အချစ်ကို မယုံကြည်ကြသူများ...၂

အရင်လို နေ့စဉ်မတွေ့ကြသော်လည်း သင်္ကြန်ကျောင်းပိတ်ရက်၊ အင်္ဂလိပ်စာသင်တန်းကျောင်း၏  ဆရာကန်တော့ပွဲ၊ ဒီဇင်ဘာကျောင်းပိတ်ရက်များတွင် တွေ့ကြသည်။ အဖြူ၊ အစိမ်း တူညီဝတ်စုံဝတ်ကာ အတန်းပိုင်ဆရာမ ချထားပေးသော နေရာတဝိုက်နားက သူငယ်ချင်း၊ အိမ်နီးနားချင်း သူငယ်ချင်းများသာ ရှိခဲ့သော အထက်တန်းကျောင်းသူဘဝမှ ကိုယ်ကြိုက်သလို ဝတ်စားဆင်ယင်ခွင့်၊  ကြိုက်သည့်နေရာ ရွေးချယ်ထိုင်ခွင့်၊  ကြိုက်သည့်သူငယ်ချင်း ရွေးချယ်ပေါင်းသင်း မိတ်ဖွဲ့နိုင်သည့် တက္ကသိုလ်ကျောင်းသူဘဝသည် သူတို့အတွက် စိတ်လှုပ်ရှားစရာ၊ စူးစမ်းစရာ၊ လေ့လာသင်ယူစရာ အပြည့်ဖြစ်သည်။

တက္ကသိုလ်ပထမနေ့ရက် အတွေ့အကြုံများအကြောင်း၊ သူငယ်ချင်းသစ်များအကြောင်း၊ လေ့လာဆည်းပူးနေသည့် ဘာသာရပ်များအကြောင်း၊ တက္ကသိုလ်ဆရာ၊ ဆရာများအကြောင်း၊ သူတို့တက္ကသိုလ်များမှ တမူထူးခြားသူများ၊ ကျောင်းကားစောင့်စီးရသည့် အတွေ့အကြုံများ၊ ကန်တင်းထိုင်ကြသည့် အကြောင်း၊ တက္ကသိုလ်မှ နာမည်ကြီးသည့် အစားအသောက်အကြောင်းများဖြင့် ပြောစရာကျယ်ပြန့်လာခဲ့သည်။ ပြီးတော့..တက္ကသိုလ်ကျောင်းမှ သူတို့၏ ငွေလမင်းများ အကြောင်း....

သေချာသည်ကတော့ အချစ်ဆိုသော အရာသည် သူတို့ထံတွင် နှစ်နှစ်ပင် မခံလိုက်။ မေထက်သည် အနောကို သတိမရတော့သလို နဖူးပေါ်ဝဲနေသည့် ဆံပင်များကို လက်ဖြင့်သပ်ကာ စူးစူးစိုက်စိုက် ကြည့်တတ်သည့် မျက်ဝန်းပိုင်ရှင် ကွန်းဗတ်ဖိနပ်နီနီ စီးထားသော ကောင်လေးတယောက်ကို သဘောကျနေပြီ ဖြစ်သည်။ အတန်းလစ်တတ်သော မေထက်သည် နပ်နပ် (နာမည်မသိသောကြောင့် ကွန်းဗတ်ဖိနပ် အတိုကောက် သူတို့ပေးထားသော နာမည်) ကို တွေ့ပြီးကတည်းက အတန်းမှန်လာသည်။


ခိုင်မေသည် အအဂျာဆိုသော အကိုကြီးတယောက်ကို သတိမရတော့သလို သူ့သူငယ်ချင်း ရဲရဲနှင့် သူငယ်ချင်းထက် ပိုလာကာ နေ့စဉ် မြင်ချင်သောကြောင့် ကျောင်းမှန်မှန်တက်သည်။ ရွှေစင်သည် ပဲဘဝင်ဆိုသော ဘဝင်လေဟပ် နေပုံရသည့် ကောင်လေးတယောက်ကို သတိမရတော့ဘဲ ကိုဂျိမ်းစ်ဆိုသော သဘောမနောကောင်းလှသည့် သူငယ်ချင်းကို သံယောဇဉ်တွယ်လာသည်။ ပိုးပန်းသူများသော အလှပဂေး ဝတ်ရည်ကို စိတ်မချနိုင်သော မောင်စံရှားခမျာ ခွင့်ရသည်နှင့် ကျောင်းသို့လိုက်ကာ ပိုင်ရှင်ရှိမှန်း မဏ္ဍပ်တိုင် တက်ပြရလေသည်။

အဆင်မပြေကြသော နှစ်ဖက်မိဘများကြောင့် ချစ်ကြိုး တိခနဲ ဖျက်တောက်ခဲ့သော သင်းခိုင်သည် သူ့သူငယ်ချင်းမလေးများ ရင်ခုန်မြတ်နိုးခြင်း တေးသီးချင်းများ သီကျူးနေချိန် စီးပွာရေးကို ဇောက်ချလုပ်သည်။ ချူခြာလှသော ဖြိုးဝေကတော့ သူငယ်ချင်းများ၏ ရင်ဖွင့်သံကို နားထောင်မျှဝေပေးသည်။ အချစ်ကြောင့်ပဲလား၊ တက္ကသိုလ်ကြောင့်ပဲလားတော့ မသိ။ သေချာသည်ကတော့ တက္ကသိုလ်ရောက်မှ သူတို့ ပိုလှလာသည်။

ငါ့မိဘအသိုင်းအဝိုင်းမှာ ဆရာဝန်မရှိဘူးဟ..ငါ ဆေးမှတ်မှီတော့ အဖေနဲ့ အမေ ဝမ်းသာလိုက်တာ...သူ့သမီး ဆရာဝန်ဖြစ်ရင် ကျန်းမာရေး စောင့်ရှောက်မယ့် သူ ရှိပြီဆိုပြီးတော့... တကယ်တော့ ငါ ဆရာဝန် မဖြစ်ချင်ဘူး ...ဝါသနာလည်း မပါဘူး...
ဒါဆို နင်က ဘာဖြစ်ချင်တာလဲ..ဘာဝါသနာပါလဲ..
ဘာဖြစ်ချင်မှန်း၊ ဘာဝါသနာပါမှန်း ငါလည်း မသိဘူး..
ဟေ..ကောင်းရော....


ငါတို့ အခန်းထဲမှာ ပိုးမင်းသားနဲ့တူတယ့်ကောင်လေး ရှိတယ်...
မြဝတီကလွှင့်တယ့်  ပိုးမင်းသားနဲ့သိုင်းဝိညာဉ် တရုတ်သိုင်းကားထဲက မင်းသားလား..
အေး..
ဟေ..ဒါဆို ချောတာပေါ့..
အသားဖြူဖြူ အရပ်ရှည်ရှည် မျက်ခုံးထူထူ ပါးချိုင့်လေးနဲ့...ရယ်လိုက်ရင် ပိုးမင်းသားနဲ့တော်တော်တူတယ်..အတန်းကင်းအဖြစ် မဲပေးမလို့ဟာ နာမည်မသိလို့သွားမေးတော် မူရတယ်..ဒင်းက ရှက်နေသေးတယ်..
အေးလေ..နင် အီစီကလီ မုန်လာဥ လာလုပ်တယ် ထင်မှာပေါ့..
ကင်းပေးမလို့ နာမည်လေး မစတော်မူပါဆိုပြီး အောက်ကျနောက်ကျ တောင်းရတယ်..တကယ်ထဲမှပဲ.
နင်တို့နှစ် ကင်းက သူလား..
အမြဲ ဘောင်းဘီဖင်ကျပ် ဗရုတ်ကျတယ့် တခြားအခန်းကကင်းက အဲဒီနေ့ကျမှ လည်ကတုံးအဖြူလေးနဲ့ခန့်ချောကြီး ဖြစ်နေလို့ ကင်းရသွားတယ်..ငါတို့အတန်းက ကင်းကို ကင်း ရစေချင်ပါတယ်ဆိုမှ... မောင်မယ်သစ်လွင်ကြိုဆိုပွဲနေ့မှာ ဒင်းက မလာဘူးလေ...

ငါတို့အတန်းကို သင်တယ့် ဆရာမလေးကဟယ် ငယ်ငယ်လေး..မာစတာပြီးခါစ.. ပထမဆုံး ငါတို့အတန်းကို သင်တာတယ့်..ငါတို့ထက်ကြီးလှ သုံးနှစ်ပေါ့..ဆရာမက ခါးလည်အထိ ဆံပင်ရှည်ရှည် ပိန်ပိန်နွဲ့နွဲ့လေးနဲ့ ချောတယ်.. ခရမ်းဝတ်ရောင် ဝတ်တယ့်နေ့ဆိုရင် ကလစ်၊ မျက်လုံး၊ အင်္ကျီ၊ ထမီ၊ လက်ကိုင်အိတ် အားလုံးက ခရမ်းရောင်၊ စာသင်တာလည်း ကောင်းတယ်။ အကောင်ကြီးကြီး တယောက်ရဲ့ သမီးနဲ့တူတယ်။ မတ်ခ်တူးနဲ့လာတာ။ ဒရိုင်ဘာက စစ်သားတယောက်။ ဆရာမအချိန်ဆို လူအပြည့်ပဲ... တခြားအခန်းက ကောင်လေးတွေပါ လာတက်တာ...ငသူရိန်ဆို စာသွားသွား မေးရတာ အမော..

ဆရာမနာမည်က နေခြည်..ဇော်ပိုင်ရဲ့ ရွှေပုံပေါ်မှာ ပျော်ပါ နေခြည်...အချစ်နဲ့ဘဝဟာ တကယ်တော့ တခြားဆီ.. ပျော်ရွှင်ခြင်းတွေ မင်းရဲ့ဘဝမှာ အမြဲတမ်း ရှိပါစေ..နှုတ်ဆက်လိုက် ချစ်သူလေးရေ..ရွှေရောင်အလင်းတွေကို ပြန်ရုပ်သိမ်းလိုက်တော့... နေခြည် သီချင်းက သူတို့အကြိုက်ပေါ့။ ဟိုတနေ့က ဆရာမကို သူ့ရည်းစား စစ်ဗိုလ်နဲ့ ဗိုလ်ချူပ်ဈေးမှာ တွေ့လိုက်ကတည်းက ငသူရိန်တကောင် အသည်းကွဲပါရောလား...


ဖရက်ရှာလေးတွေလေ နေရာဦးတတ်လိုက်တာဟယ်..ကျောင်းကားက အနားတောင်မရောက်သေးဘူး သူတို့က လွှားခနဲတက်ပြီး စာအုပ်တွေနဲ့နေရာဦးတာများ တရုတ်သိုင်းကားထဲကအတိုင်း ဝှီး..ဝှီး..ဝှီး နေတာ
နင်က ပြန်ဦးလိုက်ပါလား ဝှစ်..ဝှစ်..ဝှစ်..သိုင်းနဲ့... ပထမနှစ်လေးပဲ ခုံလေးနဲ့ စမတ်ကျကျ ထိုင်ရပါတယ်.. အတန်းကြီးလာတာနဲ့အမျှ မတ်တပ်ရပ်လို့တမျိုး၊ စက်ဖုံးပေါ်မှာ တသွယ်နဲ့ ဘီးဖက် မလိုက်ရုံ တမယ်ပါပဲဟယ်.

လမ်းကလည်း ဆိုးလိုက်တာ..မနက်စာ စားသွားရင် ကျောင်းရောက်တာနဲ့ ထပ်ဆာနေပြီ..ကားဆောင့်လို့ မနက်စာတွေ ကြေသွားပြီ..အစာကြေဆေး စားစရာ မလိုဘူး..ကျောင်းရောက်တာနဲ့ ထမင်းဘူးဖွင့်စား၊ ထမင်းဘူး မပါရင် ကန်တင်းပြေးပေရော့ပဲ... အဲ..လူကြီး လာမယ်ဆိုရင်တော့ ကတ္တရာလမ်းက  နေ့ချင်းညချင်း ဖြူးသွားရော..
ငါတော့ ဆုတောင်းမိတယ် ငါတို့ကျောင်းကို ခြောက်လတကြိမ်လောက် လူကြီး လာပါစေလို့...

ကျောင်းကား သန်လျင်တံတားမှာ ပျက်လို့ကတော့ စောင့်ပေရော့ပဲ..ကျောင်းသားတွေကလည်း တံတားပေါ်မှာ လမ်းသလားကြ..ငါတို့ကျောင်းကားပေါ်က ဂျီတီစီတက်နေတယ့်ကောင်က  ဘယ်လိုပြောလဲဆိုတော့ တံတားရဲ့ အောက်ဖက် ဖောင်ဒေးရှင်းက  မြစ်ရေတိုက်စားလို့ အရင်လောက် မကြံ့ခိုင်တော့ဘူး။ မြန်မာပြည်က တံတားတွေကလည်း နင်တို့သိသည့်အတိုင်း ဘတ်ဂျက်ရဲ့ ၃၀ ရာခိုင်နှုန်းလောက်နဲ့ပဲ ဆောက်ထားတာ။ ခုချိန်များ တံတားပြိုခဲ့ရင် ငါတို့တော့ ကွိပြီတယ့်။ ငါ့မှာ တံတားပေါ်မှာ ရဲရဲမလျှောက် ရဲတော့တယ့် ဘဝ...

မနက်ကျောင်းကားစောင့်ချိန်ဆို လှပကြော့ရှင်းနေပေမယ့် ကျောင်းဆင်းချိန်ဆိုလျှင် ဆံပင်စုပ်ဖွား၊ သနပ်ခါးပျယ်သော မျက်နှာဖြင့် သရဲရုပ်ပေါက်နေတတ်သည်။ နေ့လည် အတန်းလစ်ကာ နှစ်နာရီခန့် ဘတ်စ်ကားစီးပြီး  မြို့ထဲ ရုပ်ရှင် သွားကြည့်တတ်ကြသေးသည်။ သေချာသည်ကတော့ သူတို့ တက္ကသိုလ်ကျောင်းသူဘဝသည် ငယ်ငယ်တုန်းက သူတို့ ကြားဖူးခဲ့သော တက္ကသိုလ်ကျောင်းသူဘဝနှင့်တော့ ခြားနားနေခဲ့သည်။
အဆောင်မှာ ထမင်းဟင်းတွေ စားမကောင်းရင် စိတ်မညစ်နဲ့... အတူနေရတော့မှ မင်းကို ချက်ကျွှေးမှာ...
အင်းလျားဆောင်သူလေးရေ ..အင်းလျားဆောင်သူလေးရေ သိပ်ချစ်မိတယ့်အကြောင်း မင်း သိပါစေ...
မောင့်ရဲ့ သီရိမေ..မောင်ရဲ့သီရိမေ... ပျော်ရွှင်ပါစေ..ငြိမ်းချမ်းမူအပေါင်းတွေ ခရောက်နိုင်ပါစေ...
ငယ်ငယ်က သူတို့ ကြားဖူးခဲ့သော တက္ကသိုလ်ဖွဲ့ သီချင်းများသည် သူတို့နှင့် လားလားမှ မဆိုင်ခဲ့ပါ။  စာအုပ်အောက်ချကာ ကူးကြသော ကျူတိုရီယမ်ချိန်များ၊ ဓာတ်ပြုပစ္စည်း လိုတာထက် ပိုထည့်မိ၍ အရောင်မပြောင်းသော ပရယ်တီကယ်ချိန်များ၊ ဖြတ်ညှပ်ကပ် တင်ကြသော အဆိုင်းမင့်များ၊ အတန်းလက်မှတ် ခိုးထိုးပေးချိန်များကတော့  သူတို့ခေတ် သူတို့အခါ တက္ကသိုလ်၏ ရန်ခုန်စိတ်လှုပ်ရှားဖွယ် အကောင်းဆုံးအချိန်များ ဖြစ်မည်ထင်ပါသည်။

သူတို့ တက္ကသိုလ်တွင် အင်းလျားဆောင်၊ မာလာဆောင်၊ သီရိဆောင်များ မရှိပါ။
ဖွင့်ပြီးမကြာခင် မိုးယို၍ ပြောင်းပြေးရသော အဆောင်များတော့ ရှိသည်။
သစ်ပုတ်ပင် မရှိပါ ။ ကုက္ကိုပင်များတော့ ရှိသည်။
အင်းလျားကန် မရှိပါ။ မိုးရွာလျှင် ရေပြည့်နေတတ်ပြီး နေပူလျှင် ဖုန်ထထောင်းထာင်း ထနေတတ်သော လယ်ကွင်းများတော့ ရှိသည်။
အဓိပတိလမ်း မရှိပါ။ ကျောင်းမုခ်ဝမှ တော်တော်လေး ဝင်ရသော တော်ဝင်လမ်းတော့ ရှိသည်။
သို့သော်လည်း သူတို့တက္ကသိုလ်ကျောင်းသူဘဝသည် ဟိုးအရင်တုန်းက တက္ကသိုလ်ကျောင်းသူများနည်းတူ သူ့နည်းသူ့ဟန်ဖြင့်တော့ ပျော်ရွှင်ခဲ့ကြသည်သာ ဖြစ်သည်။

မြို့ပြင်များတွင်ရှိသည့် တက္ကသိုလ်များအနီးရှိ အရက်ဆိုင်များတွင် အရက်ကို လွယ်လွယ်ကူကူ ရနိုင်လေသည်။ ကျောင်းစတက်တယ့်နေ့အထိမ်းအမှတ်၊ ကျောင်းနောက်ဆုံးနေ့စသည်ဖြင့် အမှတ်တရ အရက်ဝိုင်းပါတီများ ဆင်နွှဲရင်း အရက်သမားလုံးလုံး ဖြစ်သွားသူ ရှိသည်။ ကျောင်းကားပေါ်မှာ ပိုကာဒေါင်းရင်း ဖဲသမားလုံးလုံး ဖြစ်သွားသူ ရှိသည်။ စာအုပ်ကို မျက်နှာနှင့်မခွာ ပုလင်းဖင် မှန်ကြောင် ငကြောင်များလည်း ရှိသည်။ ကဗျာစာအုပ်၊ ဝထ္ထုတိုစာအုပ် ပေါင်းထုတ်၊ ပြဇာတ်က၊ ကျောင်းသီချင်းခွေ ထုတ်ကြသော ကဗျာရူး၊ စာရူး၊ အနုပညာရူးများလည်း ရှိသည်။ ကျောင်းအားကစားကွင်း မရှိသော်လည်း ချိန်းကန်ကြသော ဘောလုံးပွဲများ ရှိသည်။


သိန်းသုံးဆယ်၊ လေးဆယ်တန် ဆယ်လူလာဖုန်း ပေါ်လာသောအခါ ဖုန်းကိုင်နိုင်သူဟူ၍ တကျောင်းလုံးတွင် လက်ချိုးရေ၍ ရသည်။ အကောင်ကြီးကြီး သားသမီးများနှင့် လူချမ်းသာ သားသမီးများသာ ကိုင်နိုင်သည်။ အကြောင်းအမျိုးမျိုးကြောင့် ချိန်းသည့်အချိန်ကို အချိန်မှီ မရောက်နိုင်သောအခါ ဘတ်စ်ကားမှတ်တိုင်၊ စားသောက်ဆိုင်များတွင် စောင့်ဆိုင်းနေသည့် သူငယ်ချင်းများကို ဆက်သွယ်အကြောင်းကြားဖို့ လိုချိန်တွင်တော့ လက်ကိုင်ဖုန်း လိုချင်မိသည်။ လူလတ်တန်းစားများဖြစ်သော သူတို့နှင့် ဆယ်လူလာဖုန်းသည် အတော်လေး အလှမ်းဝေးနေခဲ့သည်။

တိုးတက်သော နိုင်ငံများ၊ လူတိုင်းကားစီးနိုင်သော နိုင်ငံများတွင် ကားမှထုတ်လွှင့်သော ကာဗွန်ဒိုင်အောက်ဆိုဒ် လျှော့ချဖို့၊ ကားလမ်းပိတ်ခြင်းကို လျှော့နည်းစေဖို့ အစိုးရမှ ကိုယ်ပိုင်ကားများအစား အများသုံး ဘတ်စ်ကားစီးဖို့၊ ရထားစီးဖို့ တိုက်တွန်းသည်ဟူ၍။  လေထုညစ်ညမ်း လျှော့ချခြင်းကို တတပ်တအား ပါဝင်သည့်အလား သူတို့သည်လည်း ဘတ်စ်ကားသာ စီးလေသည်။ တခါတရံ လှည်းတန်းမှ ဆင်မလိုက်အဝေးပြေး မှတ်တိုင်ထိ နှစ်မှတ်တိုင်၊ အင်းလျားမှ လှည်းတန်းထိ  စကားလည်း ကြာကြာပြောရအောင်၊ ဘတ်စ်ကားကျပ်ခြင်းကိုလည်း ရှောင်ရင်း ကားခလည်း သက်သာအောင် လမ်းလျှောက်တတ်ကြသေးသည်။

ငါ့ သူငယ်ချင်းတယောက် အနှိုက်ခံရလို့...
ဟေ..ပိုက်ဆံ ပါသွားရောလား...
ဟုတ်ဘူး လူကို နှိုက်တာ...
အရှေ့လား အနောက်လား...
အရှေ ့အလယ်ပိုင်းကို..
ဟေ...

ငါ့ ဘေးနားက ကောင်လေးတယောက် အငြိမ်မနေဖြစ်နေလို့ လှည့်ကြည့်လိုက်တော့ သူက အန်ကယ်ကြီး တယောက်ကို ကြည့်နေတယ်..အန်ကယ်ကြီးက အသက် ၆၀ကျော်လောက်..တိုက်ပုံတွေ ဘာတွေနဲ့ ..ပုဆိုးမှာ အပေါက်ကြီးနဲ့...
ဟင်...ပုဆိုးမှာ ပေါက်နေတာ မသိဘူးလား..ရှက်သွားမှာပဲနော်...
အောင်မလေးဟဲ့.. နင်ကလည်း ထုံးဝေးလိုက်တာ..သူ့ဟာနားမှာ ဖောက်ထားတာ..ငါနဲ့အဲဒီကောင်လေး ကြည့်နေမှန်းသိတော့ တခါတည်း ဆင်းပြေးသွားတာပဲ...နင်တို့တွေ ဘတ်စ်ကားစီးရင် သတိထားနော်...


သမင်မွှေးရောင်ထမီ ဝယ်ချင်လို့ လှည်းတန်းဈေး လိုက်ခဲ့။ တဈေးလုံး ပတ်ရှာသော်ငြား မတွေ့၍ မင်္ဂလာဈေးသွားမည်ဟု သင်းခိုင်က ဆိုသောအခါ အားလုံးက
ငါ့ခြေထောက်တော့ မရတော့ဘူး..ဖြိုးဝေ နင် သင်းခိုင်နဲ့ အဖော်လိုက်သွားလိုက်..
ဟေ..လေးဖက်နာသမားကို နှိပ်စက်တော့မှာလား...
ခိုင်မေ..နင် အဖော်လိုက်ခဲ့...
ငါ စာသွားသင်ရဦးမယ်...
ရွှေစင် နင်ရော..
ငါ ကြီးမေခိုင်းတာ သွားလုပ်ရဦးမယ်..
မေထက် နင်ရော ဘယ်လိုလဲ..
ငါ စဉ်းစားနေတာ သမင်မွှေးရောင်ဆိုတာ ဘယ်လိုအရောင်လဲလို့..အညိုလား...အညိုနဲ့ ရွှေရောင် ကြားထဲက အရောင်လားး...ငါ တိရစ္ဆာန်ရုံကို သွားကြည့်လိုက်ဦးမယ်...
ထို သမင်မွှေးရောင် ရှာပုံတော် ဖွင့်ပြီးကတည်းက သင်းခိုင် လျှော့ပင်းမည်ဆိုလျှင် အားလုံးတညီတညွှတ်တည်း ဆိုသောစကားက နင့်ဘာသာ သွား...

ရွှေစင်နှင့် မေထက်ကတော့ အရင်လို ဆံပင်တိုဆဲမြဲ ဖြစ်သော်လည်း ဝတ်ရည်နှင့် ခိုင်မေကတော့ ပခုံးကျော်ခန့်ရှည်လာခဲ့သည်။ ဖြိ  ုးဝေနှင့် သင်းခိုင်က ခါးလယ်ခန့် ရှည်သည်။ ကျန်းမားရေးမကောင်း ချုချာသည့် ဖြိုးဝေကို ဆံပင်ညှပ်ဖို့ တိုက်တွန်းသောအခါ
ငါ ဘာလို့ ဆံပင်ရှည်ထားတာလဲ သိလား...
သိဘူး...
ခုခေတ် ဆံပင်ဈေးကောင်းတာများ တပိသာဆို သောင်းချီရတယ်..ဘိုင်ပြတ်ရင် ဆံပင်ဖြတ် ရောင်းစားမလို့...
တိန်.. အကြံကြီး အကြီးကြံ ပါပေတယ်...


သီချင်းဆိုဝါသနာပါကာ သီချင်းတညည်းညည်း ရှိနေတတ်သော ရွှေစင်သည် ခရစ်ယာန်ဘာသာဝင် ဘုရားကျောင်တီးဝိုင်းတွင် ဂီတာတီးသော သူငယ်ချင်းကိုဂျိမ်းစ်ထံမှ ဂီတာတီး သင်ယူသည်။ တယောက်ကိုတယောက် ချစ်ကြသော်လည်း သဘောမတူသော ကြီးမေကြောင့် သူတို့ချစ်ခရီးလမ်းသည် ပန်းခင်းလမ်းလို မဖြောင့်ဖြူးခဲ့။ ဂျိမ်းစ်က ရိုးသားတယ် ရွှေစင့်ကို တကယ်ချစ်တယ်ဆိုတာ ကြီးမေ ယုံပါတယ်။ ခရစ်ယာန် တရားဟောဆရာရဲ့သား ဂျိမ်းစ်က ဘာသာပြောင်းမှာ မဟုတ်သလို ရွှေစင့်ကိုလည်း သမီးတို့တွေ ဘာသာပြောင်းစေချင်မယ် မထင်ဘူး။ ကြီးမေကို နားလည်ပေးပါဟု ပြောလာသောအခါ ကြီးမေရင်ထဲက ခံစားချက်ကို သူတို့နားလည်မိသည်။ အိမ်ထောင်မပြုဘဲ တူမလေးကို ကိုယ့်သမီး အရင်းနှင့်မခြား ကျွှေးမွှေးပြုစုစောင့်ရှောက်ခဲ့သော ကြီးမေ၏ မေတ္တာကို သူတို့လေးစားမိသည်။ ရွှေစင် ကြီးမေက လုံးဝ သဘောမတူဘူးနော်..ဇွှတ်မတိုးနဲ့...ကြီးမေ ကျေးဖူးတွေ နင့်အပေါ်မှာ အများကြီး...

ဆံပင်ရှည်ရှည်..အရပ်မြင့်မြင့် ကိုယ့်ချစ်သူလေး..
ခါးလယ်ခန့် ဆံပင်ရှည်ရှည်များဖြင့် အရပ်မမြင့်သူမှာ သင်းခိုင်ဖြစ်သည်။ သူငယ်ချင်း၏ အကိုဖြစ်သူ သင်္ဘောသား ကိုကြီးအောင်နှင့် ချစ်သူဖြစ်ပြီးသောအခါမှ သူငယ်ချင်းအားလုံးကို အသိပေးသည်။ ကိုကြီးအောင်အတွက် အစားအသောက်၊ လိုအပ်သော ပစ္စည်းများ ပို့ပေးတတ်သလို စာရေးကာ သူတို့၏ ချစ်သူအိမ်မက်ကို တည်ဆောက်ကြသည်။ ကိုကြီးအောင်က သူ့စုဆောင်းငွေကို သင်းခိုင်ထံပို့ပြီး မင်္ဂလာဆောင်လျှင် နေထိုင်ဖို့ တိုက်ခန်းဝယ်ခိုင်းသော အချိန်တွင် ဇာတ်လမ်းစလေသည်။

ကိုကြီးအောင်၏ လုပ်အားခဝင်ငွေကိုသာ အားထားနေရသော မိသားစုသည် ကိုကြီးအောင်ထံမှ အရင်လို မရသောအခါ ရည်းစားဖြစ်သူ သင်းခိုင်ကို ငြူစူကြလေသည်။ မယူခင်ကတည်းက နိုင်စားနေပြီ ယူပြီးရင်တော့ဖြင့် ကိုကြီးအောင်လစာ တပြားမှ ထိရတော့မှာ မဟုတ်တော့ဘူးဖြင့် စကားတွေက ချဲ ့ကားလာသောအခါ သင်းခိုင်မာန ထိပါးလာသည်။ ငါ့မှာ ကိုယ်ပိုင်ဆိုင် ရှိတယ်။ ငါက ကိုကြီးအောင်လစာ မရဘဲ ရပ်တည်နိုင်တယ်။ ခေါင်းမာသော သင်းခိုင်သည် ကိုကြီးအောင် မြတ်နိုးလှပါသည်ဆိုသော ဆံပင်ရှည်များကို ဖြတ်လိုက်သလို ဒီလိုမိသားစုနဲ့ မပတ်သက်ချင်ဘူးဆိုကာ ကိုကြီးအောင်ကိုပါ ဖြတ်လေသည်။

ချစ်သူရဲရဲ ရုတ်တရက် မထင်မှတ်ဘဲ အိမ်ထောင်ပြုသောအခါ သူငယ်ချင်းအားလုံးက ခိုင်မေ့အတွက် ခံပြင်းဒေါသထွက်ကြသည်။ ရဲရဲအတွက် နုတ်စ်၊ အတန်းလက်မှတ်၊ ပရယ်တီကယ်ချိန်အားလုံးက ခိုင်မေ့တာဝန်။ နားမလည်သော စာများကို ရှင်းပြပေးရသေးသည်။ ခိုင်မေ့ကြောင့်သာ မဟုတ်လျှင် ရဲရဲ ပထမနှစ် အောင်ခဲ့မည်မထင်။ မိန်းကလေးက ထောင်ဖမ်းတာပဲဆိုဆို၊ အရက်မူးလို့ မှားသွားတာပဲဆိုဆို ရဲရဲသည် တခြားသူတယောက်၏ ယောက်ျားဖြစ်နေပေပြီ။
ခိုင်မေ..ငါ့ကို ခွှင့်လွှတ်ပါနော်..
ငါ နင့်ကို အပြစ်မတင်ပါဘူး ရဲရဲရယ်..ငါ့ကံလို့ပဲ သဘောထားပါတယ်..။

ကျောင်းမှ သူငယ်ချင်းများရှေ့တွင် ဟန်မပျက် ဘာမှမဖြစ်သလို ဟန်ဆောင်နိုင်သော်လည်း သူတို့ရှေ့တွင်တော့ ခိုင်မေ  ဟန်မဆောင်နိုင်ပါ။ အစပိုင်းတွင် ရဲရဲကို သတိရသော်လည်း သူ့နှလုံးသား ဒဏ်ရာဒဏ်ချက်များသည် အကောင်းဆုံးသမားတော်ဖြစ်သော အချိန်က ကုစားသွားလေသည်။ နှစ်ကြိမ်တိတိ ခဲမှန်ဖူးထားသော စာသူငယ်သည် အချစ်ဆိုသောအရာကို တကယ် ကြောက်သွားလေသည်။

မောင်စံရှားက ချစ်သူသက်တမ်း သုံးနှစ်ပြည့် ချစ်သက်လက်ဆောင် ရွှေလက်စွပ်ပေးသောအခါ ဝတ်ရည်တယောက် အခက်တွေ့လေသည်။ သမီး လက်စွပ်က အသစ်လား.... မေမေ အရင်က မမြင်ဖူးပါဘူး။ လမ်းဘေးမှာရောင်းတယ့် လက်စွပ်တွေကို ခိုင်မေတို့နဲ့ တယောက်တခု ဝယ်ကြတာ မေမေ။ သူတို့နာမည်အတိုကောက် ထွင်းထားသော လက်စွပ်အတွင်းဖက်ကို မြင်သွားလျှင် လမ်းဘေးမှ ဝယ်လာတာဟု ဘယ်လိုမှ မေမေ ယုံကြည်မယ် မထင်။ မောင်စံရှားက အမြဲဝတ်စေချင်သော်လည်း နှစ်ဦးသား တွေ့ဆုံသောအခါမှ ဝတ်ဆင်လေသည်။

အသည်းရောင်အသားဝါဘီပိုးရှိသောကြောင့် စစ်ဖက်မှ အရပ်ဖက်သို့ မောင်စံရှား ပြောင်းလာသည်။ ချိန်းတိုင်း ဖေဖေ၊ မေမေ၊ မောင်လေး ကျင်လည်တတ်သော နေရာများကို ရှောင်ကြဉ်ရသည်။ မောင်စံရှားက အိမ်ကို အသိပေးချင်သော်လည်း မေမေ့ကို ဝတ်ရည် ကြောက်သည်။ ကျောင်းပြီးမှ အိမ်ကို အသိပေးဖို့ စီစဉ်ထားသည်။

နိုင်ငံခြားကို ထွက်သွားတာလား၊ ကျောင်းပြောင်းသွားတာလားတော့မသိ ဒုတိယနှစ်တွင် နပ်နပ်ကို မေထက် မတွေ့တော့။ မကြာမှီ  အသားညိုညို၊ အရပ်မြင့်မြင့်၊ မျက်ခုံးထူထူ၊ နှာတံမြင့်မြင့်၊ ကချင်လွယ်အိတ်အနီရောင်လေး လွယ်တတ်သော ခိုင်ဟု သူတို့ခေါ်ကြသော ကောင်လေးတယောက်ကို မေထက် ချစ်မိသွားသည်။ တကျောင်းတည်း တနှစ်တည်း မျက်မှန်းတန်းမိသော်လည်း ခိုင်ကလည်း မေထက် အနားမလာခဲ့သလို  မေထက်ကလည်း ခိုင့်အနား မရောက်ခဲ့ပါ။

အကြည့်တွေဆုံ...
ရင်တွေခုန်...
ဖွင့်ဟလာနိုး...
မယ်မျှာ်ကိုး...
မိန်းကလေးအိန္ဒြေဖြင့် မျှော်ကိုးနေသော မေထက်ကို အားမလို အားမရ ဖြစ်မိသည်။ နင် တကယ်လိုချင်ရင် နင်ကလည်း ကြိုးစားရမယ်။ မြောင်းမပေးဘဲ ရေက ဘယ်လို လာမှာတုန်း။ မေထက်တယောက်ကတော့ မျက်လုံးချင်း စကားပြောကာ သံယောဇဉ်တွေ တိုးရစ်လာသည်။ မေထက်မျက်နှာတွင်ရှိသော တင်းတိပ်အမည်းကို အကြောင်းပြု၍ စနောက်သော ခိုင့်ကို မေထက် နာကြဉ်းသွားသည်။ သူတပါး၏ အားနည်းချက်ကို လှောင်ပြောင်ခြင်းသည် အရုပ်ဆိုးအကျည်းတန်ဆုံး  ဖြစ်သည်။

အရင်ကတည်းက မနီးကြသော သူတို့နှစ်ယောက် ပိုဝေးသွားခဲ့သည်။ တကယ်ချစ်လျှင် နီးစပ်ဖို့ အခွင့်အရေးတွေ အများကြီး ရှိရဲ့သားနဲ့ ဖွင့်ဟမလာတာ မေထက်ကို တကယ်မချစ်လို့ဆိုတာ သူတို့က ရှင်းရှင်းလင်းလင်း နားလည်သော်လည်း ကာယကံရှင် မေထက်ကတော့ ခိုင် သူ့ကို ချစ်တယ်ဟု ယုံကြည်နေခဲ့သည်။

ဆေးကျောင်းတက်တိုင်း ဆရာဝန်မဖြစ်သူများတွင် ခိုင်လည်း တယောက်အပါအဝင် ဖြစ်သည်။ အစိုးရရုံးတွင် အလုပ်လုပ်ရင်း သူငယ်ချင်းများရှိရာ ဆေးကျောင်းသို့ တခါတရံ လာရောက်လည်ပတ်ချိန်များတွင် မေထက်တယောက် အတိုင်းမသိ ပျော်ရွှင်ရသည်။ ခိုင် ချစ်သူရှိပြီဆိုတာ သိရသည့်နေ့က  မေထက်တယောက် အသည်းကွဲလေသည်။

အင်းလျားရေပြင်ကို ဖြတ်သန်းတိုက်ခတ်လာသော လေနုအေးလေးမှာ အသည်းကွဲသူ မေထက်ရင်ကို မအေးစေပါ။
( မေထက် ) ဘီယာသောက်မယ်..
( ဖြိုးဝေ ) ဘီယာတော့ မသောက်နဲ့ ဘီယာနဲ့အရောင်တူတယ့် ကြံရည်သောက်...
( မေထက်) ငါ  သူ့ကို မျှော်လင့်နေတာ၊ ချစ်နေတာ သူ မသိဘူးလား..ခိုင် ငါ့ကို မချစ်ဘူး..ဟီး..ဟီး..
( သင်းခိုင် ) ရည်းစားတောင် မထားရသေးဘဲ အသည်းကွဲရတယ်လို့..ငိုမနေနဲ့ တိတ်..ခိုင့်ထက် သာတာ လာမှာ...
( မေထက် ) ရည်းစားရှိမှ အသည်းကွဲရမှာလား..ရည်းစားမရှိရင် အသည်းမကွဲရတော့ဘူးလား..ဟီး...ဟီး...
( ခိုင်မေ) နင် အရင်တုန်းက ပြောဖူးပါတယ်.. အချစ်က နှစ်နှစ်ပဲ ခံတယ်ဆို..နှစ်နှစ် ခံမခံ စမ်းသပ်လိုက်ရအောင်...

တက္ကသိုလ်ကျောင်းမှ ငွေလမင်းကြောင့် သူတို့တွင် လှပသော လပြည့်ရက်များ ရှိခဲ့သလို မှောင်မည်းသော လကွယ်ရက်များလည်း ရှိခဲ့ဖူးသည်။

(ကျောင်းပြီးလျှင် ထိုမိန်းကလေးတွေ အရင်လို ခံစားချက်တွေ မျှဝေတုန်းလား..ဆက်ရန်)

စန်းထွန်း
မတ်လ ၂၃၊ ၂၀၁၃။
All photos are from Google.

အချစ်ကို မယုံကြည်ကြသူများ...၁

မြင်ဖူးသလိုပဲ ကြည့်မြင့်တိုင် ညဈေးနား နေတာလားဟင်...
ဟုတ်ဘူး ငါက ဘုရင့်နောင်နားမှာ နေတာ...
ဒါပေမယ့် နင့်ကို မြင်ဖူးသလိုပဲ..
ဒီလိုပြောတာ တယောက်မကတော့ဘူး...ငါ့ရုပ်က တူတယ့်သူ များတယ် ထင်တယ်..တနေ့ကပဲ ကားပေါ်မှာ ဆရာမတယောက် သူ့တပည့်ထင်လို့ လာနှုတ်ဆက်တယ်..နင် ဘယ်အချိန်ပြန်မှာလဲ..
ဒီအတန်းပြီးတာနဲ့ ပြန်မှာ.. မှတ်ထားနော် ငါ့နာမည်က ခိုင်မေ...
ဒါဆို အတူတူ ပြန်ရအောင်..ငါ့နာမည်က မေထက်..ငါက ဆင်မလိုက်မှတ်တိုင်မှာ ဆင်းပြီး ကားပြောင်းရမှာ...

သိသူများနှင့်ဆိုရင် စကားများသလောက် မသိသူများဖြင့်ဆိုလျှင် နှုတ်ဆက်နေတတ်သည့် မေထက်တယောက် စတက်တည့်နေ့မှာပင် သူငယ်ချင်း ရလေသည်။  အတန်းဆင်းချိန်တူကာ ကားအတူတူစီးသည့် ဖြိုးဝေ၊ ခိုင်မေ့ ငယ်သူငယ်ချင်း မေရီ ၊ မင်္ဂလာဒုံက လာတက်သည့် ဖြိုးဝေ့ သူငယ်ချင်း သင်းခိုင်၊ ရွှေပြည်သာက ရွှေစင်တို့ဖြင့် အုပ်တောင့်လာသည်။

ဟပ်.....ဟပ်..ချိုး..
ရော့..တစ်ရှူး...
ကျေးဇူးပဲနော်...
တစ်ရှူးပေးသူမှာ မေထက်ဖြစ်ပြီး ထိုဟပ်ချိုးသော ကောင်မလေးမှာ  မော်ဒယ်လေးလို ပိန်သွယ်လှပပြီး  မေထက် စတွေ့ကတည်းက  ကွင်းဘွဲ့ပေးထားသည့်  ရွှေပြည်သာမှ ဝတ်ရည်ဖြစ်သည်။ မိတ်ဆွေဖြစ်ဖို့စကားတစ်ခွန်းသာ လိုလေသည်။

တက္ကသိုလ်တက်ရန် စောင့်ဆိုင်းနေကြသူများဖြစ်သောကြောင့် အချိန်ပိုနေလေရာ အရင်လို မနက် ၇ နာရီမှ ၈ နာရီခွဲ အခြေခံအင်္ဂလိပ်စာသင်တန်း မတက်တော့ဘဲ မနက် ၈ နာရီခွဲကနေ ၁၀ အထိ အင်တာမီဒီယိတ်အတန်း၊ ၁၁နာရီခွဲကနေ ၁၂ နာရီအထိ စီနီယာများ သင်သော စာဖတ်တန်း၊ ၁၂ ခွဲကနေ နေ့လည် ၁နာရီခွဲအထိ အရေး၊ ဘာသာပြန်၊ ၁နာရီခွဲကနေ ၃ နာရီထိ စာဖတ်တန်းတက်ပြီးမှ ပြန်ကြလေသည်။

ကားအပြန်တူသည့် မေထက်၊ ခိုင်မေ၊ မေရီ၊ ဖြိုးဝေတို့က တဖွဲ့၊ သင်းခိုင်၊ ဝတ်ရည်၊ ရွှေစင်တို့က တဖွဲ့ ဖြစ်လေသည်။ သူများတကာတွေက စာရေးခုံနှင့်တွဲလျက် ထိုင်ခုံကို လုကြပေမယ့် သူတို့အဖွဲ့ကတော့ သင်တန်း၏ ညာဖက်အလယ် နံရံကပ်လျက် ထိုင်ခုံ၁၀ယောက်စာကို ဦးတတ်သည်။ နေ့လည်စာ စားပြီးလျှင် လှည်းတန်းဈေး၊ စာပေလောက စာအုပ်ဆိုင်ဖက် လမ်းလျှောက်ကြသည်။ ညနေဖက်သင်တန်းပြီးသော်လည်း တခါတရံ အင်လျားကန်ဖက် သွားထိုင်ကြသည်။

ဆက်ကျော်သက်အရွယ် ကောင်မလေးများတွင် ပြောစရာစကား များများစားစားရှိမည် မထင်။ သို့သော် သူတို့တွင် တကယ့်ကို ပြောစရာစကား အများအပြား ရှိနေကြသည်။  ပြောကြသည့် အကြောင်းအရာများမှာ ကြားရသူအတွက် အဓိပ္ပာယ်ရှိချင်မှ ရှိမည်။ သူတို့အတွက်ကတော့ ရင်ဘတ်ချင်းဖလှယ်ရာ ၊ ခံစားချက်များ မျှဝေရော ဖြစ်သည်။ မိသားစုအကြောင်း၊ အိမ်နီးချင်းအကြောင်း၊ ဖြတ်သန်းခဲ့သော ငယ်ဘဝ၊ ဖတ်ခဲ့ဖူးသော စာအုပ်များ၊ ကြည့်ခဲ့ဖူးသော ရုပ်ရှင်၊ နားထောင်ဖူးသော သီချင်း၊ အကြိုက်ဆုံးအစားအစာ၊ မျှော်လင့်ချက် ပြီးတော့ ဆယ်ကျော်သက်အရွယ် မိန်းကလေးများ၏ ရင်ခုန်သံ။ နေ့လည်ဖက်တွင် ပြောလို့မကုန်နိုင်ကြဘိအလား ညဖက်တွင်လည်း ဖုန်းဆက်ကာ ရင်ဖွင့်တတ်ကြသေးသည်။


မေထက်...
အစ်မဖြစ်သူ မေခက်၊ မောင်ဖြစ်သူ နေထက်၊ မိဘများက ပညာရေး အားပေးသလို စာတော်သော မေထက်သည် ဆေးတက္ကသိုလ်တက်ဖို့ စောင့်ဆိုင်းနေသူဖြစ်သည်။ ဖခင်ဖြစ်သူ တာဝန်ကျရာမြို့များကို ပြောင်းရွှေ့ရင်း အထက်တန်းအောင်ခဲ့သော မေထက်တွင် ငယ်သူငယ်ချင်း အရင်းအချာ မရှိသလောက် ရှားသည်။ ညဏ်မကောင်းသော်လည်း ကြိုးစားသည့် မေထက်သည် အုပ်စုထဲတွင်လည်း အင်္ဂလိပ်စာအတော်ဆုံးဖြစ်သည်။ လွယ်လွယ်ကူကူနှင့် မိတ်ဆွေမဖွဲ့တတ်သော်ငြား သူငယ်ချင်းကိုများ ခင်မင်တွယ်တာသူ၊  မဟုတ်မခံ ဆတ်ဆတ်ကြဲ ၊ နိုင်ငံခြားကျောင်းတက်ဖို့ စိတ်ကူးယဉ်နေသူဖြစ်သည်။

ဖြိုးဝေ
အုပ်စုထဲတွင် အသေးဆုံး၊ ဆံပင်အရှည်ဆုံး၊ သူငယ်ချင်းများအပေါ် အနွံအတာအခံဆုံး ဖြစ်သည်။ မေထက်၊ ဝတ်ရည်တို့ထက် တစ်နှစ်ကြီးပြီး ဒဂုံတက္ကသိုလ်တွင် ရုက္ခဗေဒဘာသာရပ် တက်ဖို့စောင့်ဆိုင်းနေသူဖြစ်သည။ ဖြိုးဝေတွင် တိုးဝေဆိုသည့် အကိုတယောက် ရှိသည်။ မိခင်၏ ပန်းဆိုင်ကို ဦးစီးရင်း ကျန်းမာရေးမကောင်း ချူချာသူဖြစ်သည်။ ဖခင်၏ နောက်အိမ်ထောင်ကို အမေလေးဟုခေါ်ပြီး အဖေတူအမေကွဲ မောင်နှမများကိုလည်း ချစ်ခင်သည်။ သူ့မိဘများ၏ အိမ်ထောင်ရေးကို ကြည့်ပြီး အိမ်ထောင်ပြုဖို့ ကြောက်နေသူဖြစ်သည်။

ခိုင်မေ
စကားပြောကောင်းသလို ပေါင်းသင်းဆက်ဆံရေးကောင်းသူ၊ စာသင်ဂိုက် ဖြစ်သည်။ မေထက်၊ ဝတ်ရည်တို့ထက် နှစ်နှစ်ကြီးသည်။ အရှေ့ပိုင်းတက္ကသိုလ်တွင် ရူပဗေဒဘာသာရပ် တက်ဖို့ စောင့်ဆိုင်းနေသူ ဖြစ်သည်။ ဇင်ဝေဆိုသည့် မောင်လေးတယောက် ရှိသည်။ သူယုံကြည်ရာ နိုင်ငံရေးလုပ်ရင်း ထောင်ထဲ ဝင်လိုက်၊ ထွက်လိုက်နှင့် သူ ခံစားရသည့် ဆင်းရဲဒုက္ခများကို သားသမီးများ မခံစားစေချင်သော ဖခင်ကြောင့် နိုင်ငံရေး စိတ်မဝင်စား။ သင်တာကောင်းသည့်၊ အောင်ချက်ကောင်းသည့် ဘော်ဒါဆောင် တည်ထောင်လိုသူ ဖြစ်သည်။


ဝတ်ရည်
ဖခင်ဆီမှ ပိန်ပိန်ရှည်ရှည် ခန္ဓာကိုယ်၊ ဇင်ယော်တော်ပံ မျက်ခုံး၊ မျက်ဝန်းဝိုင်းဝိုင်းများကို ပိုင်ဆိုင်ထားပြီး မိခင်ဆီမှ ဖြူဝင်းသော အသားအရည်၊ အညိုရောင် မျက်ဝန်းများကို ပိုင်ဆိုင်ထားပြီး ပြစ်မျိုးမှဲ့မထင် လှပသည့် ဝတ်ရည်သည် စကားပြော မွန်ရည်ပြီး ကြောက်တတ်သူ၊ ကျန်းမာရေး မကောင်းသူလေး ဖြစ်သည်။ သန့်ဇင်ဆိုသော မောင်လေးတယောက် ရှိသည်။ မေထက်နှင့် ဆယ်တန်းတစ်နှစ်တည်း အောင်ပြီး ဒဂုံတက္ကသိုလ်တွင် စီးပွားရေးခန့်ခွဲမှု ဘာသာရပ် တက်ဖို့ စောင့်နေသူလေးဖြစ်သည်။ ဝတ်ရည်ကတော့ ကျန်းမာရေးကောင်းချင်သူ ၊ စာတော်ချင်သောသူ ဖြစ်သည်။

သင်းခိုင်
အုပ်စုထဲတွင် ခေါင်းအမာဆုံး ဇွတ်တရပ်နိုင်သူလေး ဖြစ်သည်။ ဈေးဆိုင်ပိုင်ရှင် မိဘများကြောင့် စီးပွားရေး အတက်အချက် ကျွှမ်းကျင်သည်။ အလတ်ဖြစ်သော်လည်း အိမ်ထောင်စောစောပြုသော အမဖြစ်သူကြောင့် အမကြီးနေရာ ယူနေသူဖြစ်သည်။ သင်တန်းလည်း မတက်ချင် စီးပွားရေးလည်း မလုပ်ချင်သော မောင်ဖြစ်သူကို မလေးရှားပို့ဖို့ လုံးပန်းနေသည်။ ဒဂုံတက္ကသိုလ်တွင် သတ္တဗေဒဘာသာရပ်တက်ဖို့ စောင့်နေသူဖြစ်သည်။ ဒူးရင်းသီး၊ တညင်းသီး အုန်းနို့ဆမ်း၊ မျှစ်တို့စားကာ အကြောတက်၊ ခေါင်းကိုက်တတ်သည်။ သူဖြစ်လိုက်လျှင် အားလုံးမှာ ဟယ်ကနဲ နေကာ အံ့အားသင့် ထိတ်လန့်တကြားဖြစ်စေသူဖြစ်သည်။ အောင်မြင်သော စီးပွားရေးလုပ်ငန်းရှင် ဖြစ်လိုသည်။

ရွှေစင်
မေထက်၊ ဝတ်ရည်တို့ထက် တစ်နှစ်ကြီး ဖြိုးဝေနှင့် အသက်တူသည်။ မျက်ခုံးမျက်လုံးကောင်းကောင်းနှင့် ညိုညက်သော အသားအရည်ပိုင်ရှင်၊ ဆံပင်တိုတို နားဆွဲတွဲလောင်းလေးနှင့်  သွက်လက်ချက်ချာသည်။ နောက်အိမ်ထောင်ပြုသော မိခင်ကြောင့် မိခင်၏ အစ်မ ကြီးမေ၏ အုပ်ထိန်းမှုအောက်တွင် ကြီးပြင်းခဲ့ရသည်။ ဒဂုံတက္ကသိုလ်တွင် သချာၤဘာသာရပ် တက်ဖို့စောင့်ဆိုင်းနေသူဖြစ်သည်။ သူ၏ ဝါသနာမှာ သီချင်းဆိုခြင်း ဖြစ်ပြီး အဆိုတော်ဖြစ်ချင်နေသူလေး ဖြစ်သည်။


သစ်ရွက်လှုပ်တာတောင် တခစ်ခစ် ရယ်တတ်သော အရွယ်တွင်  အကြည့်ချင်းဆုံလျှင် ရည်ခုန်သည်။ ကန်ရေပြင်တွင် လေညင်းတိုက်ခတ်သောအခါ လှိုင်းကြပ်ခွပ်လေးများ ရိုက်ခတ်သွားသလို ငြိမ်သက်နေသော နှလုံးသားရေပြင်တွင်လည်း လှိုင်းကြပ်ခွပ်လေးများ ရိုက်ခတ်ဖူးသည်။ ဆယ်ကျော်သက်အရွယ်တွင် ရင်မခုန်ခဲ့ပါဘူးဟုဆိုလျှင် ညာရာရောက်မည် ထင်သည်။ ထိုမိန်းကလေးများသည်လည်း ရင်ခုန်ခဲ့ဖူးသည်။

(ရွှေစင်) ငါ သဘောကျနေတယ့် ကောင်လေးတယောက် ရှိတယ်...နင်တို့ကို ငါပြမယ်...
ဟေ..ဘယ်သူတုန်း..
(ရွှေစင်) သူက ငါတို့လို ဂျူနီယာ မဟုတ်ဘူး..စီနီယာ.. နေ့လည်ပိုင်းမှ လာတာ...
အေး..ငါတို့ ဝိုင်းကြည့် ပေးမယ်...
(ရွှေစင်) ဟော..သူလာပြီ..အင်္ကျီအဖြူရောင်ဝတ်ထားတယ်..နင်တို့ တွေအားလုံး ဝိုင်းမကြည့်ကြနဲ့နော်..တယောက်ပြီးမှ တယောက်ကြည့်..
အေးပါဟ...ငါတို့သဘောပေါက်ပါတယ်...
အယ်..ငါ သိတယ်...
(ရွှေစင်) နာမည်က ဘာတယ့်တုန်း..
ဟဲ..ဟဲ.. သိဘူး...ငါ့ကို စာလာမေးဖူးလို့ မြင်ဖူးတာ..
(ရွှေစင် နဖူးကို လက်ဖြင့်ရိုက်လိုက်ရင်း) သေလိုက်ဟ ရွှေစင်ရေ...
စီနီယာအမကြီးနဲ့ ငါနဲ့သိတယ်...ငါ စုံစမ်းပေးမယ်..

သူက ဘုန်းကြီးကျောင်းမှာ နေတာ..ရွှေဘို ဝက်လက်ဖက်က..ရုပ်လေးက မဆိုးပါဘုး...ဘာတွေ မာန်တက်နေလို့ တို့ရွှေစင်ကို စိတ်မဝင် စားတာလည်း မသိ..ပဲကိုင်နေတာ..ဒီနေ့ကစပြီး ပဲဘဝင်လို့ ခေါ်မယ်..ရွှေစင် နင် နည်းနည်းလေးမှ သွားအရောမဝင်နဲ့နော်..အရင်ကတည်းက ဘဝင်လေဟပ်နေတာ..နင် ကြိုက်နေမှန်းသိရင် ပိုပြီး ဘဝင်မြင့်သွားလို့မိုးကို ခေါင်းတိုက်နေဦးမယ်..ဟွန့် ...အမြင်ကပ်တယ်..
(ရွှေစင်) အေးပါဟာ..

ဟေ့..ခိုင်မေ.. အအဂျာ လာတယ်..ငါတွေ့လိုက်တယ်..
တကယ်..
ခိုင်မေ သဘောကျသည့် စီနီယာအကိုကြီးကို အအဂျာဟု နာမည်ပေးထားသည်။ ထိုအချိန်တုန်းက နာမည်ကြီးသော တီဗွီစီးရီး ဂျပန်ကားမှ အကိုအကြီးဆုံးကို အအဂျာဟု ခေါ်သည်။ တကယ့်ဂျပန်အသံထွက် မှန်ချင်မှ မှန်မည်။ သူတို့အတွက်ကတော့ အအဂျာသည် အအဂျာသာ ဖြစ်လေသည်။

မေထက် သဘောကျသည့် ကောင်လေးနာမည် မသိသောကြောင့် အနောနိမတ်စ်(အမည်မသိ)ဟု နာမည်ပေးထားသည်။ အတိုကောက် အနောဟု ခေါ်ကြသည်။ သင်တန်းပြီးလို့ နှုတ်ဆက်စကား အတန်းရှေ့ထွက်ပြောကြသောအခါ ဝတ်ရည်က ဟေ့ မေထက် နင် အနောနဲ့ အကြည့်ချင်း ဆုံချင်တယ်ဆို အတန်းရှေ့ထွက်ပြောပါလား.. သေချာတယ် နင့်ကို ကြည့်နေမှာ။ အတန်းရှေ့ထွက်ပြော၍ အနောနှင့် အကြည့်တွေဆုံ ရင်တွေခုန်ကာ လက်ဖျားခြေဖျား အေးစက်၍ ပြန်ရောက်လာသော မေထက်လက်ကို သူတို့တွေ ဆုပ်နယ်ကာ နွေးထွေးပေးခဲ့ရဖူးသည်။


ကိုးတန်း ရွှေပြည်သာကျောင်းသို့ ပြောင်းလာသော ကတုံးမလေးကို  မြင်မြင်ချင်းချစ်မိပေမယ့် ဆယ်တန်းအောင်ပြီး စစ်တက္ကသိုလ်တက်သောအခါမှ ချစ်ခွင့်ပန်ရရှာသော မောင်စံရှား၏ ချစ်မေတ္တာကို ဝတ်ရည် လက်ခံခဲ့သည်။ ဖြိုးဝေအိမ်သို့ လိပ်မူပြီး ဝတ်ရည်ဆီသို့တပတ် ချစ်သဝဏ်လွှာ နှစ်စောင်ရေးသော မောင်စံရှားကို သူတို့အားလုံး အမှတ်ပေးကြသည်။ ခွင့်ဖြင့်လာသော မောင်စံရှားနှင့် တွေ့ဆုံရန်  မေထက်တို့အိမ်မှာ ဆွမ်ကျွှေး၊ သင်္ကန်းကပ်အလှု ရှိလို့ဖြင့် ညာထွက်ရလေသည်။ ဝတ်ရည်အမေက မေထက်တို့အိမ်က အလှုသိပ်လုပ်တာပဲနော် ကောင်းလိုက်တာ သာဓု..သာဓု..သာဓု ခေါ်သောအခါ မေထက်ခမျာ မျက်လုံးပြူးသွားသည်။

မိဘများက နယ်တွင်နေထိုင်ပြီး ရန်ကုန်တွင် မောင်နှမတသိုက်နေထိုင်သော မေထက်တို့အိမ်တွင် ဆွမ်းကျွှေးက တစ်နှစ်နေမှ တခါလောက် လုပ်သောကြောင့် ဖြစ်သည်။ ချစ်သော်လည်း မိဘများကြောင့် ကွဲခဲ့သော ချစ်ဦးသူ ပိုလေးကို သင်းခိုင်က  လွမ်းနေဆဲ။ ဖြိုးဝေ စိတ်ဝင်စားသည့် ကောင်လေးမရှိပေမယ့် သူငယ်ချင်းများ၏ ရင်ခုန်သံကို မျှဝေခံစားသည်။ ရွှေစင့်အနားလာရစ်သော ပေါင်ချိန်ဟု နာမည်ပေးထားသည့် စီနီယာကို မေထက်က ခက်သည့် စကားလုံးတွေမေးကာ ညစ်တတ်ကြသည်။

အိမ်ရှေ့တိုက်ခန်းတွင် နေထိုင်သော ပျဉ်းမနားက ဝင်းထိုက်သည်  ခိုင်မေ့ချစ်သူ ဖြစ်လာသည်။ ဘုရားတွင် စကားပြောဖို့ ချိန်းသောအခါ မေထက်နှင့် ဝတ်ရည် အဖော်အဖြစ် လိုက်ပေးသည်။ နင်နဲ့ ရုပ်ဆင်တယ် ဒါပမေယ့် ငါ သူ့ကို မောင်စံရှား (ဝတ်ရည်ချစ်သူ) လောက် မယုံကြည်ဘူး။ အေး..ဝင်းထိုက်ကလည်း ပြောတယ် သူ မေထက်ကို ကြောက်တယ်တယ့်။ နေရပ်ပြန်သွားသော ဝင်းထိုက်သည် မကြာမှီ အိမ်ထောင်ကျလေသည်။ ချစ်ဦးသူမို့ ခိုင်မေက ခံစားရသော်လည်း မေထက်ကတော့ ငါထင်သားပဲ ဒီကောင် ဒီလိုလုပ်မယ်ဆိုတာ ..ဒင်းထက် ကောင်းတာလာမှာ..ရေစက်မရှိဘူးလို့ မှတ်လိုက်။

ချစ်တယ့်အချိန် ခန္ဓာကိုယ်ထဲမှာ ဟော်မုန်းတစ်မျိုး ထုတ်တယ်။ အဲဒီဟော်မုန်းကြောင့် ချစ်သူက ရုပ်ဆိုးဦးတော့ ချစ်ဖို့ကောင်းတယ်။ ဒါပေမယ့် အဲဒီဟော်မုန်းက နှစ်လကနေ နှစ်နှစ်ပဲ ခံတယ်။ နှစ်နှစ်အတွင်းမှာ သံယောဇဉ်တွေ၊ နားလည်မှုတွေ တည်ဆောက်တော့မှ အချစ်က ခံတယ်။ ကိုင်း..အဲဒီအချစ်ဆိုတာကြီး နှစ်နှစ်ခံမလား စမ်းသပ်လိုက်ရအောင်။



ပျင်းဖို့ကောင်းသည့် သင်တန်းဆိုလျှင် အတန်းလစ်ကြသည်။ သူတို့ အတန်းလစ်မှန်း တတန်းလုံး သိသည်။ အခန်း၏ညာဖက် နံရံနားအလယ်တဝိုက် ဟာလာဟင်းလင်းကြီး ဖြစ်နေသောကြောင့် ဖြစ်သည်။ စာလည်း မကြိုးစား၊ စာအုပ်ကွယ်ကာ ခိုးငိုက်တတ်သော ထိုမိန်းကလေးတသိုက်သည် တယောက်တည်းဆိုလျှင် မခုတ်တတ်သည့် ကြောင်ကလေးလို  လက်သည်းဝှက်နေတတ်ပြီး အုပ်တောင့်လျှင် ဗရုတ်အလွန်ကျလေသည်။

အမြန်ရွှတ်ရသည့် အင်္ဂလိပ်စကားပြောများကို တိုင်ပေးသည့် စီနီယာပလွတ်ပလွတ် (အုပ်စုတွင်းသာ သိသည့်နာမည် နာမည်ရင်း မဟုတ် ) သည် ရည်စားအလွန်များသည်။ ကျောင်းတက်သည့် တစ်နှစ်ခွဲအတွင်း ရည်းစားလေးယောက် ပြောင်းသည်။ တနေ့လှည်းတန်းဈေးနား လမ်းလျှောက်လာသော သူတို့အုပ်စုနှင့် မျက်နှာချင်းဆိုင် ဆုံလာသော စီနီယာပလွတ်ပလွတ် ထိုနေ့အဖို့ ကံဆိုးလေသည်။

(ခိုင်မေ) မေထက် (အသံနည်းနည်း ကျယ်လိုက်ရင်း) ဖြိုးကို မယုံနဲ့နော်.. (စီနီယာပလွတ်ပလွတ်၏ အမည်တွင် ဖြိုးပါသည်)
(မေထက်) လုံးဝ ယုံဘူးးးးး...
ကောင်မလေးက ပလွတ်ပလွတ်ကို ကြည့် ပလွတ်ပလွတ်က စားမတတ် ဝါးမတတ် မျက်ထောင့်နီကြီးဖြင့် ကြည့်။ သူတို့အားလုံးက သူတို့ဘာမှမလုပ်သလို ပြံပြုံးစိစိ။ ထိုအချိန်မှစ၍ စီနီယာပလွတ်ပလွတ်သည် ထိုမိန်းကလေးတသိုက်ကို နည်းနည်းလေးမှ မကြည်။ မျက်နှာချင်းဆိုင်လျှင်တောင် မျက်နှာလွှဲသွားလေသည်။


သီရိမင်္ဂလာဈေးသွားကာ ဒူးရင်းသီး၊ မင်းဂွတ်သီး ဝယ်ကာ ဖြိုးဝေတို့အိမ်တွင် တီးကြသည်။ လမ်းဆုံဖြစ်သော ဖြိုးဝေတို့အိမ်မှာ စုရပ်ဖြစ်သည်။ မင်္ဂလာဈေးမှ ဒူးရင်းသီး၊ တညင်းသီး စားလာပြီး မေထက်၏ ဝက်သားနှင့်မျှစ်ချဉ်ကို အပီအားပေးသော သင်းခိုင်တယောက် နေ့လည်အတန်းစလို့ သိပ်မကြာခင် လက်ကပ်သည်ဟုဆိုကာ ခွာခိုင်းလေသည်။ အနီးမှ မေထက်နှင့် ဝတ်ရည် သင်းခိုင်လက်ထဲထည့်ကာ ခွာပေးသော်ငြား လက်ကကပ်နေတုန်းဆိုကာ မျက်ဖြူလန် သွားသောကြောင့် ခိုင်မေနှင့် ဖြိုးဝေ ဆရာ့ဆီကို ပြေးကြလေသည်။

သင်တန်းကို ခဏရပ်ပြီး ဆရာက သံပုရာစေ့ စားခိုင်း၊ သံပုရာရည် တိုက်ခိုင်းသောအခါ စီနီယာများက ကူညီကြလေသည်။ သင်တန်းသားများကလည်း ရှုဘူးပေးကာ ရှုခိုင်းကြသည်။ ငါးမိနစ်ခန့် ပြုစုပြီးသောအခါမှ သက်သာသွားသည်။ ဆရာနားနေခန်းထဲ ပို့ဆောင်ကာ လဲလျောင်းခိုင်း၊ ယပ်တောင်ခပ်ပေးကာ ချွှေးတိတ်စေသည်။  ထိုနေ့မှစ၍ ထိုမိန်းကလေးတသိုက်ကို  ဆရာတင်မက တခန်းလုံးက မှတ်မိကြလေသည်။

သင်းခိုင်ရှိရာ မင်္ဂလာဒုံဈေးကို သွားရောက်ရင်း ကျိုက်ကလို့ ကျိုက်ကလဲ့ ဘုရားဖူးကြသည်။ ဝတ်ရည်က အင်းစိန်ဖက်ကို ပြောင်းလာသည်။ အနောက်ပိုင်းဆေးရုံတက်ကာ အဆုပ်ထဲက ရေဖောက်ထုတ်ရသည့် ဖြိုးဝေထံ လူနာသွားမေးကြတော့
( ဖြိုးဝေ)  ဖြစ်တာက ညာဖက်..ဟောက်ဆာဂျင်လေးတွေ ဖောက်ဖို့လုပ်နေတာက ဘယ်ဖက်..အယ်မလေး ကံသီပေလို့..ငါ သတိထားမိပေလို့သာပဲ..ဆရာဝန်လုပ်မယ့် မေထက် နင်လည်း သထိထားနော် ဒီလိုမျိုး မမှားစေနဲ့....။

တက္ကသိုလ်များ ဖွင့်လှစ်သောအခါ ထိုသင်တန်းကျောင်းလေးကို ထိုမိန်းကလေးများ တစ်ယောက်ပြီး တယောက် ခွဲခွာသွားစဉ် မတူညီသောတက္ကသိုလ် အသီးသီး တက်ရောက်နေသော ထိုမိန်းကလေးများ

အရင်လို တွေ့ဖြစ်ကြသေးလား...
အရင်လို အတွေးတွေ ဖလှယ်ကြတုန်းလား...
အရင်လို ခံစားချက်တွေ ရင်ဖွင့်ကြတုန်းလား..
အရင်လို စိတ်ကူးယဉ် အိမ်မက်တွေ မက်ကြတုန်းလား...

စန်းထွန်း
မတ် ၁၇၊ ၂၀၁၃။

All Photos are from Google.

(P.S အစက ဆရာဂျူးရဲ့တိမ်နဲ့ချည်သော ကြိုး ဝထ္ထုနာမည်လေးကို သဘောကျလို့ တိမ်တွေနဲ့ ချည်နှောင်မလို့ ကြံစည်ထားတာ... ကိုညိမ်းနိုင် ကွန့်မန့်ဖတ်ပြီးတော့ ကံကြမ္မာကို မယုံကြည်ကြသူများကို မှီးကာ အချစ်ကို မယုံကြည်ကြသူများလို့ ပြောင်းလိုက်တယ်...ဘွာတေး..)

အချိန်ရမှ နားဆင်ပါ - ၂

ဒီသီချင်းက ဟော့ဖြစ်နေတော့ ကြားဖူးမယ် ထင်ပါတယ်။ အမေရိကန်အဆိုတော်မလေး Taylor Swift ရဲ ့ I knew you were trouble ။ ၂ မိနစ်လောက်မှ နားထောင် အစပိုင်းက စကားပြောနေတာ း) ။


I belong with you. You belong with me, Sweetheart. ဆိုတယ့် အပိုဒ်လေးကို မှတ်မိလို့ ယူကျူမှာ လိုက်ရှာတာ သီချင်းနာမည်က Ho Hey ။ မှန်းတာ တော်တော် နီးစပ်တယ် း) ။


ဂရမ်မီဆုရ Gotye ရဲ့ Somebody that I used to Know သီချင်းလေးက နည်းနည်းထူးဆန်းတယ်။



အမေရိကန်အိုင်ဒေါရဲ ့ဒိုင်ဖြစ်သလို ဖက်ရှင်ဒီဇိုင်းတွေကလည်း ထူးခြားတယ့် ရပ်ပါအဆိုတော် Nicki Minaj ။ မမိုးငွေ့က အတောက်ပဆုံးကြယ် (သို့) နီကီမီနာ့ဂျ် ဆိုပြီး သူ့အကြောင်း ပိုစ့်ရေးဖူးပါတယ်။




Alicia Keys ရဲ ့ Girl on Fire


 အိပ်ကပ်ထဲက ဒေါ်လာနှစ်ဆယ် ဟစ်ဟော့သီချင်းလေးက နားထောင်ကောင်းတယ်။

 


ဆယ်တန်းပြီးလို့ တက္ကသိုလ်တက်ဖို့ စောင့်နေချိန်မှာ လှည်းတန်းက ဦးမြကြိုင် အင်္ဂလိပ်စာသင်တန်း တက်တော့ မနက်ဆို အဲဒီသီချင်း ဖွင့်ထားတတ်တယ်။


အမေစု နိုဗယ်ငြိမ်းချမ်းရေးဆု လက်ခံစဉ်  မြန်မာ့စောင်းကို ကမ္ဘာသိအောင် ဖျော်ဖြေတင်ဆက်ခဲ့တယ့် စောင်းပညာရှင်  ဦးနေဝါလက်သံကို နားထောင်ရပြီး  စောင်းလက်သံက အတော်သာယာတာပဲ။ မြန်မာတူရိယာတွေမှာ စောင်းက အခက်ဆုံးလို့ ဆိုပါတယ်။


ဖေ့ဘွတ်မှာ ရှယ်တယ့်လခ့်ကို တွေ့လို့ မကြီးက နေဝါနဲ့ ခင်ကြည်ဖြူ ဒီလောက်နာမည်ကြီးတာ နင် မသိဘူးလား။ တီဗွီမှာ သူတို့သီချင်းတွေကြီးပဲ။ အဲဒီတုန်းက ကိုယ်ငယ်သေးလို့ တီဗွီထက် ဆော့ဖို့မက်နေလို့ နေမှာပေါ့။



စင်္ကာပူမှာ အဆိုတော် မာမာအေး ဂီတပွဲရှိတယ်လို့ သတင်းပေးတယ့် မချစ်ကြည်အေးရဲ့ မြန်မာ့ဂန္ထဝင်ဂီတမိခင်ကြီး အန်တီမာမာအေးနှင့် ဂီတပဒေသာပွဲ ပို့စ်ကို ဖတ်ပြီး  ပြောနေသးတယ်။  မကြီးရေ စန်းထွန်းတော့ အသက်ကြီးလာလို့လား မသိဘူး  ငယ်ငယ်တုန်းက ပျင်းစရာကောင်းတယ်ထင်တယ့် ကသစ်ပန်း၊ နှင်းပျောက်တယ့်နွေ သီချင်းတွေကို နားထောင်ရတာ သီချင်းအဓိပ္ပာယ်ကလည်းကောင်း၊ အသံနေအသံထားနဲ့ ဆိုတတ်လိုက်တာ။  မကြီးက သူလည်း ဟိုင်းကြီးက အခါကြီးရက်ကြီး ဘုရားပွဲတွေမှာ ဖွင့်တတ်တယ့် တူနယ်..တူနယ်.. (အစိန္တေယျ သီချင်းကို ဆိုလိုသည်) သီချင်းကို နားထောင်နေတယ်။ မြန်မာပြည်ကို လွမ်းနေတာ နေမှာတယ့်။

ကိုယ် အသက်ပဲ ကြီးလာလို့လား၊ မြန်မာပြည်ကို လွမ်းနေတာလား ...ကိုယ်ကိုတိုင်လည်း မသိတော့ပါ။

စန်းထွန်း
မတ် ၁၀၊ ၂၀၁၃။

ရပ်ကွက်ထဲမှာတော့ဗျာ - ၁၈

စင်္ကာပူအခွန်...
ကိုယ်နဲ့သူနဲ့ စတွေ့ကြတာက ၂၀၁၀ ဧပြီ။ သူဆိုလို့ တခြားမတွေးလိုက်နဲ့ဗျို့ ...အခွန်ကို ပြောတာ..း) ။ ပတ်စ်ပို့ သက်တမ်းတိုးခ ၃၀၀၊ အလုပ်လုပ်နေတယ်မလား ပေး..အခွန် ခြောက်လစာ။ မစားရက်၊ မသောက်ရက်  ခြွေတာစုဆောင်းထားတယ့် တထောင်နီးပါး ပြောင်ပါရောလား။ နိုင်ငံခြားမှာ အလုပ်လုပ်နေသူတွေဟာ သက်ဆိုင်ရာနိုင်ငံမှာ အခွန်ထမ်းပြီး မိခင်နိုင်ငံက အခွန်ကင်းလွတ်ခွင့် ( Double Tax) ကို မြန်မာနိုင်ငံက လက်မှတ်ထိုးထားတယ်လို့ ဆိုပါတယ်။ ကိုယ့်ဘော်ဒါ အင်ဒိုနီးရှား၊ မလေးရှား၊ တရုတ်၊ ဖိလစ်ပိုင်၊ တရုတ်တွေက ပြောတယ်...ကိုယ်တို့ဆို မင်းတို့မြန်မာတွေလို ဒဘယ်တက်စ် မဆောင်နိုင်ဘူး...ဂုဏ်ယူလိုက်စမ်းပါတယ့်..ငနာလေးတွေ ။

စင်္ကာပူနိုင်ငံမှာ တစ်နှစ်ခွဲလုပ်တာ စင်္ကာပူအစိုးရကို ၆၀၀ ကျော်ဆောင်ရပြီး တက်စ်ရီဖမ်း ( Tax Refund)  ၆၀ ပြန်ရတယ်။ တစ်နှစ်ဝင်ငွေ ၂၂၀၀၀ ကျော်ရင် တနှစ်စာဝင်ငွေထဲက ၂၂၀၀၀ ကိုနှုတ် ပိုတယ့်ငွေကိုမှ သတ်မှတ်ထားတယ့် ရာခိုင်နှုန်းနဲ့ တွက်ပြီး အခွန်ဆောင်ရတာပါ။ မြန်မာသံရုံးကတော့ တစ်နှစ်ဝင်ငွေ၊ ရာခိုင်နှုန်းတွေ ဘာတွေညာတွေ နားမလည်ဘူး။ ပီအာဆိုရင် ဘယ်လောက်၊ အီးပီဆိုရင် ဘယ်လောက်။ မြန်မာသံရုံးက တက်စ်ရီဖမ်း ပြန်ပေးတယ်လို့လည်း မကြားမိပေါင်ဗျာ..း) ။

ပွဲစားနဲ့ မလုပ်ဘဲ ကိုယ်တိုင်သွားလုပ်တယ့် မကြီး ပြန်ပြောတာအရဆိုရင် သံရုံးက ၉ နာရီမှ ဖွင့်ပေမယ့် တနေ့တာအတွက် သတ်မှတ်ထားတယ့် အရေအတွက်ပြည့်သွားရင် လက်မခံတာမို့ မနက်အစောကြီးသွားပြီး ဘုတ်မှာ နာမည် ရေးရတာပါတယ့်။ စင်္ကာပူ မြန်မာသံရုံးက ဆက်ဆံရေး အတော်ပြေပြစ်တယ်လို့လည်း ရောက်ဖူးတယ့်သူတိုင်းက ပြောကြတယ်...း) ။


အမေရိကန်အခွန်...
အမေရိကန်နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဧပြီ ၁ ရက် မတိုင်မှီ အခွန်ဆောင်ရမှာမို့ အခုအချိန်က တီဗွီကြေငြာတွေမှာ အခွန်ဖိုင်း (File ) ပေးမယ့်၊ တက်စ်ရီဖမ်းတွေ အများကြီးရအောင် ဆောင်ကြဉ်းပေးမယ်ဆိုတယ့် ကြေငြာတွေ ပလူပျံနေတယ့် တက်စ်ရာသီဆိုပါတော့။ အခွန်ဆောင်မယ့် ကိုယ်တို့လေးယောက်မှာ မနှစ်က အခွန်ဆောင်ဖူးတယ့် ရာမားက ဆရာမကြီး။ တာဘိုတက်စ်ဆိုတယ့် ဆော့ဝဲသုံးတယ်။ အလုပ်ကပေးတယ့် အခွန်စာရွက်လေးတွေ ကိုင်ပြီးတော့ပေါ့။

ကိုယ်တွေက  ကျောင်းသားဗီဇာ၊ ကျောင်းက စပွန်ဆာပေးပြီး အလုပ်လုပ်ခွင့်ရတယ့် W2  Form ကို ဖြည့်ရတယ်။ အလုပ်ရှင်မရှိဘဲ ကိုယ့်ဘာသာ အလုပ်လုပ်တယ့် 1099 ကတော့ ကိုယ်တွေ လုပ်ခွင့်မရှိပါဘူး။ EIN ( Employer Identification Number ) ၊ SSN ( Social Security Number ) ၊ Box 1 - Wages Tip  တနှစ်စာဝင်ငွေ ၊ Box 2 - Federal income tax withheld  တနှစ်ဝင်ငွေခွန်၊ Box 3 - Social security wages (စင်္ကာပူက စီပီအက်ဖ်လို ပင်စင်စုဆောင်းတာ) ၊ Box 4 - Social security tax withheld (ပင်စင်ခွန်) ၊ Box 5 - Medicare wages ( အိုဘားမား မဲဆွယ်တယ့်အရာပါ။ ဒီနိုင်ငံမှာ ဆေးကုသစရိတ်မြင့်လွန်းလို့ လူတိုင်းအာမခံရှိရမယ်၊ မရှိတယ့်သူတွေကို ဒဏ်ရိုက်မယ်။ အလုပ်ရှင်တွေက အလုပ်သမားအားလုံး ကျန်းမားရေးအာမခံထားပေးရမယ်။ ကျန်းမာရေးမကောင်း ဆင်းရဲတယ့်သူတွေအတွက် အကျိုးရှိပေမယ့် ကျန်းမာတယ့် လူလတ်တန်းစားတွေက အပိုဝင်ငွေဆောင်ရလို့ မကြိုက်ကြဘူး။)

Box 6 -Medicare tax withheld (ကျန်းမာရေး အာမခံခွန်) ၊ Box 7 - Social security tips ၊ Box 8 -Allocated tips  Box 9 - Dependent care benefits Box 11 -Nonqualified plans Box 13 -Statutory employee Retriement plan Third-party sick pay Box 14 - Other ကတော့ ကိုယ်တွေက နိုင်ငံသားမဟုတ်လို့ ဖြည့်စရာမလို။ Box 15 - State & Employee's state ID number ။ Box 16 - State wages tip ( Box 1 - wages နဲ့ သွားတူတယ် တနှစ်လုံးဝင်ငွေ ) ၊  Box 17 - State Income tax  ( ပြည်နယ်ပေါ်မူတည်ပါတယ်။ တန်နက်စီပြည်နယ်က ဆောင်ဖို့မလိုပေမယ့် ကန်တက်ကီပြည်နယ်၊ မန်ဆာချူးဆက်ပြည်နယ်၊ မေရီလန်းပြည်နယ်၊ အိုဟိုင်းရိုးပြည်နယ်ကတော့ ဆောင်ရတယ် )။ Box 18 - Local Wages က တနှစ်စာဝင်ငွေ၊  Box 19 - Local income tax ကန်တက်ကီပြည်နယ်မှာတော့ ဂျက်ဖာဆန်၊ စိန့်မက်သရူးအတွက်ဆိုပြီး ဆောင်ရတယ်။


Box 17 - State Income tax ပြည်နယ်ခွန်က ၇၀၀ကျော်ပဲ ဆောင်ထားပါလား။ ငါတို့တွေဆို ၃ ထောင်နီးပါး ဆောင်ရတာ။ မှားများနေသလား နင့်ကုမ္ပဏီပြန်မေးဆိုတော့ တကယ် ၇၀၀ ကျော်ပဲ ဆောင်ထားတာတယ့်။ အိမ်၊ မော်တော်ဘုတ်၊ ကားအိမ်၊ နိုင်ငံခြားမှာ အိမ်ခြံ၊ စတော့၊ စီးပွားရေးလုပ်ငန်း၊ ထောက်ပံ့ရမယ့်သူ၊ လောင်းကစား ဆုံးရှုံးငွေ၊ လှုဒါန်းငွေ စသည်ဖြင့် တော်တော်များများက ကိုယ်တွေနဲ့ မဆိုင်တာ များပါတယ်။ ကိုယ်တွေ ပြန်တောင်းလို့ရတာဆိုလို့ ကျောင်းလခ၊  ကျောင်းလခ အတိုးငွေ (ဒါတောင် ကန်တက်ကီပြည်နယ်က ကျောင်းမဟုတ်လို့ ကန်တက်ကီပြည်နယ်ဆီမှာ တောင်းလို့မရ) ၊ ကန်တက်ကီပြည်နယ်မှာ ကားမှတ်ပုံတင်ငွေ ၂၀၀ အတွက် ပြန်အမ်းငွေ ၂ ကျပ်။

ရာမားက မက်ဆာချူးဆက်ပြည်နယ်၊ မေရီလန်းပြည်နယ်မှာ အလုပ်လုပ်ခဲ့တာမို့ နှစ်ပြည်နယ်အတွက် ဆောင်ရတယ်။ အခွန်တွေကလည်း ပြည်နယ်အလိုက် ကွဲပြားပါတယ်။ ပြည်နယ်ခွန် ဆောင်စရာမလိုတယ့် အန်းဒရူးရဲ့ တန်နက်စီပြည်နယ်ကို ဆင်းရဲသားပြည်နယ်။ နိုင်ငံခွန်၊ ပြည်နယ်ခွန်အပြင် ကောင်တီခွန်ဆိုတယ့် မြို့နယ်ခွန်ပါ ထပ်လောင်းဆောင်ရတယ့် ရာမားရဲ့ မေရီလန်းပြည်နယ်ကို သူဋ္ဌေးပြည်နယ်။ တက္ကဆက်ပြည်နယ်မှာလည်း ပြည်နယ်ခွန် မဆောင်ရဘူးလို့ကြားတယ်။ ဒါပေမယ့် ပစ္စည်းဝယ်ရင် ဆောင်ရတယ့် အရောင်းတက်စ် (Sales Tax ၊ စင်္ကာပူက GST လို)  မြှင့်တယ်။ ကိုယ့်တွေအိတ်ကပ်ထဲကငွေကို တနည်းနည်းနဲ့ညှစ်ထုတ်နေတာပါပဲ။

ဖယ်ဒရယ်ခွန်ပဲဆောင်ရတယ့် အန်းဒရူးက တက်စ်ဖိုင်းခ ၃၀၊ ဖက်ဒရယ်ခွန်၊ စတိတ်ခွန်ဆောင်ရတယ့် ဆူနမ်၊ မိုင်း၊ ကိုယ်က ၆၀။ နှစ်ပြည်နယ်ဆောင်ရတယ့် ရာမားက ၁၀၀ကျော် ပေးရပါတယ်။ အစိုးရက လက်ခံလို့ နှစ်ပတ်နေရင် ကိုယ်တွေဘဏ်အကောင့်ထဲ ဝင်လာမှာပါ။ ကန်တက်ကီပြည်နယ်ကို ပေးရမယ့် ပြည်နယ်ခွန် ၂၀၀၀ကျော်ကတော့ သတ်မှတ်ချိန်ကျရင် ကိုယ့်ဘဏ်အကောင့်ထဲက ဖြတ်သွားမလား၊ ချက်နဲ့ပေးမလားကိုတော့ အကောင့်ထဲကဖြတ်ဖို့ ရွေးလိုက်တယ်။



ပြည်နယ်ခွန် မဆောင်ရတယ့် တန်နက်စီပြည်နယ်က အန်းဒရူးက  တက်စ်ရီဖန်း ၅၀၀၀ ကျော်။ ဆူနမ်နဲ့ ရာမားက ၄၀၀၀ ကျော်။ ဖက်ဒရယ်ရီဖန်းက ၅၀၀၀ ကျော် ပြန်ရပေမယ့် ကန်တက်ကီပြည်နယ်ကို တင်နေတယ့် ပြည်နယ်အခွန် ၂၀၀၀ ကျော်ဆောင်ပြီး ကိုယ်က တက်စ်ရီဖန်း ၃၀၀၀ ။ ဗာမွန်ပြည်နယ်က မိုင်းက ၂၀၀၀ ကျော်။ နောက်နေ့ ဟီဘာရှီဆူရှီဘူဖေး သွားစားပြီး အောင်ပွဲခံကြတယ်။ အဲ.. ကယ်လီဖိုးနီးယားက စီနီယာ ဗီယက်နမ် Nga က တက်စ်ရီဖန်း ပြန်မရတယ့်အပြင် အစိုးရကို ၉၀၀၀ကျော် ပြန်ဆောင်ရမှာမို့ ရှော့ခ်ဖြစ်နေပါတယ်။ သူရင်ဖွင့်တာ နားထောင်ပြီးကတည်း တက်စ်ရီဖန်းပြန်ရငွေထက် ကိုယ်က ပြန်မပေးရရင်ဘဲ တော်ပါပြီလို့ တွေးထားတာ။ ခုလို ပြန်ရတော့လည်း တက်စ်ဆောင်ရတာ မဆိုးပါလား..း) ။

မကြီးက အင်္ဂလန်က အေစီစီအေ ( Association of Chartered Certified Accountants) တက်နေတာ တက်စ်ဘာသာရပ် သင်ရပါတယ်။ တနိုင်ငံနဲ့ တနိုင်ငံ တက်စ်ဥပဒေ ကွဲပါတယ်။ မိဘက သားသမီးကို အမွေပေးချင်ရင်တောင်မှ ဆောင်ရမယ့်တက်စ်ကို ရှောင်ချင်လို့မသေခင် ဘယ်အချိန်ပေးသင့်သလဲ၊ သေပြီးဘယ်အချိန်ပေးသင့်သလဲ တက်စ်ကျွှမ်းကျင်သူတွေနဲ့ တိုင်ပင်ရတယ်ဆိုပဲ။ အမေရိကန်က သူဋ္ဌေးသူကြွယ်တွေလည်း တက်စ်ရှောင်ချင်လို့ အမေရိကန်နိုင်ငံသား စွန့်လွှတ်ကြတယ် ဆိုပဲ။

သန်ဒါအိုဗာလူဝီဗီလ်ပွဲတုန်းက ဖောက်တယ့် မီးရူးမီးပန်းတွေက ကိုယ့်တို ့ဆောင်တယ့် အခွန်တွေကို မီးရှို့ပစ်နေတာ ဆိုပေမယ့်လည်း ကိုယ်ပျော်တယ်။ လမ်းတွေ ကောင်းဖို့၊  အခြေခံလိုအပ်ချက် ရေမီး ပြည့်စုံဖို့ ဆောင်ရွက်ပေးတယ့် အစိုးရကို အခွန်ဆောင်ရတာ ကျေနပ်တယ်။

အင်တာဗျူး...

ကိုယ့်ရဲ့ပထမဆုံး အင်တာဗျုးက စင်္ကာပူအမျိုးသားတက္ကသိုလ်ဝင်ခွင့် ရေးဖြေစာမေးပွဲအောင်လို့ တယ်လီဖုန်း အင်တာဗျူး။ အင်တာဗျူးသူက တီချယ်အယ်စတာ။ အင်တာဗျူးဆိုပေမယ့် တီချယ်နဲ့ အလာဘသလာဘ ပြောသလိုပါပဲ။ အင်တန်းမဆင်းခင် တစ်လအေဒီပရောဂျက် (Application Development Project) လုပ်ရတုန်းက မနက် ၉ နာရီကနေ ညနေ ၆ နာရီအထိ ရုံးဝတ်စုံဝတ် အလုပ်ခွင်ဆင်းသလို ထရိန်းတာပါ။ ဆော့ဝဲလာအပ်တယ့် တီချယ်တွေကို အင်တာဗျူးရတယ်။ ဗျူးတာမှားရင် ကာစတာမာ တီချယ်မယ်ဂန်က အော်။ အခန်းတွင်းက အင်တာဗျူးအလွဲတွေကို ပရောဂျက်တာ ကြည့်နေတယ့် အခန်းအပြင်က ကျောင်းသားတွေက တခွီးခွီး။ တီချယ်တွေနဲ့ တကယ့်အင်တာဗျူးဖို့ ပြင်ဆင်ရသလို အတန်းရှေ့ တယောက်ချင်းစီ မပြောမနေရ ထွက်ပြောရတယ်။ ဒီတော့ အင်တာဗျူးဆို လာထားပဲ။

အင်တာဗျူးမစခင် ဆယ့်ငါးမိနစ်ခန့်စောစောရောက်နေဖို့၊ သပ်သပ်ရပ်ရပ် ရုံးဝတ်စုံဝင်ဆင်ဖို့ ၊ တကိုယ်ရည်သန့်ရှင်းနေဖို့ လိုပါတယ်။ စတိတ်မှာတော့ ခန္ဓာကိုယ်ပေါ်မှာ သုံးရောင်ထက် မပိုသင့်ဘူးလို့ဆိုပါတယ်။ စီဗွီထဲက အကြောင်းအရာတွေကို သေချာဖြေကြားနိုင်ဖို့ လိုပါတယ်။ အင်တာဗျူးမယ့် ကုမ္ပဏီရဲ့အကြောင်းကိုလည်း သိထားသင့်ပါတယ်။  ကိုယ့်အကြောင်းအတိုချုပ်၊ ကိုယ့်အောင်မြင်မှု၊ ကိုယ့်အသားသာချက်၊ အားနည်ချက်၊ ကိုယ့်ရည်မှန်းချက်တွေလည်း မေးလေ့ရှိပါတယ်။

စတိတ်မှာတော့ အိန္ဒိယရီခရူတာတွေ များတယ်။ ရိုင်းလည်းရိုင်း၊ လစာပေးတာကလည်းနည်း၊ ဖုန်းတဂွမ်ဂွမ်ခေါ်လွန်းလို့ ဒင်းတို့ကို သိပ်မုန်းတယ်။ အမေရိကန်ရီခရူတာတွေကျတော့လည်း အိုး ဂွတ်၊ ဂရိတ်နဲ့ တခါပေါ်လာပြီး တလလောက်မှ ပေါ်လာတတ်တယ်။ တချို့အိန္ဒိယရီခရူတာတွေဆို  စီဗွီကို ပြင်မယ် တကဲကဲလုပ်လို့ လုံးဝမထိပါနဲ့ ပြောထားရတယ်။ အလုပ်ရှင်တွေကက ဖုန်းခေါ်ပြီး ဘာလို့ အလုပ်သစ်ရှာနေတာလဲမေးရင် စပွန်ဆာပေးမယ့် ကုမ္ပဏီရှာနေတာပါဆိုရင် သြော်..ကိုယ်တို့က စပွန်ဆာ မပေးနိုင်ဘူး..ဆောရီးဆိုပြီး ဖုန်းချသွားတယ်။ အိန္ဒိယရီခရူတာက ဘာလို့စပွန်ဆာ ရှာနေတာလို့ သွားပြောတာလဲ..ကိုယ်တို့က မင်းကို စပွန်ဆာပေးမှာ..အိပ်ချ်ဝမ်းဘီ၊ ဂရင်းကဒ်ရှိတယ်လို့ ပြောတာမဟုတ်ဘူးနဲ့ ဟောက်လိုက်သေးတယ်။


သြော်..ကျေးဇူးရှင်ရယ် မင်းအလုပ်ရှင်က ဘယ်အချိန် ဘယ်ဖုန်းနံပါတ်နဲ့ ဆက်မယ်လို့ ကြိုပြောထားတာလဲမဟုတ်.. ဖုန်းလာသမျှ အိပ်ချ်ဝမ်းဘီရှိတယ်လို့ ကိုယ်က ညာနေရမှာလား..။ အလိပ်လိုက်တက်လာတယ့် ဒေါသတွေကို မြိုသိပ်လို့ ကျေးဇူးတင်ပါတယ် ကောင်းသောနေ့လေးဖြစ်ပါစေလို့ နှုတ်ဆက်တက်နေပြီ။ အလာစကာပြည်နယ်က အလုပ်တယ့်။ အလာစကာပြည်နယ်ဆိုတာ ကနေဒါအထက်နား  မြောက်ဝင်ရိုးစွန်းနား ရေခဲတွေဖုံးနေတယ့်ပြည်နယ်။ အိမ်ရှင်အမက နင် ရေခဲရိုက်ပြီးသား ဖြစ်သွားလိမ့်မယ်တယ့်။

ကိုယ့်စီဗွီကို ကြည့်ပြီး မင်းက  စင်္ကာပူနဲ့ စတိတ်မှာ အလုပ်လုပ်ဖူးတယ်နော်။ ဘာလို့တနိုင်ငံ တနိုင်ငံ ပြောင်းနေတာလဲ။ စင်္ကာပူကို ကျောင်းတက်ဖို့ လာတယ် ပြီးတော့ အလုပ်လုပ်တယ်။ စတိတ်ကို ကျောင်းတက်ဖို့လာတယ် ပြီးတော့ အလုပ်လုပ်တယ်။ မင်းက အပြောင်းအလဲ ကြိုက်ပုံရတယ်။ ကိုယ်တို့က အကြာကြီးလုပ်မယ့်သူ လိုချင်တာ။ ဟင်... ပြောင်းရတာ ကိုယ် ကြိုက်တယ်ထင်လို့လား။ အလုပ်အသစ်၊ နေရာအသစ်၊ လူအသစ်မှာ အခြေကျဖို့ ခြောက်လလောက် အချိန်ယူရတယ်။

အရင်အလုပ်ကို ကြိုက်ပေမယ့် စပွန်ဆာ မပေးနိုင်လို့ အလုပ်သစ်ရှာနေတာဟေ့။ အဲဒီရုံးမှာ ၁၅နှစ်၊ ၃၅ နှစ် လုပ်နေတယ့်သူတွေ၊ စင်္ကာပူရုံးမှာ ၁၀နှစ်ကျော် လုပ်နေတယ့်သူတွေကို သိပ်အားကျတာ။ ကိုယ်လည်း သူတို့လို ဖြစ်ချင်တာ။ ဒါပေမယ့် ကိုယ့်မှာ ဒီအခွင့်အရေး မရှိခဲ့ဘူး။ ကိုယ် ဒီအလုပ်အတွက် မသင့်တော်ဘူးထင်တယ်။ အိုး..တခြားအလုပ်ရှိခဲ့ရင် ကိုယ်ဆက်သွယ့်ပါ့မယ်။ နိုး..နိုး..ကိုယ်စိတ်ဝင်မစားဘူး..ဂွပ်။ အင်တာဗျူးသူကို ဒီလို ပြန်ရန်ထောင်တယ့် အင်တာဗျူးသမား ဒီတခါပဲ သူကြုံဖူးမယ် ထင်တယ်။

ကြေကွဲ ကွန်ပျူတာ..



၂၀၀၈ စင်္ကာပူရောက်တော့ မကြီးကွန်ပျူတာလေးကို အပိုင်စီးလိုက်တယ်။ Sony Vaio အနီရောင်လေးက သူ့မူရင်းပိုင်ရှင်အတိုင်း ဒီဇိုင်းမိုက်တယ်။ ကီးဘုတ်လေးက ရိုက်ရတာ အိအိလေး၊ မော့စ်၊ ကွန်ပျူတာ ထည့်တယ့်အိတ်ကလေးကလည်း အနီရောင်လေး။ နှေးတယ်လို့ ကွန်ပလိမ်းတိုင်း အဲဒီတုန်းက ၂၀၀၀ကျော်နဲ့ ဝယ်ထားတာ ဈေးကြီးတယ်ဟလို့ ဆိုတတ်တယ်။ စတိတ်လာတော့ ကိုယ် မလာတယ်။

ကျောင်းက ကွန်ပျူတာဌာနမှာ သုံးရက်လောက် သွားအနားယူတာကလွဲရင် ဘာပြသနာမှမပေး အေးအေးနေတတ်တယ့် ကွန်ပျူတာလေး။ တနေ့ အိပ်ယာကနိုးလို့ ဖွင့်လိုက်တာ ညာဖက်ထောင့်နားလေးမှာ ကွဲနေတယ်။ အယ်..ဘယ်လိုဖြစ်တာပါလိမ့် ညတုန်းက အကောင်း။ အဲဒီနေ့က အရမ်းအိပ်ချင်နေလို့ မော်နီတာကို မပိတ်ဘဲ ရှပ်ဒေါင်းလိုက်တာ ညက အိပ်ရင်း မော်နီတာကို သွားကန်မိပြီး ဘက်ထရီပလပ်ပေါက်နဲ့ သွားဆောင့်မိတယ် တူပါရဲ့။ အယ်မလေး..အလုပ်ပြုတ်လို့ ကံဆိုးပါတယ်ဆိုမှ ကွန်ပျူတာက ဖြစ်ပြန်ပြီ  ပိုက်ဆံမရှိဘူးဆိုမှ ကုန်ပေါက်။ ကံဆိုးတယ်ဆိုတာ တခုတည်း မလာဘူး အစုလိုက်အပြံပြုံလိုက်လာတာ...ဟီး..ဟီး..ငိုချင်းချတော့ အဲဒါ ကံဆိုးတာ မဟုတ်ဘူး လူက ဂရုမစိုက် ပေါ့လျော့တာတယ့် ဆူနမ်က အဲလို အားပေးနှစ်သိမ့်တာ။

ပြင်ဖို့မေးကြည့်တော့ ပြင်ခ ၁၀၀၊ မှန်အသစ်က ၁၀၀ နဲ့ ၂၀၀ ကြား။ ဒါတောင် လွန်ခဲ့တယ့် ငါးနှစ်လောက်က ပစ္စည်းဆိုတော့ ရှိချင်မှ ရှိမယ်။  ဝရန်တီ၂နှစ်ကလည်း ကုန်ပြီ။ ထပ်တိုးမထား။ ပြင်မှာထက် အသစ်ဝယ်တယ့်။ ငါးနှစ်လောက် သုံးလာခဲ့တယ့် ကွန်ပျူတာလေးဆိုတော့ သံယောဇဉ်က မပြတ်နိုင်။ အသစ်ဝယ်မယ်ဆိုရင်တောင် အဲဒီအမျိုးအစားလေးပဲ လိုချင်တာ။ အန်းဒရူးက လီနိုဗိုယောဂ၊ ရာမားက မတ်ဘွတ်၊ ဆူနမ်က သိဘူး နင်လိုချင်တာ ဝယ်တယ့်။

ကိုယ်နဲ့မကြီးက  Sony Vaio မှ Sony Vaio

အိမ်ငှား...


ရောက်တာနဲ့ ဆူနမ်က သူ့အိမ်ရဲ့ ဆောင်ရန်၊ ရှောင်ရန်လက်ချာ ပေးပါတော့တယ်။ ကော်ဇောမစွန်းရအောင် ဘယ်လို၊ ဒီပုဝါက အိုးအပြင်သုတ်ဖို့၊ ဒီပုဝါက အိုးအထဲသုတ်ဖို့နဲ့။ ဒင်း..ဘာလို့ဒီလောက်တောင် သန့်ပြန့်နေရတာပါလိမ့်။

စင်စင်နာတီအိမ်တုန်းက စာချုပ်ပြည့်လို့ သက်တမ်းသွားတိုးတာ လက်မှတ်ထိုးပြီး နောက်နေ့မှ သိတယ် တလနို့တစ်မပါတာ။ ဖုန်းဆက်တော့ နိုးပလော်ပလမ် ဆင်းချင်ရင် တလကြိုပြော။ တကယ်လည်း ဆူနမ်ပြောင်းချင်လို့ တလကြိုပြောတော့ စာချူပ်ထဲမှာ တလနို့တစ်မပါဘူး စာချူပ်ပြည့်အောင် နေရမယ်တယ့်။ ဖုန်းနဲ့ ပြောကြတာကို ငါတို့ရက်ကော့ဒ်သွင်းထားဆိုတော့ တဖက်သားကို အသိမပေးဘဲ ရက်ကော့သွင်းတားတာ တရားမဝင်ဘူး။ ကြိုက်တယ့်တရားရုံးသွား ငါ့မှာ စာချူပ်ရှိတယ်တယ့်။

ဆူနမ်နဲ့ မိုင်းဖမ် ရှေ့နေတွေကို တိုင်ပင်တော့ ရှေ့နေခက တနာရီ ၂၀၀ ၊ အမှုရင်ဆိုင်တာထက် ကျန်တယ့် သုံးလစာကိုပေးပြီး ဆင်းသွားတာက သက်သာတာမို့ ဆူနမ့်ခမျာ ၃လစာ ၁၅၀၀ ပေးပြီး ပြောင်းလိုက်တယ်။ အိမ်ရှင်က အိမ်ကိုလာစစ်တော့ ကော်ဇောမှာ စွန်းနေတာ ဘာညာဆိုတော့ သူလည်းဘာမှ ညစ်ပေအောင်မလုပ်ဘဲ မိုင်းဖမ်ဆီက ဆက်ယူတယ့် ဆူနမ်ခမျာ စိတ်ညစ်ရှာတာပေါ့။ ဒီလိုအတွေ့အကြံကြုံကောင်းတွေကြောင့် အိမ်မတက်ခင် တအိမ်လုံး ဗီဒီယို၊ ဓာတ်ပုံရိုက်၊ ကော်ဇောမစွန်းပေဖို့ ကာကွယ်စောင့်ရှောက်နေတာပါ။

သန်ဒါစနိုး...
 ရှေ ့တပတ်က အနောက်အလယ်ပိုင်း မစ်ဆူရီ၊ ကန်ဆက်ပြည်နယ်ကို တိုက်ခတ်ခဲ့တယ့် နှင်းမုန်းတိုင်းက နှင်းထု ၁၀ လက်မ ကျပါတယ်။ နှင်းဖွဲဖွဲလေးတွေက ချစ်ဖို့ကောင်းပေမယ့် မိုးခြိမ်းသံတွေကြားက ဒီလိုနှင်းထုကတော့ ချစ်ဖို့မကောင်းဘူး။  သဘာဝကြီးရဲ့ ဖန်တီးမူကြောင့် လူလုပ်တယ်လို့ ထင်ရလောက်အောင် ဒီလိုထူးဆန်းတယ့် စနိုးဘောလေးတွေလည်း မစ်ချီကန်ရေကန်တလျှောက် တွေ့ရတယ်။



ဟုတ်ကဲ့..စန်းထွန်းတို့ရပ်ကွက်ထဲမှာ ဒီလိုပဲ ရှိပါတယ်။

စန်းထွန်း
မတ်လ ၄၊ ၂၀၁၃။
All photos are from Google.