယ်။ ဟန်မဆောင်တတ်တဲ့ကိုယ် သူတို့ရှေ့မှာ တီအမ်ကို ကြိုက်ဟန်ဆောင်တတ်သွားတယ်။

နေ့လည်ဖက် အဝတ်လျှော်စက်ထဲ အဝတ်ထည့်ပြီး ညနေစောင်း ပြန်လာတော့ တွေ့လိုက်ရတာက လား...လား အဝတ်တွေ ရေစိမ်ထားသလို။ အိမ်ရှင်ကိုခေါ်ပြတော့ ရေထပ်ထည့် ညှစ်ခိုင်းတော့လည်း မညှစ်။ Comforter က လေးလို့နဲ့တူပါရဲ့ ဆွဲထုတ် ထပ်လျှော်။ နာရီဝက်လောက်အကြာ ဆင်းကြည့်တော့လည်း ရေကလျှော့မသွား။ အိမ်ရှင်က သူလည်း မသိတော့ဘူး တတ်သိနားလည်တဲ့သူကို ခေါ်ရမယ်တဲ့။ အဝတ်တွေကို ရေစိမ်ထားသလိုဖြစ်လို့ မဖြစ်ချေဘူးဆိုပြီး လက်နဲ့ညှစ် အခြောက်ခံစက်ထဲထည့်။ ၁ နာရီ အပူပေးပေမဲ့လည်း မခြောက်တော့ ချိတ်မှာလှန်း။ Comforter ကို ရေချိုးကြွေဇလုံထဲထည့် ကိုရီးယားကားထဲကလို ခြေထောက်နဲ့နင်းလျှော်။ အခြောက်ခံစက်ထဲထည့် ၁ နာရီ အပူပေး ရေချိုးခန်းထဲမှာ ဖြန့်လှန်း။ အောက်ထပ် အဝတ်လျှော်စက်ထဲက ရေတွေကို ပလတ်စတစ် စောက်နက်နက်ခွက်ကလေးနဲ့ခပ်။ ပလတ်စတစ်ဇလုံကြီးထဲထည့် အပေါ်ထပ်က မျက်နှာသစ်ခွက်ထဲလောင်းထည့်။ အောင်မလေး ပင်ပန်းလိုက်တာ။


အဝတ်လျှောက်စက် ငါ့ကြောင့် ပျက်သွားရင်တော့ ကုန်ပေါက်။ အလုပ်ပြုတ်လို့ ပိုက်ဆံမရှိပါဘူးဆိုမှ။ အရင်နှစ်ပတ် လျှော်တုန်းက အကောင်း။ နောက်နေ့ ညနေစောင်း အိမ်ရှင်ကို မေးကြည့်တော့ အိုကေသွားပြီ သူ ဂူဂယ်မှာ ရှာကြည့်တာတဲ့။ ဘာကြောင့်လဲဆိုတော့ အဖုံးက သေချာမဖုံးတော့ ရေတွေ မညှစ်ထုတ်တာတဲ့။ အဖုံးနားက အပေါက်လေးကို တုတ်ကလေးနဲ့ ထိုးလိုက်တော့ ရေတွေထွက်သွားလေရဲ့။ ဟူး... တော်ပါသေးရဲ့ ဒီလိုမျိုး တစ်ခါမှ မကြုံဖူးဘူး ပိုက်ဆံကုန်ပေါက်လို့ တွေးနေတာ။ စက်ပဲ ဖြစ်တတ်ပါတယ် အဝတ်လျှော်စက်က ၄၀၀ ကျော်ကျတယ်။ အသစ်ထပ်ဝယ်ရရင် မလွယ်ဘူးလို့ ငါလည်း တွေးနေတာတဲ့။ အဆင်မပြေချင်ရင် ဘာမဟုတ်တာလေးတောင် အဆင်မပြေပါလားနော်။

နိုဝင်ဘာလကုန်ရင် ကန်တက်ကီကားမှတ်ပုံတင် ကုန်ပြီ။ မေရီလန်းမှာ မှတ်ပုံတင်ဖို့ သွားအင်စပတ်တာ မအောင်ဘူး။ တစ်ထောင်နီးပါးလောက် အကုန်ခံပြီး ပြင်ရင်တော့ အင်စပတ်အောင်မယ်။ အင်စပတ်အောင်ပြီးရင် အီမစ်ရှင်း (လေထုထဲကို ကာဗွန်ဒိုင်အောက်ဆိုဒ် လွှင့်ခြင်း) စစ်တယ်။ ရာမားကားက အင်စပတ်အောင်ပြီး အီမစ်ရှင်းမှာကျလို့ ပြင်ရတာ။ ဆူနမ်တို့က ပြင်မနေနဲ့တော့ ရောင်းလိုက်တော့တဲ့။ မမီးမီး အဆက်အသွယ်နဲ့ မြန်မာသံရုံးကလူတွေ ကားလာကြည့်တာ အင်ဂျင်ချက်ဆိုင်းရှိလို့ မဝယ်ဘူးတဲ့။ အင်ဂျင်ချက်ဆိုင်းရှိနေတာ အင်ဂျင်မကောင်းလို့ ဝယ်တုန်းက နင်မသိဘူးလားတဲ့။ ဝယ်တုန်းက ဘာကား၊ ဘာအရောင်၊ ဘာပုံစံမှန်းတောင် မသိဘူး။ ပို့လိုက်ဆိုပြီး ရှစ်ပင်းနဲ့ ရောက်လာတာပဲ။


ဒီလာဆီမှာ သွားရောင်းတာ ၁၉၉၈ မိုင် တစ်သိန်းငါးသောင်း ဆိုတော့ တော်တော်အိုနေပြီ သူတို့ မဝယ်ဘူးတဲ့။ အန်ကယ်ကြီးတစ်ယောက်က အကြံပေးတယ် ကားမတ်မှာသွားရောင်းတဲ့။ ကားမတ်ကတော့ ဝယ်တယ်။ အင်ဂျင်ချက်ဆိုင်းရှိလို့ သုံးရာ ပေးမယ်တဲ့။ ကားက ၄၅၀၀၊ ပို့ခ ၃၀၀၊ ကားပြင်တာ ၁၅၀၀။ ၆၀၀၀ ကျော် ကုန်တဲ့ကားကို ၃၀၀ ပဲ ပေးမယ်တဲ့။ သူမှ မဝယ်ရင်လည်း ဘယ်သူမှဝယ်မှာ မဟုတ်လို့ ရောင်းရမှာပဲလေ။ ကန်တက်ကီမှာ ရောင်းခဲ့ရင် အကောင်းသား ၆၀၀ ပေးမယ်တဲ့။ ကျောင်းမှာတုန်းက ၈၀၀ တန်ကားကို သူငယ်ချင်းအရင်းကြီးဖြစ်လို့ ၂၀၀ လျှော့ပေးတဲ့ ၆၀၀ တန်ကား။ ဒီလာမှာ သွားရောင်းတာ ၂၀၀ ပဲပေးမယ်ဆိုလို့ အဲဒီနေ့က ထမင်းမစားနိုင် ဖြစ်သွားတယ်။ နောက်တော့ ဂျူနီယာအီဂျစ်မလေးအာရပ်ကို ၆၀၀ နဲ့ ရောင်းလိုက်တယ်။ မခိုင်က သူ့ဆီကိုမောင်းလာခဲ့ သူတို့ဆီမှာ တစ်ထောင်လောက် ရမယ်တဲ့။ ဒီကားနဲ့ ဟိုင်းဝေးထွက်ဖို့ မီးမီးကြောက်ကြောက်။ ရှစ်ပင်းနဲ့ပို့ရင် ပို့ခက ၈၀၀။ တော်ပါပြီ ၃၀၀ နဲ့ပဲ ရောင်းပါတော့မယ်။

ဒီနေ့ နှင်းမိုးရွာလို့ အေးတယ်။ ကားမရောင်းခင် ဆူနမ်တို့အိမ်နားက ကိုရီးယား၊ ဂျပန်ဆိုင်မှာ နေ့လည်စာစားမယ် လိုက်မလားဆိုတော့ ဆူနမ်က သူလည်းလိုက်မယ်တဲ့။ ဆူနမ်က ဆူရှီနည်းနည်း စားလာပြီ ရာမားကတော့ လုံးဝမစားသေးဘူး။ ဂျီတော့ကနေ ရန်ဖြစ်ထားသူနှစ်ယောက် တွေ့တော့လည်း ဟေးလားဝါးလားနဲ့ ရန်မဖြစ်ထားတဲ့အတိုင်း။ ကိုယ့်မွေးနေ့ကို မေ့နေကြတဲ့ ကိုယ့်ရဲ့သူငယ်ချင်းကောင်းတွေက မွေးနေ့လက်ဆောင်အဖြစ် ချက် (check - US, cheque - UK) ပေးတယ်။ မိုင်းဖန်ကို မင်္ဂလာလက်ဖွဲ့ ဘာပေးရမှန်းမသိတော့ ကိုယ်က ချက်ပေးတာ အကောင်းဆုံး၊ သူကြိုက်တာ သူ့ဘာသာဝယ်လို့ရတယ်ဆိုတော့ ဒင်းတို့က ချက်ပေးတာ ပိုက်ဆံနဲ့တန်ဖိုးဖြတ်သလို၊ အလေးမထားရာရောက်တယ်၊ မေစီကဒ်၊ ဗီဇာကဒ် ဝယ်ပေးသင့်လေးပါလေးနဲ့။ ခုတော့ မွေးနေ့လက်ဆောင် ဘာဝယ်ပေးရမှန်းမသိ၊ ငါတို့ဝယ်ပေးတာကိုလည်း ဂျီးများတဲ့နင်က ကြိုက်မှာမဟုတ်၊ ကွန်ပလိမ်းမှာမို့ နင်ပြောသလို အကောင်းဆုံးဆိုတဲ့ ချက်ပေးတာတဲ့။ ငနာလေးတွေ ဒင်းတို့သုံးကောင်ကို အမြင်ကတ်တယ် ဟွန့် း( ။

Union Station, Washington, DC

နင် ငါ့ကိုပဲ ကွန်ပလိမ်းတယ် အမ်းထရူးနဲ့ရာမားကိုကျတော့ မကွန်ပလိမ်းဘူး။ အေး ရှေ့အပတ်တွေ့ရင် ဒင်းတို့ကို ကွန်ပလိမ်းမယ်။ စန်း ကားလာနေတယ် ဘေးကပ်လျှောက် နိုး အဲဒီကားကို ငါ တိုက်ပစ်လိုက်မယ်။ အဲဒီလို ကွန်ပလိမ်းတတ် ဂွတိုက်တတ်တဲ့ ကိုယ့်ကိုသူငယ်ချင်းတော်ရတဲ့ သူတို့ခမျာလည်း မစားသာ။ ကန်တက်ကီတိုင်တယ် (Title ပိုင်ရှင်အမည်ပေါက်စာချုပ်) ကို နားမလည်လို့ ကားမတ်က ကောင်မလေးက ကန်တက်ကီကို ဖုန်းဆက်မေးရတယ်။ ကားရောင်းပြီးရင် မေရီလန်းမှာတော့ လိုင်စင်ပလိတ်ပြားပဲ ပြန်ပေးရပေမဲ့ ကန်တက်ကီမှာတော့ လိုင်စင်ပလိတ်ပြားရယ်၊ အရောင်းအဝယ် သဘောတူစာချုပ်ရယ် ပြန်ပို့ရတယ်။ အဲဒီကောင်မလေးကတော့ ထူးဆန်းထွေပြားပါဘိ ကန်တက်ကီရယ်လို့ သြချသွားတယ်။

အနီရောင်လိုင်း ရှယ်ဒီဂရုဘူတာကနေ ယူနီယမ်စတေရှင်းမှာဆင်းပြီး ဒီစီဗဟိုစာတိုက်ကြီးကနေ ကန်တက်ကီလိုင်စင်ပလိတ်ပြား ပြန်ပို့တယ်။ ကယ်ပီတယ် အမိုးခုံးဖြူဖြူလေးကိုမြင်တော့ အဲဒီတဝိုက်က ပြတိုက်၊ ပန်းခြံတွေမှာ ခြေရာချင်းထပ်အောင် လည်ပတ်ခဲ့တာတွေ သတိရတယ်။ ကိုယ်သိပ်သဘောကျနှစ်သက်တဲ့ နေရာတွေ၊ ကိုယ်ချစ်တဲ့သူတွေနဲ့ ခွဲရဦးမှာလား။ ဘယ်တော့များမှ ပြန်တွေ့မယ်မှန်း မသိ။ ခွဲခွာရမှာမို့ ဝမ်းနည်းမူတွေ၊ နေရာအသစ်ကို ပြောင်းရွှေ့ရမှာမို့ စိုးထိတ်ကြောက်ရွှံ့မူတွေ၊ သူတို့သုံးကောင်နဲ့ အရင်လိုခရီးမထွက်နိုင်တော့မှာမို့ စိတ်မကောင်းမူတွေ။

Union Station, Washington, DC

နှင်းလို့မပီပြင်တဲ့ မိုးပေါက်တွေကို ငေးကြည့်ရင်း  ဒီနှစ်ရဲ့ ပထမဆုံးကျတဲ့နှင်းနဲ့ ဓာတ်ပုံရိုက်မယ်လို့ စိတ်ကူးထားတာကို သတိရမိတယ်။ နေပါဦး ခုဟာက နှင်းလား၊ မိုးလား။ ဂိတ်ဆုံး Glemont ဘူတာကနေ ဘတ်စ်ကားစီးတော့ တစ်မှတ်တိုင် စောဆင်းမိလို့ လမ်းလျှောက်ရတာ အေးလိုက်ပါဘိ။ ဟီတာလေးနဲ့ နွေးနွေးထွေးထွေး၊ သွားချင်ရင် လှစ်ခနဲထသွားလို့ရတဲ့ အဆင်ပြေမူလေးကို သတိရမိတယ်။ သြော် ဆာလောင်ငတ်မွတ်နေတဲ့သူတွေ၊ အိပ်စက်ဖို့ လုံခြုံနွေးထွေးတဲ့ နေရာမရှိသူတွေ သူတို့နဲ့ ယှဉ်လိုက်ရင် ကိုယ့်အဆင်မပြေမူတွေ စာမဖွဲ့လောက်ပါလား။

ပျော်ရွှင်သော ကျေးဇူးတော်နေ့ ပိတ်ရက်လေး ဖြစ်ပါစေ။
Happy Thanksgiving! Happy Holidays !

စန်းထွန်း
နိုဝင်ဘာ ၂၇၊ ၂၀၁၃။

ဖီလင် ၃၁...

ငယ်ငယ်တုန်းက အသက် ၃၀ ကျော် အစ်မတွေကို တော်တော်ကြီးလှပြီထင်တာ ဟော ကိုယ့်အလှည့်လည်းရောက်ရော အသက် ၃၀ ဆိုတာ ခဏလေးပါလား။ အသက် ၃၀ ကျော်လာတာနဲ့ လည်ပင်းမှာ အရစ်တွေ ပေါ်လာတယ်။ မေးစေ့တွေ တွဲလာလို့ မေးစေ့ပင့်တင်တဲ့ လေ့ကျင့်ခန်းတွေ လုပ်ဖို့လိုလာတယ်။ မျက်ရစ်တွေတွန့်လို့ eye cream သုံးဖို့လိုလာတယ်။ ဓာတ်ပုံတွေ ယှဉ်ကြည့်ရင် အတော်သိတယ်။ ခန္ဓာကိုယ်ကြံ့ခိုင်မှုကလည်း သိသာတယ်။ အိပ်ရေးပျက်လို့ ပင်ပန်းရင် အားပြန်ပြည့်ဖို့ အချိန်ယူတယ်။ အရင်တုန်းကဆို ကျောချတာနဲ့ အိပ်ပျော်တယ်။ ယူအက်စ်ရောက်ကတည်းက အိပ်မပျော်တဲ့ညတွေ များလာတယ်။ အသက်ကြီးလာတာနဲ့အမျှ အားကစားမှန်မှန်လုပ်၊ အစားအသောက်၊ အလှပြင်ပစ္စည်းတွေနဲ့ ဘယ်လောက်ထိန်းထိန်း ငယ်ငယ်ကလို မလှနိုင်တော့ဘူး။

အလုပ်မလုပ်ဘဲနေရရင် သိပ်ကောင်းမှာပဲလို့ တခါတလေ တွေးမိတယ်။ စိတ်ဖိစီးပေမဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေ၊ အခက်အခဲတွေ ဖြေရှင်းနိုင်လို့ ကျေနပ်ဝမ်းမြောက်မှုတွေကို အလုပ်ဆီကပဲ ရနိုင်တာပါ။ ကိုယ်ဝါသနာပါတဲ့အလုပ်ကို လုပ်နေရရင် ဘဝအဓိပ္ဗာယ် ရှိနေတာပါပဲ။ အသက် ၃၀ ကျော်နေပြီ ခုထိ ကျောင်းတက်တုန်းပဲလားဆိုတဲ့ ဦးလေးတစ်ယောက်စကားကို သတိရမိတယ်။ ကျောင်းတက်တယ်ဆိုတာ စိတ်ဖိစီးပင်ပန်းပါဘိ ဘယ်သူက တက်ချင်ပါ့မလဲ။ ဒီနိုင်ငံကဘွဲ့ရမှ လစာပိုကောင်းလို့၊ ရထားတဲ့ဘွဲ့က အလုပ်ရှားလို့ အလုပ်အကိုင်ပေါတဲ့ အသက်မွေးဝမ်းကြောင်းကို ပြောင်းချင်လို့၊ ဒီနိုင်ငံကို လာချင်လို့၊ အလုပ်အတွက် လိုအပ်လို့၊ ပျင်းလို့တခုခုသင်ရင် ကောင်းမလားလို့ ရည်ရွယ်ချက် အမျိုးမျိုးနဲ့ သင်ယူကြတယ်။ Studying is never too old and late.

အလုပ်တစ်ခု၊ နေရာတစ်ခုမှာ အခြေကျလို့ နှစ်ပေါက်လာရင် ပျင်းရိငြီးငွေ့လာပါတယ်။ ရုပ်ရှင်ကြည့်၊ စာအုပ်ဖတ်လို့ အပျင်းပြေပေမဲ့ တချိန်လုံး မလုပ်ချင်ပြန်ဘူး။ ဘာသာစကားတစ်ခုခု၊ အနုပညာပစ္စည်းတစ်ခု တီးတတ်အောင် သင်ယူခြင်းဟာ စိတ်ဝင်စားဖို့ ကောင်းတယ်။ မိတ်ဆွေ၊ သူငယ်ချင်းအသစ်တွေနဲ့ သိကျွှမ်းရပြီး သူတို့ဖြတ်သန်းကြီးပြင်းခဲ့တဲ့ ငယ်ဘဝ၊ အတွေ့အကြုံ၊ အတွေးအခေါ်တွေ သိရတာ စိတ်ဝင်စားဖို  ကောင်းတယ်။ မရောက်ဖူးသေးတဲ့ နေရာတွေကို ခရီးသွားရတာလည်း စိတ်ဝင်စားဖို့ ကောင်းတယ်။ သစ်တောအုပ်လေးထဲ လမ်းလျှောက်ပြီး ရာသီအလိုက် သစ်ပင်တွေ ပြောင်းလဲပုံတွေ မြင်တွေ့ရတာ စိတ်ဝင်စားဖို့ကောင်းတယ်။ ဓာတ်ပုံကောင်းလေး တစ်ပုံရဖို့ ဟိုရိုက်ဒီရိုက် တွေ့မြင်သမျှ ရိုက်တာလည်း စိတ်ဝင်စားဖို့ကောင်းတယ်။

credit to Aunty Tint's Facebook BD wish

တိမ်၊ ရေကန်၊ မြစ်ချောင်း၊ တောင်တွေကို နှစ်သက်တယ်။
ပန်းချီ၊ ပြတိုက်၊ ရှေးဟောင်းအဆောက်အဦး၊ စာကြည့်တိုက်တွေကို နှစ်သက်တယ်။
လျှော့ပင်းထက် ပြတိုက်တွေကို တစ်ယောက်တည်း တိုးရစ်တတ်တယ်။

ဓာတ်ပုံတဖျပ်ဖျပ် ရိုက်တယ်။
လေဒီရှူး ဟိုက်ဟီးဖိနပ်ထက် မန်မိုရီဖောင်းအပြေးဖိနပ်ကို ပိုကြိ ုက်လာတယ်။
လူတွေနဲ့သိကျွှမ်းမိတ်ဖွဲ့ စကားပြောလာတယ်။
ခရီးသွားဖို့ နှစ်သက်တယ်။

ဘာသာစကားတွေ သင်ဖို့စိတ်ဝင်စားတယ်။
စာအုပ်တစ်အုပ် ဆောင်တတ်တယ်။
ကျောပိုးအိတ်၊ စလွယ်သိုင်းအိတ် ကြိုက်တယ်။
ဆေးလိပ်မီးခိုးရှုမိရင် ချောင်းဆိုးတယ်။
ဝိုင်နီ ကြိုက်တယ်။
ဆံပင်တွေ ပိုဖြူလာတယ်။

Mom, Sister, Dad - Family Photo without my little brother & me
အားမနာတတ်ဘူး။
မဟုတ်မခံ အနိုင်ကျင့်မခံ။
ကွန်ပလိမ်းတယ်။
သူငယ်ချင်းဟောင်းတွေနဲ့ ဝေးလာတယ်လို့ ခံစားမိတယ်။
သူငယ်ချင်းတရုန်းရုန်းပေမဲ့ တစ်ယောက်တည်းသီးသန့် နေတတ်တယ်။
အရင်လို ခံစားချက်အားလုံးကို ထုတ်မပြောတော့ဘဲ ရင်ထဲသိမ်းတတ်လာပြီ။

နက်ဖြန် နိုဝင်ဘာ ၂၄ က ကိုယ့် ၃၁ နှစ်ပြည့် မွေးနေ့။ အစကတော့ ဘုန်းကြီးကျောင်းကို နေ့ဆွမ်းသွားကပ်မလားလို့။ ခုတော့ ချက်ပြုတ်ဖို့ပျင်းလို့ သွားမလှုဖြစ်တော့ဘူး။ ဆူနမ်တို့ကတော့ ဘာစီစဉ် ထားလဲမသိ။ မေ့များမေ့နေရော့သလား။ ဖေ့ဘွတ်မှာတော့ မွေးနေ့ဆုတောင်းတွေ တက်နေလောက်ပြီ။ ဘလော့က သီးသန့်ဆန်ပြီး ကိုယ့်နေရာလေးလို့ ခံစားမိတယ်။ စာလာဖတ်သူတွေ မွေးနေ့ဆုတောင်းတင် မဟုတ်ဘဲ ကိုယ်ရေးတဲ့စာတွေမှာ ဘယ်လိုအကြောင်းအရာတွေ ကြိုက်တယ်၊ အကြံညဏ်ပေးစရာများရှိခဲ့ရင် ပေးခဲ့စေချင်ပါတယ်။ စာလာဖတ်သူတွေရဲ့ အသံတွေကို နားထောင်ချင်လို့ ၊ စကားလုံးတွေကို ဖတ်ချင်လို့။

စန်းထွန်း
နိုဝင်ဘာ ၂၃၊ ၂၀၁၄။