ဘဝခရီးသည် - ၃

ဗူးသီး စားမစားတော့ မသိဘူး ဝေ့တို့ငယ်ငယ်တုန်းက ဘူးသီးညီနောင် ခုနစ်ဖော် ကာတွန်းကားတော့ ခေတ်စားတယ်။ ညီအစ်ကို ခုနစ်ယောက်က တယောက်တမျိုးစီ အစွမ်းရှိကြတယ်။ တစ်ယောက်ကလေ၊ တစ်ယောက်ကမီး၊ တစ်ယောက်ကရေ။ အငယ်ဆုံးလေးကို မြွေမကြီးက မွေးစားပြီး ညီအစ်ကိုတွေကို ပြန်တိုက်ခိုင်းတယ်။ အငယ်ဆုံးလေးက ညီအစ်ကိုမှန်း မသိတော့ ချကြတာပေါ့။ ညီအစ်ကိုတွေဆုံမှ မြွေမကြီးကို နိုင်မှာမို့ ညီအစ်ကိုတွေ မဆုံအောင် မြွေမကြီးက လုပ်တာ။ အဲဒီကာတွန်းကား ဘယ်လောက်ခေတ်စားလဲဆိုရင် ဟိုးတလောတုန်းက ဘွဲ့နှင်းသဘင်ပွဲမှာ ကောင်လေးခုနစ်ယောက် ဘူးသီးညီနောင် ခုနစ်ဖော်ဝတ်စုံဝတ်တဲ့အကြောင်း သတင်းထဲ ပါလိုက်သေးတယ်။ ဗီယက်နမ်မှာလည်း အနောက်ဖက်သို့ ခရီးထွက်ခြင်း (Journey to the West) ပြပြီဆိုလို့ကတော့ နွေရာသီကျောင်းပိတ်ရက် ရောက်ပြီလို့သာ မှတ်လိုက်တော့။

ဝါရှင်တန်ဒီစီရုံးမှာ နေ့လည်ထမင်းစားချိန်ဆိုရင် ဗီယက်နမ်လေး ငုယင်က အနောက်ဖက်သို့ခရီးသွားခြင်းရုပ်ရှင် ကြည့်လေ့ရှိတယ်။ ဗီယက်နမ်မှာ ငုယင်ဆိုတဲ့နာမည်က ယောကျ်ား၊ မိန်းမ မရွေးဘူးပေါ့နော် ဝိုင်း ( ဝိုင်း နာမည်မှာ ငုယင် ပါတယ်) ဟုတ်တယ်။ ကိုယ်တို့ငယ်ငယ်တုန်းက အဲဒီရုပ်ရှင် သိပ်ခေတ်စားတာ မျောက်မင်း စွန်းဝူခုံးကို သိပ်ကြိုက်တယ်။ ကိုယ့်သူငယ်ချင်းတစ်ယောက်ဆို ပါကျဲဝက်လို ငှဲ..ငှဲ..ငှဲ ဆိုပြီး လုပ်ရယ်တာ သိပ်ရယ်ရတာပဲ။ အဲဒီတုန်းက ကိုရီးယားကား ခေတ်မစားသေးဘူး။ သိုင်းကားတွေ ခေတ်စားတယ် ပိုးမင်းသားရဲ့ သိုင်းဝိညာဉ်၊ နဂါးနိုင်ဓား။ တရုတ်သိုင်းကားတွေ ကြည့်တယ်၊ သိုင်းစာအုပ် ဖတ်တယ်။ ကြာလာတော့လည်း ဝှီ..ဝှီ..ဝှီ..ဝှ စ်..ဝှစ်..ဝှစ်.. ဟူး...ဟူး...ဟူး တွေ များလို့ အဓိပ္ဗာယ်မရှိဘူးဆိုပြီး မဖတ်တော့ဘူး။ ဝိုင်းက သိုင်းဝထ္ထုတစ်ပုဒ်ကို ခုလေးတင် ရထားပေါ်မှာ ဖတ်လာတာ ဘာစာအုပ်လဲ။

ကောင်းတဲ့ဂိုဏ်းနဲ့ မကောင်းတဲ့ဂိုဏ်း အဖြူရောင်ဂိုဏ်းသားတွေက ပုလွေမှုတ်ကြတယ် တရုတ်သိုင်းဝထ္ထု နာမည်ကြီးဆရာနာမည်ကို ဗီယက်နမ်လေသံနဲ့ ရွတ်ပြတော့ တရုတ်က နားမလည်။ နာမည်ကြီးတရုတ် သိုင်းဝထ္ထုရေးဆရာနာမည်တွေကို ဝေ့က ရွတ်ပြတယ်။ နောက်တော့ ဘယ်သူဆိုတာ သူတို့နှစ်ယောက် သိသွားကြတယ်။ ကိုယ်တို့ ငယ်ငယ်တုန်းက တရုတ်ကား မေမေကြီး၊ မေမေလေး၊ ပိုင်ဟွေ့၊ ဟုန်မေဟွမ်တို့ ခေတ်စားတယ်။ နောက်တော့ ဂျပန်ကား အိုးရှင်းရုပ်ရှင်ဆို ကိုယ်တို့တွေ သိပ်ကြိုက်ကြတာ။ ခုတော့လား ကိုးရီးယားမှ ကိုးရီးယား။ ဂျက်ကီချမ်း ရုပ်ရှင်တွေကို ကြိုက်တယ် ရယ်ရလို့။ The Myth ဆိုတဲ့ ရုပ်ရှင်ထဲက ရုပ်ရှင်ဇာတ်ဝင်တေးကို ကြိုက်တယ်။ ဝေ့သူငယ်ချင်းတွေ ကာရာအိုကေဆိုင်သွားရင် အဲဒီသီချင်း ဆိုကြတယ် လာ...လာ...လာ...နာ...နာ...နာ..။ ဟာ.. သီချင်းလည်း မရဘဲနဲ့ လာ..လာ..လာ...နာ..နာ..နာ ဆိုပြီး ရောမချစမ်းနဲ့။ ဟား..ဟား..ဟား..အင်း... အနုပညာဆိုတာ လူမျိုး၊ ဘာသာ၊ နိုင်ငံ မခြားတော့ပါလား။

 ဝေ့ မင်းသူငယ်ချင်းတွေ လမ်းလျှောက်တာ ဝါသနာ မပါဘူးလား။ သူတို့လား ဘီယာဆိုင်ဆိုရင်တော့ လိုက်မယ်တဲ့ ပြတိုက်၊ ပန်းခြံ၊ တောင်တက်မယ် ဆိုရင်တော့ ဝေါင်ဝေါင်ရှေးတဲ့။ ကိုယ့်သူငယ်ချင်းတွေလည်း တောင်တက်ဖို့၊ ပြတိုက်သွားဖို့ဆို နိုးပဲ။ လမ်းလည်းမလျှောက်နိုင်ဘူး၊ တနေကုန် အိန္ဒိယရုပ်ရှင်တွေ ကြည့်တာ မညောင်းဘူးလား မသိဘူး။ ဟ...သူတို့ကလည်း အိမ်မှာ အေးအေးဆေးဆေး နှပ်မနေဘဲ ဘယ့်နှယ့် ကိုယ့်ဒုက္ခကိုယ်ရှာ တောင်သွားတက်၊  ပြတိုက်သွားပါလိမ့်လို့ တွေးမှာပေါ့။ ဝေ့ရေ မင်း ကျောင်းပြီးရင် အစိုးရအလုပ် လုပ်မှာလား၊ အပြင်ဝန်ထမ်းလုပ်မှာလား။ မင်းတို့တရုတ်ပြည်တော့ မသိဘူး ကိုယ်တို့တိုင်းပြည်မှာတော့ ဗိုလ်မူး အဲ ဗိုလ်မှုးအဆင့်လောက်နဲ့ကို အတော်ဟုတ်နေပြီ။ ခု တရုတ်သမ္မတသစ်က လာဘ်ပေးလာဘ်ယူ ကင်းရှင်းရေး လုပ်နေတော့ အရင်လို စားဖို့ မချောင်တော့ဘူး။ ဒါဆို ဝေ့ ဘေဂျင်းမြို့တော် တက်မှာလား။ ဘေဂျင်းက လူရှုပ်တယ် လေထုညစ်ညမ်းတယ် ဝေ့ဇာတိနားက မြို့ကြီးလောက်ပဲ တက်ဖြစ်မယ် ထင်တယ်။ ဝေ့တော့ တရုတ်ပြည်ရောက်ရင် ဖေ့ဘွတ်လည်း သုံးလည်းမရ၊ ဂျီမေးလ်လည်း သုံးလို့မရတော့ ကိုယ်တို့တွေ အဆက်အသွယ် ရှိတော့မှာ မဟုတ်ဘူး။ ဟုတ်တယ် ဝိုင်းသူငယ်ချင်းတွေ တရုတ်ပြည် ပြန်သွားရင် အဆက်အသွယ်ကို မရှိတော့တာ။


ဝိုင်းတို့ဗီယက်နမ်မှာလည်း တခုခုဆို အစိုးရက ဘမ်းတယ်။ ဒီတော့ ပရောက်စီတွေနဲ့ ကျော်ခွကြပြီး ဂျီမေးလ်၊ ဖေ့ဘွတ် ပြန်သုံးကြတာပဲ။ ဟေ...ကိုယ်တို့တိုင်းပြည်မှာလည်း ဘာထူးလဲ အတူတူပဲ တခုခုဆို အစိုးရက အင်တာနက်ကို နှေးပစ်လိုက်တာ။ သတင်းဆိုဒ်တွေကို ဖွင့်လိုမရအောင် ဘမ်းပစ်ရင် ပရောက်စီတွေနဲ့ ကျော်ခွရတယ်။ မင်းတို့ ဒီမိုကရေစီမိခင် အမေစုသတင်းက ဗီယက်နမ်တီဗွီမှာ အမြဲပါတယ်။ ဝိုင်းတို့ဗီယက်နမ်တွေ အမေစုကို လေးစားတယ်ကွ။ တရုတ်လေး ဝေ့ဆီကတော့ အမေစုကို သိတယ်ဆိုတဲ့စကား ထွက်မလာဘူး။ နီပေါ၊ အိန္ဒိယ၊ မလေးရှား၊ ကမ္ဘောဒီးယား၊ အမေရိကန်တွေက အမေစုကို သိကြပေမဲ့ တရုတ်တွေ မသိကြတာ အံ့သြစရာ မဟုတ်ပါဘူး။ အမေစု သမ္မတဖြစ်ရင် တရုတ်လက်အောက်ခံအစိုးရ လုပ်မှာမဟုတ်တာ သေချာလွန်းတော့ တရုတ်အစိုးရက အမေစုသတင်း ဘယ်လွှင့်ပါ့မလဲ။ တလောတုန်းက အမေစုအကြောင်း တရုတ်တီဗွီသတင်းမှာ လွှင့်တဲ့အကြောင်း ဖေ့ဘွတ်မှာ ဖတ်လိုက်ရတယ်။ ပြည်သူ့ဆက်ဆံရေး၊ နိုင်ငံတကာ ဆက်ဆံရေး ဘွဲ့ရထားပေမဲ့ ဝေ့နဲ့ဝိုင်း နိုင်ငံရေး စိတ်မဝင်စားကြဘူး။

ဘုရားပုထိုးတွေရှိတဲ့ ပုဂံကို သွားလည်ချင်တယ်။ ကိုယ်လည်း ဗီယက်နမ်က ဟောင်လန်ဘေကို သွားလည်ချင်တယ်။ ဗီယက်နမ်ရိုးရာဝတ်စုံလေးက လှတယ်နော် ဝိုင်း ကျက်သရေလည်း ရှိတယ်။ အယ်မလေး အမြင်သာလှတာ မလွတ်လပ်ဘူး။ အမ်...ဂါဝန်အရှည်ကြီးအောက်မှာ ဘောင်းဘီပွပွ ဝတ်တာလေ လွတ်လပ်တယ်လို့ ထင်နေတာ။ အောက်ကသာ လွတ်လပ်သာအေ့ အပေါ်က ကျပ်ထုတ်နေအောင် ဝတ်မှလှတာ။ အထက်တန်းကျောင်းအထိ ရိုးရာဝတ်စုံ ဝတ်ရပေမဲ့ ပွပွချောင်ချောင်လေး။ ပွဲတွေဆိုရင် လက်မောင်းအတိ ၊ ရင်အတိ ကျပ်ထုပ်နေအောင် ဝတ်ရတာ အသက်ရှူကျပ်တယ်။ ဗီယက်နမ်မှာ တောင်၊ မြောက်၊ အလယ် လေသံကွဲတယ်။ ဝိုင်းဆို စကားပြောလိုက်တာနဲ့ မြောက်ဗီယက်နမ်က လာမှန်းသိတယ်။ အလယ်ပိုင်းလေသံကတော့ အတော်ဆိုးတယ် ဗီယက်နမ်အချင်းချင်းတောင် နားမလည်ဘူး။ ဗီယက်နမ်စကား သင်ချင်ရင် မြောက်ပိုင်းမှာ လာသင်ကြတယ် လေယူလေသိမ်း နားထောင်ကောင်းလို့။

တရုတ်မှာတော့ ဘေဂျင်းဟွာ့လို့ခေါ်ကြတဲ့ ဘေဂျင်းလေသံက standard ပဲ။ ဒါပေမဲ့ တရွှီရွှီတွေ များတယ်။ အင်း ကိုယ်တို့တိုင်းပြည်မှာတော့ အလယ်ပိုင်းဒေသ မန္တလေးကို ညွှန်းကြမယ်ထင်တယ်။ မန်းသားတွေ စကားပြောကြတာ ယဉ်ကျေးလို့တဲ့။ ဝေ့က ပြင်သစ်စကားပြော ကနေဒီးယန်းဆီက ပြင်သစ်စာ သင်နေတာဆိုတော့ သူ သိသလောက် ဝိုင်းနဲ့ ပြင်သစ်လို မှုတ်ကြတယ်။ ဝေ့ကို ပြင်သစ်စကားပြော သင်ပေးတဲ့ကျောင်းသားက ကနေဒါနိုင်ငံ ကေ့ဘတ်ပြည်နယ်က။ ဝိုင်းက ကေ့ဘတ်ခွာ ကေ့ဘတ် Quebec ဒေသ ပြင်သစ်စကားပြောက အင်မတန် အသံထွက်ဆိုးတာ ပြင်သစ်အချင်းချင်တောင် နားမလည်ဘူး။ ဝိုင်း အီတလီမှာ နေတုန်းက အိမ်ရှင်က ကနေဒါနိုင်ငံ ကေ့ဘတ် Quebec ပြည်နယ်မှာနေတဲ့ သူ့တူမ အလည်လာမှာမို့သူ မရှိတဲ့အချိန် ကြည့်ရှုပေးပါလို့မှာထားတယ်။ သူ့တူမက ဝိုင်းကို လာမေးတာ ပြင်သစ်စကားဆိုပေမဲ့ ဗီယက်နမ်မှာ တက္ကသိုလ်တက်တုန်းက ပြင်သစ်စာသင်၊ ပြင်သစ်ပြည်မှာလည်း ကျောင်းတက်ဖူးတဲ့ ဝိုင်း တယောက် အတော့်ကို နားမလည်နိုင်တာတဲ့။ ကိုယ်ကတော့ ပြင်သစ်စကားဆို ရှု...ရှု...ရှု လို့သာ ကြားနေတော့တာပဲ။ ကိုယ်တို့သုံးယောက် ဘာသာစကားတွေ စိတ်ဝင်စားတာလည်း တူတယ်။

ဝေ့က ပြတိုက်တွေ သွားရတာ ကြိုက်တယ်။ နယူးယောက်မှာ ဝေ့ မသွားဖူးတဲ့ ပြတိုက် မရှိသလောက်ဘဲ။ ကိုယ်တို့ကတော့ အုပ်စုနဲ့မှ၊ ဈေးမကြီးမှ ပြတိုက်ထက် ပန်းခြံတွေ၊ တောင်တွေကို ပိုသဘောကျတယ်။ တောင်တက်ပြီးလို့ နားကြရင် ဝိုင်းနဲ့ကိုယ်က ပန်းသီးအမြဲစားတယ်။ ဝေ့က မင်းတို့ ပန်းသီး အတော်ကြိ ုက်တယ်ထင်တယ်နော်လို့ ပြောရင် ဝိုင်းနဲ့ကိုယ် တယောက်ကိုတယောက် ကြည့်ရင်း ပြုံးကြတယ်။ ပန်းသီးကြိ ုက်တာထက် ပန်းသီးက ဈေးပေါလို့၊ တာရှည်အထားခံလို့။ ဝေ့ မင်းရော အမြဲတမ်း  ခေါက်မုန့် ယူလာတယ် ခေါက်မုန့် ကြိုက်လို့လား ။ သူလည်း so..so..so...  ကိုယ်တို့လို ချက်ပြုတ်ဖို့ပျင်းတဲ့ ငပျင်းလေး။ ကိုယ်လား မီးဖိုချောင်ကို သူတို့နဲ့ လားလားမှ မဆိုင်လို့တွေးတဲ့ ကောင်တွေကို တစက်မှ ကြည့်မရဘူး။ ကိုယ်တို့အဖေ၊ အမေ ခေတ်တုန်းကတော့ အဖေတယောက်ရှာတာ တအိမ်လုံးထိုင်စား အမေက အိမ်ထောင်ရှင်မ။ ခုခေတ်ကျတော့ နှစ်ယောက်လုံး အလုပ်ထွက်လုပ်တာတောင် မလောက်ငှချင်။

(ဆက်ပါဦးမည်)
စန်းထွန်း
စက်တင်ဘာ ၂၈၊ ၂၀၁၄။

ဘဝခရီးသည် - ၂

အက်ကေးဒီယားခရီး သွားပြီးတော့ ဝိုင်းနဲ့ ပိုခင်လာတယ်။ ငါးမျှားတဲ့ အကြောင်းပြောကြတော့ ဝိုင်းအဖေက သူတို့အိမ်နားက ရေကန်ထဲ ငါးသားပေါက်လေးတွေထည့် အစားကျွှေး။ ငါးတွေကြီးလာတော့မှ ငါးမျှားတံနဲ့ အခန့်သား ငါးထိုင်မျှားတာတဲ့။ အင်း... ငါး မမိမှာတော့ ပူစရာမလိုဘူး။ အာတီဖစ်ရှယ်ငါးစာကြောင့် လက်သီးဆုပ် လောက်တောင်မရှိတဲ့ လီလီပေါ့ ငါးလေးတွေ မိလို့ ကန်ထဲပြန်လွှတ်ရတဲ့ အမ်းထရူး၊ စကားများလွန်းလို့ ငါးတွေ နားညည်းပြီး လစ်ပြေးကြတာ သူ ငါးမျှားရင် တကောင်မှ မမိတဲ့ မလေးရှားတရုတ်မလေး ထိန်ထိန်တို့အကြောင်း ပြောရင်း ရယ်မောရသေးတယ်။ ဝိုင်းအဖေ နှလုံးသွေးကြောကျဉ်းလို့ ပိုက်ထည့်ရတာ ဒေါ်လာတစ်ထောင်လောက်ပဲ  ကုန်တယ်။ ဒါတောင် သူတို့အစိုးရက တော်တော်များများ အကုန်ခံတာ။ ကိုယ့်အဖေလည်း နှလုံးသွေးကြောကျဉ်းလို့ ဘန်ကောက်မှာ ခွဲစိတ်တာ ပိုက်ဆံဆိုတာ ကုန်လိုက်တာ။ သေချာတာကတော့ ဗီယက်နမ်ရဲ့ ကျန်းမာရေး စောင့်ရှောက်စနစ်က မြန်မာပြည်ထက် အများကြီးသာတယ်။

ဟနွိုင်းမြို့ရဲ့ အိမ်ငှားခက မန်ဟက်တန် နီးပါးလောက် မြှင့်တယ်။ ကုန်ဈေးနူန်းလည်း ကြီးတော့ ဗီယက်နမ်တွေဟာ ကောင်းကောင်းစား၊ ခရီးသွားဖို့ထက် ထမင်းနပ်မှန်ဖို့ အလုပ်အသေ လုပ်ရပါသတဲ့။ ဒီမိုကရေစီ တောင်ဗီယက်နမ်နဲ့ ကွန်မြူနစ် မြောက်ဗီယက်နမ်တို့ စစ်ဖြစ်ကြတော့ ရုရှတွေနဲ့ပေါင်းတဲ့ မြောက်ဗီယက်နမ်က နိုင်တယ်။ စစ်ရှုံးတဲ့ တောင်ဗီယက်နမ်တွေ မဟာမိတ်ယူအက်စ်ဆီကို လှေတွေနဲ့ သက်လုပြေးရတယ်။ အဲဒီစစ်ပြေးတွေရဲ့ မျိုးဆက်တွေက ယူအက်စ်မှာ ကြီးပြင်းလာပြီး တော့ မြောက်ဗီယက်နမ်လေသံကြားရင် ဒင်းတို့ကြောင့် သူတို့တိုင်းပြည်ကို စွန့်ခွာခဲ့ရတာဆိုပြီး အခဲမကြေကြဘူးတဲ့။ ဗီယက်နမ်မှာရှိတဲ့လူတွေကတော့ တောင်ရယ်မြောက်ရယ်လို့ မတွေးတော့ဘူး ဗီယက်နမ်တနိုင်ငံတည်းလို့ တွေးတယ်။ အဲ... ဗီယက်နမ်တွေ တရုတ်ကိုတော့ မုန်းကြတယ်။

အခုဆို တရုတ်ဆန့်ကျင်ရေး စိတ်တွေ ပိုပြင်းထန်လာတယ်။ ဗီယက်နမ်ပိုင်ကျွှန်းကို တရုတ်က သူတို့ပိုင်ဆိုပြီး အငြင်းပွားနေလို့တဲ့။ တလောကတောင် ဗီယက်နမ်မှာ တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ၊ တရုတ်ပိုင်စက်ရုံတွေကို လူတွေဝိုင်းပြီး ဖျက်ဆီးကြတာ သတင်းမှာ ဖတ်လိုက်ရတယ်။ ဗီယက်နမ်တင် တရုတ်မုန်းတာ မဟုတ်ဘူး ဖိလစ်ပိုင်တွေလည်း မုန်းတယ်တဲ့။ အီတလီမှာရှိတဲ့ တရုတ်သံရုံးကို ချီတက်ဆန္ဒပြတော့ ဗီယက်နမ်တွေအပြင် ဖိလစ်ပိုင်တွေလည်း ပါတယ်တဲ့။ တန်ဇနီးယားက ဆာဖာရီက နာမည်ကြီးတယ်။ ဒါပေမဲ့ လူတွေက ဆင်းရဲလွန်းလို့ စားစရာမရှိ သောက်စရာမရှိ။ ပညာရေးရောဟင် စားစရာတောင် မရှိတဲ့ဟာ ဘယ်လိုလုပ် စာသင်နိုင်မှာလဲ။ သူတို့ကို ကြည့်ပြီးတော့ ဝိုင်းက သူ့ဘဝက သူတို့ထက် အများကြီးသာတယ်လို့ ကျေနပ်ရောင့်ရဲသွားတယ်။ အလုပ်ကိစ္စနဲ့ သွားရတာမို့ အဲဒီနိုင်ငံတွေများ အလည်အပတ် သွားလည်ချင်သလားမေးတော့ ဟင့်အင်းတဲ့။

ဝိုင်း သွားတုန်းက လေယာဉ်တစီးလုံး တရုတ်ကျပန်း အလုပ်သမားတွေချည်းပဲတဲ့။ ဝိုင်းကို တရုတ်ထင်ပြီး တရုတ်စကားတွေ လာပြောနေတာ ဝိုင်းက သူ တရုတ်မဟုတ်ဘူး တရုတ်စကားမပြောတတ်ဘူး ဗီယက်နမ်ဆိုတော့မှ တတ်သမျှ မှတ်သမျှ အင်္ဂလိပ်စကားကို ညှစ်ထုတ်ပြီး ဘိုလိုမှုတ်သတဲ့။ သူတို့တွေက အာဖရိကမှာရှိတဲ့ တရုတ်ပိုင်စက်ရုံတွေဆီမှာ အလုပ်လုပ်ဖို့ လာကြတာ။ ဘယ်လိုပတ်ဝန်းကျင်၊ ဘယ်မှာအလုပ်လုပ် ရမယ်မှန်းလည်း မသိဘူးတဲ့။ ရာသီဥတုက ဆိုးရွားလွန်း၊ ဘာသာစကားက တလုံးမှ မတတ်၊ အစားအသောက် လုံးဝမတူတဲ့ဒေသမှာ အလုပ်လုပ်ဖို့လာတာတဲ့ ဘုရားရေ ။ အာဖရိကမှာလည်း တရုတ်တွေ ကြီးစိုးနေပါသတဲ့။ ကိုယ်တို့ မြန်မာပြည်မှာလည်း မေခနဲ့မလိခ မြစ်ဆုံပြီး ဧရာဝတီမြစ်အဖြစ်  စတင်စီးဆင်းတဲ့နေရာမှာ ရေကာတာဆောက်၊ သံလွင်မြစ်မှာ ရေကာတာဆောက်၊ သဘာဝဓာတ်ငွေ့ပိုက်လိုင်း၊ ကျောက်မီးသွေးတူး အားလုံး တရုတ်လက်ချည်းပဲ။ အခု မြန်မာတွေလည်း တရုတ် မုန်းလာတယ်။


ယိုးဒယားတွေ ဗမာကို မုန်းတယ် ဟင်..ဟုတ်လား ဘာ့ကြောင့်လဲ။ ဗမာဘုရင်တွေ တန်ခိုးထွားရင် ပါဝါပြချင်တဲ့ အနေနဲ့ယိုးဒယားပြည်ကို သွား... သွားသိမ်းတယ်လေ။ အယုဒ္ဓယမှာ အပျက်အစီးတွေကို ခုထိမပြင်ဘဲ အဲဒါ ဖမာ့တွေ လုပ်ခဲ့တာဆိုပြီး ဗမာတွေကို မုန်းတယ်။ အဟဲ...ကမ္ဘောဒီးယားတွေလည်း ဗီယက်နမ်ကို မုန်းတယ် ဟင်...ဟုတ်လား ဗီယက်နမ်တွေ ခမာတွေကို ဘာလုပ်ခဲ့ပါလိမ့်။ ဟိုအရင်တုန်းက ဗီယက်နမ်တွေ ခမာတွေကို ငြင်းဆဲခဲ့တယ် ထင်တယ်။ ခြင်္သေ့ကျွှန်းမှာ ကျောင်းတက်တုန်းက ကိုယ်တို့အဖွဲ့က တရုတ်လေးဆို ဂျပန်တွေကို အသေမုန်းတယ်။ သူ့ပြည်နယ်က ကိုရီးယားနယ်စပ်နားမှာ။ ကြည့်ရတာ သူ့အဘိုး၊ အဘွားတွေကို ဂျပန်က ညှည်းဆဲခဲ့ပုံပေါ်တယ်။

အဖေအများစုက သားသမီးတွေနဲ့ သိပ်မရောပေမဲ့ ကိုယ့်အဖေကတော့ သားသမီးတွေနဲ့ ဘောလုံးပွဲကြည့်၊ ညစာ အတူစားဖို့စောင့်၊ ငယ်ငယ်က အကြောင်းတွေကို ပြောပြနဲ့ ကိုယ်တို့နဲ့ ရင်းနှီးတယ်။ ဝေ့အဖေကတော့ ပြောင်းပြန် စကားလည်းမပြော ဖာသိဖာသာနေတယ်။ ဂျပန်ဆန့်ကျင်ရေး တီဗွီချန်နယ်တွေကို ကြည့်ဖို့တော့ ဝေ့ကို လာခေါ်တယ်တဲ့။ ဂျပန်ဆန့်ကျင်ရေး တီဗွီချယ်နယ်တွေမှ လေးငါးခုတောင် ရှိတယ်။ ဝေ့ မင်းရော ဂျပန် မုန်းသလား။ ဝိုင်းက ကိုယ့်လက်ကို လာတွန်းတယ် မမေးနဲ့ဆိုတဲ့ သဘော။ မုန်းပါဘူး ခုက ၂၁ ရာစုလေ အတိတ်ကို အတိတ်မှာ ချန်သင့်တယ်။ တရုတ်မှာ ကလေးတစ်ယောက်တည်း မွေးခွင့်ရှိတာ မဟုတ်ဘူးလား ဝေ့မှာ ဘာဖြစ်လို့ အစ်မ ရှိနေတာလဲ။ ဝေ့အဖေက ယောက်ျားလေး လိုချင်လို့တဲ့။ ဝေ့အဖေက ဝေ့အတွက် အစိုးရကို ပိုက်ဆံအများကြီး ဆောင်လိုက်ရမယ် ထင်တယ်။ ကိုယ် မသိဘူးကွ မင်းတို့တိုင်ပြည်မှာရော သားယောက်ျားလေး ပိုမလိုချင်ဘူးလား ဟင့်အင်း။

ကိုယ်တို့ မြန်မာတွေမှာ မိသားစုနာမည် မရှိဘူး ဒီတော့ မိသားစုနာမည် ဆက်ခံဖို့ ယောက်ျားလေး မလိုဘူး။ ကိုယ်တို့မိသားစုမှာ သားယောကျာ်းလေး တစ်ယောက်ရှိတာ အငယ်ဆုံးလည်းဖြစ်တော့ ဘာမှ အားမကိုးရဘူး။ မိန်းကလေးနှစ်ယောက်က ပိုထက်တယ်။ သမီးနှစ်ယောက်အတွက် နှစ်တိုင်း အဖေ၊ အမေ ဆုတက်ယူရပေမဲ့ သားအတွက် တခါမှဆုမယူဘူးတဲ့အပြင် စာမေးပွဲကျလို့ အတန်းပိုင်ဆရာမက ခေါ်တွေ့တယ်။ သမီးမိန်းကလေးက အချိန်တန်အရွယ်ရောက်လို့ အိမ်ထောင်ပြုရင် ယောက္ခမအိမ်ကို ထည့်ပေးလိုက်ရတာက တရုတ်အယူအဆကွ။ ကိုယ့်တို့မိသားစုကတော့ သမီးမိန်းကလေး အိမ်ထောင်ပြုရင် သားသမက်တယောက် ရတယ်။ သားအိမ်ထောင်ပြုရင် သားတစ်ယောက် ပေးလိုက်ရတာလို့ တွေးတယ်။ သားတွေ အိမ်ထောင်ကျသွားရင် မိဘကို ထောက်ပံ့ဖို့ ဆိုတာ သူ့မိန်းမပေါ်မှာ မူတည်နေတယ် အင်မတန် စိတ်သဘောထားကောင်းတဲ့ မိန်းမမှ ကြည်ဖြူတာ။ သမီးတွေ အိမ်ထောင်ကျသွားရင် မထောက်ပံ့နိုင်ဦးတော့ မိဘအိမ် ဟင်းတခွက်တော့ ပြန်လာတယ်။

ကိုယ့်အမေဆို ကိုယ့်မောင်လေး ကဲလွန်းလို့ ကလေးတွေကို စိတ်ကုန်သွားတာ သူ့တူ၊ တူမတွေကို ရော့အင့် ကျွှေးသင့်တာကျွှေး ပေးသင့်တာပေးပြီး လုံးဝအနားကပ်မခံဘူး။ ကိုယ့်မိဘတွေက ပညာတတ် မဟုတ်ဘူး။ ဒါပေမဲ့ သားသမီးကို ပညာတတ်ဖြစ်ရမယ်၊ ပညာအမွေပေးမယ်ဆိုပြီး  ကိုယ်တို့ပညာရေးကို အရမ်းအားပေးတာ။ ကိုယ့်မိဘတွေကြောင့်သာ မဟုတ်ရင် ကိုယ်တော့ ဒီအခြေအနေထိ ရောက်လာမယ် မထင်ဘူး။ ကိုယ့်မိဘတွေကတော့ မိဘကံမကောင်းဘူး။ စာသင်ချင်ပေမဲ့ သင်ခွင့်မရှိခဲ့ဘူး။ ကိုယ်ကတော့ ဒီလိုမိဘ၊ မောင်နှမတွေရတာ သိပ်ကံကောင်းတာပဲ။ ဝိုင်းအဘိုးက အတော်ထက်တာ ပြင်သစ်လို ကျွှမ်းကျွှမ်းကျင်ကျင် ပြောတတ်တယ်။ သူ့မြေးတွေကို အင်္ဂလိပ်စာသင်ဖို့ သူကိုယ်တိုင် အင်္ဂလိပ်စာ သင်တယ်။ ဝိုင်း အင်္ဂလိပ်စာကောင်းအောင် သူပဲ လေ့ကျင့်ပေးခဲ့တာ။ ဒါကြောင့် ဝိုင်း ဗီယက်နမ်တနိုင်ငံလုံးစစ် အင်္ဂလိပ်စာ စာမေးပွဲမှာ ဒုတိယ ရတာ။ ဝိုင်းတက်မဲ့ဘာသာ၊ ကျောင်းတွေကို ဝိုင်းအဘိုးက အကုန်ရွေးပေးတာကွ။ ဟား...မင်းအဘိုးက တကယ်တော်တာပဲ။


တချို့ကျတော့လည်း မိဘက ထောက်ပံနိုင် သားသမီးက မထက်မြက်။ သားသမီးက ထက်မြက်ပေမဲ့ မိဘက မတတ်နိုင်။ မိဘကလည်း ထောက်ပံ့နိုင် သားသမီးကလည်း တော်မှ အောင်မြင်တာ။ ဟုတ်တယ်နော် ကိုယ်တို့တွေ တကယ်ကံကောင်းတယ် ဒီလိုမိဘ၊ မိသားစုမျိုးရလို့။ ကိုယ်ကတော့ အရှေ့တိုင်းက သားသမီးပြုစုပျိုးထောင်တာကို မကြိုက်ဘူး။ ကလေးတွေကို ဘာမှမလုပ်ခိုင်းတော့ အသက်ကဖြင့် ၇၊ ၈ နှစ် ရှိနေပြီ ကိုယ့်ဘာသာ မစားတတ်သေးဘူး၊ ခွံ့ကျွှေးရတာနဲ့။ အနောက်တိုင်းက မိဘတွေက ငယ်ငယ်ကတည်း ကလေးလုပ်နိုင်တာလေးတွေ တတ်နိုင်သလောက် လုပ်ခိုင်းတော့ ကလေးတွေက တာဝန်သိတယ်။ အခု မစားရင် အငတ်ထားမယ်ဆို တကယ်အငတ်ထားတာ၊ ကလေးကြောင့် ကြမ်းပြင်ပေသွားရင် ကလေးကို သုတ်နည်းပြပြီး ပြန်သုတ်ခိုင်းတယ်။ ည ၈ နာရီခွဲ ကလေးတွေအိပ်ချိန်လို့ ပြောလိုက်တာနဲ့ အိပ်ရတယ်။ ရှောပင်းမောလ်မှာ  စာအုပ်ဝယ်ဖို့လာတာ စက်ဘီးတောင်းရင် ခုလာတာ စက်ဘီးဝယ်ဖို့လာတာ မဟုတ်ဘူး၊ စာအုပ်ဝယ်ဖို့လာတာလို့ ကလေး နားလည်သဘောပေါက် လက်ခံလာအောင် အသေအချာ ဆုံးမတယ်။

အာခေါင်ခြစ်ငိုရင်လည်း စိတ်ရှည်လက်ရှည်နဲ့ ရှင်းပြတယ်။ ကိုယ့်အမေဆို ဘယ်စိတ်ရှည်ပါ့မလဲ ပြောမရဘူးလား ကဲဟယ်ဆိုပြီး ကျောပြင်ကို ဗြောတင်ပစ်လိုက်မှာ။ ကျူရှင်ဆရာမ လာတာကို ကလေးက တံခါးဖွင့်မပေးလို့ ကျူရှင်ဆရာမက နာရီဝက်လောက် တံခါးဝမှာ စောင့်နေရတာ တွေ့ဖူးတယ်။ ကိုယ်ဆို နားရွက်ဆွဲပြီး ခေါင်းကိုခေါက်ထည့်ချင်တာ  လက်ကို ယားနေတာပဲ။ အနောက်တိုင်းသားတွေ ကလေးကို ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိအောင်၊ ကိုယ့်အားကိုယ်ကိုးတတ်အောင် သင်ပေးတာ သဘောကျတယ်။ ဘူးပင်အောက်မှာ ထိုင်ကြတော့ ကိုယ်တို့တိုင်းပြည်မှာဆို ဗူးသီးကို ကြော်စားတယ်၊ ချက်စားတယ် မင်းတို့တိုင်းပြည်မှာရော။ တရုတ်ပြည်မှာတော့ ချက်စားတယ်လို့ မကြားဘူးပေါင်။ ချက်စားရင် ချက်စားမှာပေါ့ ကွေ ဝေ့က မီးဖိုချောင်မှ မဝင်တာ၊ စားဖူးတာကို သတိမထားမိတာ ဖြစ်ချင်ဖြစ်မှာပါ့။ အင်း.. ဗီယက်နမ်မှာ ဘူးသီးကို ဘယ်လိုစားကြပါလိမ့်...ဗီယက်နမ်တွေ ဗူးသီးမစားကြဘူး ထင်တယ်။ ဖုန်းဆက်ရင် ကိုယ့်အစ်မတွေကို မေးဖို့ မှတ်ထားရဦးမယ်။ ဟမ်မလေး... တရုတ်နဲ့ ဗီယက်နမ် ဗူးသီး စားသလား မစားဘူးလားဆိုတာ တရုတ်နဲ့ ဗီယက်နမ်ကိုယ်တိုင် မသိဘူးဆိုတော့..။

(ဆက်ပါဦးမည်)
စန်းထွန်း
‌စက်တင်ဘာ ၂၃၊ ၂၀၁၄။

ဘဝခရီးသည် - ၁

ဘဝရထားစီးသွားတုန်း ခရီးစဉ်အစကနေ အဆုံးအထိ တခရီးတည်း သွားတဲ့သူဆိုတာ အရှားသား။ တက်လာတဲ့သူ၊ ဆင်းလာတဲ့သူတွေကြားမှာ အသိမိတ်ဆွေ ဖြစ်တဲ့သူ ရှိသလို ရထားအတူတူ စီးခဲ့မှန်းတောင် မသိလိုက်သူတွေလည်း ရှိရဲ့။ ဆောင့်ကြွားကြွားနဲ့ ကြည့်ရတာ အချိုးမပြေဘူးလို့ မြင်ကတည်းက အမြင်ကပ်နေတာမျိုးလည်း ရှိသေးတယ်။ တချို့ကြတာ့ သီချင်းအကျယ်ကြီးဖွင့်နားထောင်၊ နှစ်ယောက်စာနေရာယူ၊ မက်တပ်ရပ်စီးတဲ့သူကို ကိုယ်ချင်းမစာ ခြေထောက်ဆန့်ထားတဲ့သူ၊ တက်နင်းမိ၊ ထိခိုက်မိလို့ ဆောရီးပြောပေမဲ့ မကျေမနပ်ဖြစ်သွားတဲ့သူတွေ အမျိုးမျိုးပါပဲ။ ဝါသနာတူ၊ စရိုက်တူလို့ ခဏတာလေး ခင်မင်လိုက်ရပေမဲ့ ငယ်ပေါင်းကြီးဖော်လို ခင်မင်သွားတဲ့သူ နှစ်ယောက်ရှိတယ်။

နေခြည်နွေးနွေး ဖြာဆင်းမနေဘဲ တိမ်အုံ့တဲ့ သြဂုတ်လရဲ့ တခုသော စနေနေ့မှာ အင်ဝုဒ်ပန်းခြံဆီကို ခြေဆန့်ကြတဲ့ လမ်းလျှောက်အဖွဲ့မှာ သူတို့နှစ်ယောက်နဲ့ စတင်သိကျွှမ်းခဲ့ပါတယ်။ သူတို့ဆိုတာက ဝေ့နဲ့ ဝိုင်း။ ဒီအဖွဲ့ကို ပထမဆုံးအကြိမ် လာမှန်းသိလောက်အောင် ကြောင်စီစီလေး ဖြစ်နေတဲ့ ဝေ့ကို အဖွဲ့ဝင်ဖြစ်တာ သုံးလလောက် ကြာပြီမို့ စီနီယာဖြစ်နေတဲ့ ကိုယ်ကပဲ စတင်မိတ်ဖွဲ့ခဲ့တယ်။ ဝေ့က ကိုလံဘီယာတက္ကသိုလ်မှာ လာတက်နေတဲ့  တရုတ်ကျောင်းသား။ ကိုလံဘီယာတက္ကသိုလ်က ဟားဗတ်၊ အမ်အိုင်တီ၊ ပရင့်စတန်၊ ယေးလ်တို့လို နာမည်ကြီးတက္ကသိုလ်ပါ။ ကျောင်းပြီးလို့ ဋ္ဌာနေမပြန်ခင် နယူးယောက်တခွင် လိမ့်နေတဲ့သူပေါ့။ အမေရိကန်ပြည်ပေါက် ဘင်္ဂလားမလေး ဖာရီယာနဲ့ အဖွဲ့ကျတဲ့ ဗီယက်နမ်မလေး ဝိုင်းကို East Village လမ်းလျှောက်တုန်းက မြင်ဖူးတယ်ဆိုတော့ ဟုတ်တယ်တဲ့။ လမ်းလျှောက်အဖွဲ့ထဲမှာ အငယ်ဆုံးဖြစ်တဲ့ ဝေ့၊ ဝိုင်း၊ ဖာရီယာနဲ့ ကိုယ်တို့ တွဲဖြစ်တယ်။ ဖာရီယာနဲ့ ကိုယ်က လမ်းလျှောက်အဖွဲ့နဲ့အပတ်တိုင်းနီးပါး လမ်းလျှောက်တော့ သိနှင့်နေတယ်။

ကိုယ်တို့ ငယ်ငယ်တုန်းက အသည်းစွဲ အနောက်ဖက်သို့ခရီးထွက်ခြင်း (စွန်းဝူခုန်း၊ ပါကျဲ) ၊ ကျန်ကျောင်း ရုပ်ရှင်တွေ၊ သွားခဲ့ဖူးတဲ့ခရီးတွေ၊ ကျောင်းမှာ ဗရုတ်ကျတဲ့ အကြောင်းတွေ၊ အမေရိကန်မှာ ကြံကြုံတွေ့ရတဲ့ အကြောင်းတွေနဲ့ဝေ့နဲ့ကိုယ်က အဖွဲ့ကျတယ်။ ဖာရီယာ၊ ဝိုင်း၊ ကိုယ် အပြန်ရထားပေါ်မှာ စကားပြောကြရင်း ဝိုင်းက လွန်ခဲ့တဲ့ သုံးလကမှ အီတလီကနေ ပြောင်းလာတာတဲ့။ နောင်တပတ် ဟောင်ကောင်နဂါးလှေပြိုင်ပွဲ ဖလပ်ရှင်းမြက်ခင်းပြင် လမ်းလျှောက်ပွဲမှာ ဖာရီယာ၊ ဝိုင်းနဲ့ ကိုယ်တို့ ပြန်ဆုံကြတယ်။ ဝိုင်းမိတ်ဆွေကြီး ပရော်ဖက်ရှင်နယ် တောင်တက်သမား၊ စီပီအေ ဒေးဗစ်နဲ့ သိကျွှမ်းရတယ်။  အက်ကေးဒီယားအမျိုးသားဥယျာဉ်ရှိတဲ့ မိန်းပြည်နယ်အကြောင်း ပြောပြတော့ ဝိုင်းက စိတ်ဝင်စားတယ်တဲ့။ အီတလီမှာ နေခဲ့တဲ့ ခုနစ်နှစ်အတွင်း ဥရောပတခွင် ပြဲပြဲစင်အောင် လည်ခဲ့သူမို့ ယူအက်စ်တခွင် ပြဲပြဲစင်အောင် လည်ချင်ပါသတဲ့။

ဝိုင်းနဲ့ အီးမေးလ်တွေပို့။ အပတ်စဉ် ကိုယ်တို့ပါဝင်တဲ့ လမ်းလျှောက်အဖွဲ့က အဲဒီအပတ် လမ်းလျှောက်တာ စိတ်ဝင်စားဖို့ မကောင်းဘူး။ တခြား meetup အဖွဲ့က Cold Springs ကို သွားကြတာတွေ့တော့ ဝိုင်းက သွားကြရအောင်တဲ့။ ပရောက်ဖက်ရှင်နယ် တောင်တက်သမားကြီ ဒေးဗစ်က အသေအချာ လမ်းညွှန်တယ်။ နောက်တော့ Bear Mountains ၊ Staten Island ကို သွားလည်ကြတယ်။ ဝိုင်းနဲ့ ခရီးသွားရတာ အတော်အဆင်ပြေတယ်။ သူက ကိုယ့်ထက်တောင် တက်ကြွနေသေးတယ်။ ဝိုင်းနဲ့ တောင်တွေသွားတက်၊ လမ်းလျှောက်ထွက်တော့မှ သူ့အကြောင်း ပိုသိလာတယ်။ ဗီယက်နမ်မြောက်ပိုင်း ဟနွိုင်းမှာ ကြီးပြင်းခဲ့တဲ့ ဝိုင်းက အင်္ဂလိပ်စာ အရည်အချင်းစစ် စာမေးပွဲမှာ တနိုင်ငံလုံးအဆင့် ဒုတိယရတော့ နာမည်ကြီးတက္ကသိုလ်တွေကို နောက်ထပ်ရေးဖြေစာမေးပွဲတွေ ဖြေစရာမလိုဘဲ တန်းဝင်တယ်။ သူ ရွေးချယ်တာ international relations မေဂျာ။ အဲဒီတက္ကသိုလ်က ဗီယက်နမ်တနိုင်ငံလုံးမှာ တခုတည်း ရှိပါသတဲ့။


ဗီယက်နမ်ကျောင်းတွေမှာ ကျောင်းသင်ရိုးညွှန်းတမ်းစာအုပ်အားလုံးက ဗီယက်နမ်ဘာသာနဲ့ ရေးထားပြီး ဆရာတွေကလည်း ဗီယက်နမ်လိုပြောပြီး သင်ကြတော့ ဗီယက်နမ်တွေ အင်္ဂလိပ်စာအသံထွက် မကောင်းကြဘူး။ ကျောင်းစတက်တုန်းက မိုင်းဖန်စကားကို ဘယ်သူမှ နားမလည်ဘူး။ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံတဲ့ ခြင်္သေ့ကျွှန်းမှာ နေဖူးတဲ့ ကိုယ်ပဲ  မိုင်းဖန် ပြောတာ နားလည်တယ်။ မိုင်းဖန် အင်္ဂလိပ်လို ပြောတာကို ကိုယ်က အင်္ဂလိပ်လို ဘာသာပြန်ပေးရတယ်။ ဝိုင်းတို့ကျောင်းကတော့ အင်္ဂလိပ်စာကို ဗြိတိသျှဆရာတွေက သင်သလို၊ ပြင်သစ်စာလည်း သင်ရတယ်။ ကျောင်းပြီးတော့ ယိုးဒယားနိုင်ငံ အေအိုင်တီမှာ စကော်လားရှစ်ရတယ်။ ယိုးဒယားမှာလည်း ပျော်ပါသတဲ့။ နောက် စကော်လားရှစ်ရလို့ ပြင်သစ်မှာ တစ်နှစ်ကျောင်းတက်ဖူးတယ်။ ကျောင်းပြီးတော့ အီတလီက ယူအန်မှာ အလုပ်ရတယ်။ သူ့လစာက အီတလီတွေထက် ကောင်း၊ အလုပ်စဝင်ခါစက အီတလီသားရေအိတ်ကို တစ်နှစ်လောက် ရူးလိုက်သေးတယ်။ နောက်တော့ ခရီးသွားတာကို ကြိုက်သွားလို့ ဘဝကို ရိုးရိုးစင်းစင်း နေထိုင်ပြီး ရသမျှပိုက်ဆံတွေကို ခရီးသွားပါသတဲ့။ သူ့အလုပ်ကလည်း ကမ္ဘာပတ်ရတော့ ဝိုင်း မရောက်ဖူးတဲ့ နိုင်ငံဆိုတာ ခပ်ရှားရှား။

ယူအန်ကနေ လမ်းလျှောက်ရင် ၁၀ မိနစ်လောက်ပဲဝေးတဲ့ မက်ဟန်တန် တိုက်ခန်းကျဉ်းကျဉ်းရဲ့ ဧည့်ခန်းကို အခန်းဖွဲ့ထားတဲ့ သူ့အခန်းလခက ကိုယ့်အခန်းလခထက် နှစ်ဆများတယ်။ ကိုယ့်ရုံးကတော့ ရထားစီးရင် နာရီဝက်ဆိုပေမဲ့ လမ်းလျှောက်တာ၊ ရထားပြောင်းစီးရတာတွေနဲ့ ၄၅ မိနစ်၊ ၁ နာရီသာသာပဲ။ ကိုယ်က  ရထား ၁ နာရီစီးပြီးလို့ အိမ်ပြန်ရောက်ချိန်မှာ ဝိုင်းက Gym မှာ အားကစားသွားလုပ်၊ Zoomba ၊ SaSa ၊ ballet သွားကပြီးနေပြီ။ ဝိုင်းက တီဗွီ၊ ရုပ်ရှင်လည်း မကြည့်ဘူး။ သူ့အချိန်တွေကို တန်ဖိုးရှိရှိ အသုံးချတယ်။ ယူအန်ဆိုတော့ စတိတ်(ပြည်နယ်)တက်စ်၊ ဖယ်ဒရယ်(အစိုးရ)တက်စ် ဆောင်စရာမလိုဘူး။ ယူအန်ဘဏ် သုံးတယ် ခရစ်ဒစ်ကဒ် မသုံးဘူး။ ရှေးရိုးသမား ဝိုင်းက ငွေသားနဲ့ပေးတယ် အိတ်ထဲမှာ ငွေသား အမြဲဆောင်ထားတယ်။ အိတ်ထဲမှာ ငွေသားမရှိရင် နေလို့မကောင်းဘူးတဲ့။ ကိုယ်က ခရစ်ဒစ်ကက်နဲ့ ပေးလို့မရတော့မှ ငွေသားသုံးတယ်။ ငွေသားရှိရဲ့သားနဲ့ ခရက်ဒစ်ကဒ်နဲ့ငွေရှင်းတဲ့ ကိုယ့်ကို ဝိုင်းက ပြုံးကြည့်ရင် ခရစ်ဒစ်စကိုးတက်အောင် လုပ်နေတာလို့ ကိုယ်က ရေရွတ်တယ်။

ဆီနီဂေါ၊ ဂါနာ၊ နိုင်ဂျီးရီးယားတို့လို နိုင်ငံတွေကို အလုပ်ကိစ္စနဲ့ သွားရလို့ international health insurance ယူပြီး တလ ၅၀၀ ပေးရတယ်။ ပင်စင် ( 401k ) အတွက် စုရင်လည်း ယူအန်က နှစ်ဆစုပေးတယ်။ ခွင့်ဆိုရင်လည်း ကိုယ်တို့က တစ်နှစ်မှာ ၁၀ ရက်ရတာ ဝိုင်းက တစ်လရတယ်။ ဒီတော့ ဒီဇင်ဘာတလလုံး ခွင့်ယူပြီး ဗီယက်နမ်ကို အလည်ပြန်တယ်တဲ့။ ယူအန်က ကောင်းလိုက်တာ ကိုယ်လည်း ယူအန်မှာ အလုပ်ရချင်လိုက်တာ။ ယူအန်မှာရဖို့ သိပ်ခက်တာ လုပ်သက် ၁၀ နှစ်လောက်ရှိမှ။ ဂျပန်၊ ဒိန်းမတ်တို့လို ချမ်းသာတဲ့နိုင်ငံတွေက ဘွဲ့ရပြီးခါစ သူတို့နိုင်ငံသားတွေကို ယူအန်မှာ အလုပ်ဆင်းခိုင်းတာ။ လစာကို သူတို့အစိုးရက ပေးတယ်။ အလုပ်နေရာလစ်လပ်လို့ လူခေါ်မယ်ဆိုရင် အပြင်လူကိုခေါ်မလား၊ ဒီမှာအခုလက်ရှိ အလုပ်လုပ်နေတဲ့သူကို ခေါ်မလား။ သူတို့ကိုပဲ အလုပ်ခန့်တော့မှာပေါ့ သူတို့က ယူအန်မှာ လုပ်နေတာကိုး။ အဲဒါကြောင့် အလုပ်ရဖို့ ခက်တယ်လို့ ပြောတာပေါ့။ ဝိုင်းလည်း စဝင်တုန်းက ဘာအားလပ်ရက်၊ ဘာအခွင့်အရေးမှ မရဘူးတဲ့။

တနေ့တော စင်ထရယ်ပါ့ခ်တိုးကို သွားရင်း ဝေ့နဲ့ ပြန်ဆုံတယ်။ တိုးပြီးသွားပေမဲ့ ကိုယ်တို့တွေ ရေကန်တပတ် လမ်းလျှောက်ကြတယ်။ ဝေ့က ပိတ်ရက်တွေဆို တီဗွီကြည့်တာထက် ပန်းခြံတွေ၊ ပြတိုက်တွေ သွားတာ ဝါသနာပါတယ်။ သူ့သူငယ်ချင်းတွေကတော့ ဘီယာဆိုင်ထိုင်ဖို့လောက်သာ စိတ်ဝင်စားတဲ့။  ဝေ့ရဲ့ ဗရုတ်သုတ်ခ သူငယ်ချင်းတွေအကြောင်း၊ ဝိုင်းရဲ့ နိုင်ငံတကာအတွေ့အကြုံအကြောင်း၊ ကိုယ်သွားဖူးတဲ့ ယူအက်စ်ပြည်နယ် တွေအကြောင်းတွေ ဖလှယ်ကြတာ အတော်စိတ်ဝင်စားဖို့ကောင်းတယ်။ ဝေ့ရဲ့ ဖေ့ဘွတ်အကောက်အပ်တယ်။ လမ်းလျှောက်အဖွဲ့မှာ တခါတွေ့ပြီး နောက်ဘယ်တော့မှ မတွေ့တော့တဲ့ သူတွေအများကြီးမို့ ဝေ့နဲ့ ပြန်တွေ့လိမ့်မယ်လို့ ဘယ်လိုမှ မထင်ထားတာပါ။ ကိုယ်တို့ ဝက်ဝံတောင်ကို သွားတက်မှာမို့ ဝေ့ကို ဖိတ်ခေါ်တော့ တက်နက်စီပြည်နယ် ဂရိတ်စမုတ်ကီတောင်ကို သွားလည်နေမှာမို့ မလိုက်တော့ဘူးတဲ့။

ဆက်ပါဦးမည်...
စန်းထွန်း
စက်တင်ဘာ ၂၀၊ ၂၀၁၄။

အက်ကေဒီးယားသွား တောလား - ၃

ညနေ ၃ နာရီခွဲ စုရပ်မှာပြန်ဆုံ လေးနာရီမှာထွက်မဲ့ အက်ကေဒီးယားနေရှားခရူ  Acadia Nature Cruise  စီးဖို့ တက်သုတ်နှင်ကြပြန်တယ်။ မိန်းပြည်နယ်ရဲ့ ရေလမ်းခရီးဥပဒေနဲ့အညီ ဒီသဘောၤမှာ အသက်ကယ်ဘော ဘယ်နှစ်ခု၊ ဘယ်နေရာမှာ ထားတဲ့အကြောင်း၊ ချမ်းရင် ယူခြုံဖို့ စောင်ပါးလေးတွေ ထားရှိတဲ့အကြောင်း၊ ခရီးသည်တွေ ဘေးအန္တာရယ် ကင်းရှင်းဖို့ကို အဓိကထားပြောဆိုပြီး ကပ္ဗတိန်နဲ့ မိတ်ဆက်ပေးပါတယ်။ ကလေးတွေကို အသက်ကယ်ဘောကွင်း ဝတ်မလားမေးတော့ ခေါင်းခါပြီး နိုးတဲ့။ ခရီးစဉ်က ၂ နာရီကြာပြီး ရင်သပ်ရူမောလှပတဲ့ မိန်းပြည်နယ်ရဲ့ ကမ်းခြေအလှ၊ အက်ကေဒီယားအမျိုးသားဥယျာဉ်၊ Frenchman ပင်လယ်အော်မှာရှိတဲ့ ကျွှန်းလေးတွေ၊ ဘားဟာဘား ကမ်းခြေအလှကို တွေ့မြင်ရမှာပါတဲ့။

ပင်လယ်ကမ်းခြေမို့ တနေ့  ၂ ကြိမ် ဒီရေ အတက်အကျ ရှိပါတယ်။ ရေထရက်၊ ရေသေရက်တွေက လပြည့်၊ လကွယ်တာနဲ့ ဆက်စပ်နေပါတယ်။ ဟိုင်းကြီးကျွှန်းမှာ ကြီးပြင်းခဲ့ပေခဲ့ ရေတက်၊ ရေကျချိန်၊ ရေထရက်၊ ရေသေရက်မှန်း မသိဘူးရယ်။ အဖေ၊ ဘေးချေ (ဦးလေး) တို့ဆို ဘယ်အချိန် ရေတက်၊ ရေကျမယ်ဆိုတာ အတိအကျ သိတယ်။ ဘားဟာဘားမြို့ သမိုင်းကြောင်းကို ရှင်းပြတော့ ဓာတ်ပုံချည်း ဖိရိုက်နေပြန်၊ နည်းနည်းလည်းဝေးတော့ မကြားလိုက်ဘူး။ ဘားဟာဘားမြို့က Jackson Laboratory အကြောင်းကိုတော့ မှတ်မိတယ် ကိုယ့်ကို အင်တာဗျုးခဲ့တဲ့ ကုမ္ဗဏီကိုး။ ဂျက်ဆန်လက်ဘော်ထရီက ဓာတ်ခွဲခန်းမှာသုံးတဲ့ ကြွက်တွေကို ရောင်းချတဲ့ သုတေသန ကုမ္ဗဏီပါ။ ကင်ဆာဆေးကို ကြွက်တွေမှာ အရင်စမ်းသပ်၊ အောင်မြင်တော့မှ လူတွေကို ကုသတာမို့ သုတေသနလုပ်ငန်းတွေအတွက် ကြွက်တွေက မရှိမဖြစ် အရေးပါပါတယ်။ ကြွက်ဆိုလို့ အမွှေးထောင်ထောင်နဲ့ မြေကြွက်မည်းမည်းလို့ မထင်လိုက်ပါနဲ့ ဓာတ်ခွဲခန်းသုံး ကြွက်ဖြူလေးတွေပါ။ ဒီတော့ MDI ( Mount Desert Island) မှာ ကြွက်တွေ အများကြီး ရှိနေတာ အံ့သြစရာ မဟုတ်ဘူး။


တောင်တက်ဝါသနာပါသူတွေအတွက်ဆို MDI  trails တွေကို စိန်ခေါ်ကြည့်ဖို့ အကောင်းဆုံးပါပဲ။ တချို့နေရာတွေ ကျောက်တောင်တွေကို ခဲရခဲဆစ် တက်ရတာတဲ့။ လမ်းလျှောက်အဖွဲ့မှာ တွေ့လို့  မိတ်ဆွေဖြစ်၊ ကိုယ်တို့ Cold Springs မှာ တောင်သွားတက်တော့ အသေအချာ လမ်းညွှန်ပေးတဲ့ စီပီအေ CPA ၊ ပရော်ဖက်ရှင်နယ်တောင်တက်သမားကြီး ဒေးဗစ်ကို သတိရကြတယ်။ ဒေးဗစ်သာဆိုရင် နိပ်သဟ ကြိတ်လိုက်စမ်းမယ်လို့ တွေးမလားမသိ။ ကိုယ်တို့ကတော့ ကိုယ်တို့Level မဟုတ်ဘူးမှန်း အတိအကျသိတယ်။ မိန်းပြည်နယ်ကိုရောက်ရင် မဖြစ်မနေစားဖို့ တိုက်တွန်းကြတာက လော့စတာရိုး Lobster Rolls ၊ လော့စတာအိုက်စ်ခရင် Lobster Icecream ( လော့စတာက အနံ့ ပါတယ်ဆိုရုံလောက်ပဲ ထင်ပါရဲ့)၊ ဘလူးဘယ်ရီပိုင်း Blueberry Pie ၊ ဘလူးဘယ်ရီဆိုဒါ Blueberry Soda ၊ ဘလူးဘယ်ရီဘီယာ Blueberry Beer ပါ။ လော့စတာဖမ်း လုပ်ငန်းလုပ်သူတွေဟာ လိုင်စင်ဆောင်ရပါတယ်။ သတ်မှတ်ထားတဲ့ အရေအတွက်ပဲ ဖမ်းခွင့်ရှိပါတယ်။ ဖမ်းမိတဲ့ လော့စတာကို မျက်စိနားကနေ ခန္ဓာကိုယ်ကို တိုင်းလို့ သုံးလက်မထက် သေးနေရင်၊ ကြီးနေရင် ၊ ဥတွေရှိနေရင် ဖမ်းယူခြင်းမပြုဘဲ ပင်လယ်ထဲကို ပြန်လွှတ်ပြီး မိန်းပြည်နယ်ရဲ့ လော့စတာ သဘာဝဂေဟစနစ်ကို ထိန်းသိမ်းပါတယ်တဲ့။

မြန်မာ့ရေပြင်ပိုင်နက်မှာ ယိုးဒယားငါးဖမ်းသင်္ဘောတွေ ဂျမ်းပိုက်နဲ့ငါးမှုန်ငါးစတောင် မကျန်စေရ၊ ဒိုင်းနမိုက်ဖောက်ပြီး ဖမ်းတယ်လို့ အဖေ ပြောပြဖူးတာ သတိရမိသွားတယ်။ ဟိုးက အစိမ်းရောင်၊ အနီရောင်ဘော့သီးတွေက ဘာတွေလဲဟင်။ အဲဒါ လော့စတာဖမ်းတဲ့ဟာတွေ ဖြစ်မယ် အရောင်တွေက ဘယ်သူ့ဟာဆိုတာ ခွဲထားတာ။ ဟိုင်းကြီးချောင်းထဲမှာ ငါးဖမ်းဖို့ ပိုက်ချထားတဲ့ ဘော့သီးတွေ အမြဲတွေ့ရတတ်တာကိုး။ မော်တင်စွန်းဘုရားပွဲချိန်ဆိုရင် ရေကြောင်းဦးစီးဋ္ဌာနက ရေကြောင်းလာတိုင်းပြီး ဘောတိုင်အနီ၊ အဖြူတွေ ထောင်ထားလေ့ရှိတယ်။ ဒီဒေသမှာ သွားလာနေတဲ့ သင်္ဘောတွေကတော့ ဘယ်နေရာမှာ သောင်၊ ကျောက်ဆောင်ရှိတယ်၊ ရေတက်ချိန်၊ ရေကျချိန် ရေစူးဘယ်လောက် သင်္ဘောဝမ်းနဲ့ လွတ်မလွတ်သိတယ်။ မော်တင်ဘုရားပွဲချိန်မှ ပြေးဆွဲတဲ့ သဘောၤတွေက ဒီလောက်ဘောတိုင်အနီ၊ အဖြူပြထားတာတောင် ရေကြောင်းမသိလို့ သောင်မှတင်ရတာနဲ့၊ ဒီရေမတက်သေးလို့ အဝမှာ စောင့်နေရတာနဲ့။


ငယ်ငယ်တုန်းက မော်တင်စွန်းဘုရားပွဲမှာ ဘောကွင်းနဲ့ ရေကူးခွင့်ပြုတယ်။ အရက်မူးမူးနဲ့ အိပ်ပျော်သွားရင်း ပင်လယ်ဖက်ကို မျောပါသွားလို့ စက်လှေနဲ့ လိုက်ဆယ်ရတာများလို့ နောက်တော့ ရေကူးခွင့် ပိတ်လိုက်တယ်။ ဇီးချိုင်ဖက်ခြမ်းမှာတော့ ခွင့်ပြုတယ်။ ဇီးချိုင်ဖက်ခြမ်းရေက ပိုပြာတယ်လို့ ထင်မိတယ်။ ဒီရေကလည်း ကမ်းခြေဖက်ကို စီးတာဆိုတော့ အဲဒီဖက်ခြမ်းက နည်းနည်းဘေးကင်းတယ်။ မော်တင်စွန်းဘုရားရှိတဲ့ မြန်မာပြည် အနောက်တောင်ဖက်အစွန်း နဂရေ့အငူက ဘင်္ဂလားပင်လယ်အော်နဲ့ ကမ္ဗလီပင်လယ် ဆုံတဲ့နေရာဆိုတော ရေစီးကြမ်းတယ် ဝဲတွေနဲ့။ သဘောၤတွေ မော်တင်စည်းကို ဖြတ်ဖို့ဆိုတာ အတော်ခက်တယ်။ စက်လှေကလည်းတောင့်၊ ဆလင်ကလည်း အတွေ့အကြံကြုံ များတဲ့လူဖြစ်မှ ဖြတ်နိုင်တာ။ လှိုင်းပုတ်လို့ စက်လှေက လူးလွန့်တော့ ဂိုက်က သတိထားပါ၊ ကိုင်ထားပါလို့အော် ခရီးသည်တွေကလည်း ယိမ်းယိုင်နေလို့အနီးအနားက လက်ရန်းတိုင်တွေကို ဖက်ထားရတယ်။ အမယ်မင်း ဟိုင်ကြီးကျွှန်းနား ရောက်ခါနီးရင် လှိုင်းပုတ်သလိုမျိုးပါလား။

အိမ်ကြီးရခိုင်တွေက လှလိုက်တာ။ ရှေ့မှာ ကျယ်ပြန့်တဲ့ မြက်ခင်းစိမ်းစိမ်း၊ မြစ်၊ တောတောင် ကိုယ်စိတ်ကူးထဲက အိမ်တွေပါလား။ ဂိုက်က မှန်ပြောင်းထုတ်ပြီး သိမ်းငှက်ရှိမရှိ ရှာဖွေတယ်။ ဟိုနားမှာ ခေါင်းဖြူဖြူနဲ့ သိမ်းငှက်။ ခရီးသည်တွေအားလုံး သိမ်းငှက် ရှာဖွေရေး စကြတယ်။ တွေ့တဲ့သူက အော်၊ ကင်မရာတွေ တဖျပ်ဖျပ်ရိုက်ကြ၊ သိမ်းငှက် ကောင်းကင်မှာ ပျံဝဲပြီး ရေအောက်က အစာကို သုတ်ယူပြီး ကျောက်ဆောင်ကို ယူသွားတယ်။ ဂိုက်က လူကြီးမင်းတို့ ကံကောင်းတယ် သိမ်းငှက်ကို တွေ့ရတဲ့အပြင် အစာဖမ်းနည်းကို သရုပ်ပြသွားလို့တဲ့။ ဝက်သစ်ချပင် ထူထူအုပ်တွေကြားက ကျောက်ဆောင်စွန်းမှာ တည်ဆောက်ထားတဲ့ အပန်းဖြေရိပ်သာအိမ်တစ်ခု ပိုင်ရှင်အမျိုးသမီးက တိုင်တန်းနစ်သင်္ဘောမှာ သေကံမရောက် အသက်မပျောက်တဲ့သူပါတဲ့။ သူ့အမျိုးသားကတော့ တိုင်တန်းနစ်မှာ ဆုံးပါးသွားပြီ နောက်ထပ် အိမ်ထောင်မပြုဘဲ ဒီအိမ်မှာပဲ သေတပန် သက်တဆုံး နေထိုင်သွားပါသတဲ့။


အဲဒီအိမ်ကတာ့ အိပ်ခန်းဘယ်နှစ်ခန်း၊ ဧည့်သည်အိပ်ခန်း ဘယ်နှစ်ခန်း၊ ဘယ်လိုမျိုး ကောင်းတယ်။ ခုလက်ရှိ ပေါက်ဈေးက ၇ သန်းလို့ ဂိုက်က ရှင်းပြတော့ ခရီးသည်တစ်ယောက်က ဟင် ခုနစ်သန်းထဲ 7 millions Only ပြောတော့ အားလုံးပွဲကျသွားတယ်။ ဂိုက်က အဲဒီစကားလုံးလေး ကြိုက်တယ် ခုနစ်သန်းထဲ I like that word Only ။ Egg Rock မီးပြတိုက်မှာ အရင်တုန်းက လူတွေနေပေမဲ့ ခုတော့ မနေတော့ဘူးတဲ့။ မီးပြတိုက်ကတော့ ခုတိုက် အသုံးပြုနေဆဲပါ။ မီးပြတိုက်နားက ကျွှန်းလေးမှာ ဇင်ယော်ငှက်တွေ၊ ပင်လယ်ဖျံတွေ တွေ့တော့ ဂိုက်က Happy, healthy, lazy sealions လို့ ပြောသွားတာလေးကို သဘောကျမိတယ်။ ဝေလငါး ကြည့်ဖို့ဆိုရင် နောက်ထပ် မိုင် ၃၀ လောက် သွားရမှာပါတဲ့။ ရှားပါးတဲ့ ငှက်မျိုးစိတ်၊ ဆောင်းခိုငှက်တွေအကြောင်း ရှင်းပြပေမဲ့ မမှတ်မိလိုက်ဘူး။

အပြန်ကျတော့ အေးလာလို့ တော်တော်များများ အောက်ထပ်ဆင်းသွားကြတယ်။ ဂိုက်က လော့စတာဖမ်းတဲ့အကြောင်း ရှင်းပြတယ်။ ဟိုင်းကြီးဖက်မှာတော့ ဂဏ္ဏန်းဖမ်းတဲ့ဟာကို ဂဏ္ဏန်းထောက်လို့ ခေါ်ကြတယ်။ လေးကိုင်းသဏန် ဝါးခြမ်းပြားထိပ်မှာ ဂဏ္ဏန်းစာ ချိတ်ထားပြီး အောက်ဖက်မှာ ပိုက်စိတ်စိတ်နဲ့ ကာထားတယ်။ ဂဏ္ဏန်းဟပ်နေပြီလို့ထင်ပြီး ကြိုးကို ဆွဲတင်လိုက်ရင် ဂဏ္ဏန်းက အစာအောက်မှာ ကာထားတဲ့ပိုက်ထဲ ပါလာရော။ တခါတလေ အစားသာကုန်သွားတယ် ဂဏ္ဏန်းတကောင်မှ မမိလိုက်တာမျိုးလည်း ရှိတယ်။ လော့စတာချောက်က သံဇကာကွက် လေးထောင့်ပုံးသဏ္ဍန် အပေါ်ထပ်မှာ လော့စတာအစာ ချိတ်ထားတယ်။ လော့စတာက အင်တန်နာကနေ မစင်စွန့်ပါတယ်တဲ့။ တခါတုန်းက မိတဲ့ လော့စတာ ဘယ်လောက်ကြီးလဲဆို လက်မကတင် ကိုယ်တို့မျက်နှာ နီးပါးလောက် ရှိတယ်။ မကြာသေးခင်ကပဲ ရာဟူးသတင်းမှာ ရှားပါးလော့စတာ ဖမ်းမိတဲ့အကြောင်း ဖတ်လိုက်ရသေးတယ်။ အက်ကေဒီယားနေရှားခရူကို သဘောကျရင် သူငယ်ချင်းမိတ်ဆွေတွေကို ပြောပြပေးဖို့၊ TripAdvisor မှာ ကွန့်မန့်ပေးဖို့ ပြောပါတယ်။ တစ်ဖ်ပေးချင်ရင် ဝါးဗူးထာင်းထဲ ပေးလို့ရပါတယ်ဆိုလို့ ၂ ကျပ်ကြီးများတောင် တစ်ဖ်ပေးခဲ့တယ်။


ကက်လက်တောင်ကို မိနစ် ၂၀ လောက် မောင်းရပါတယ်။ တောင်တက်လမ်းတွေက မက်စောက်ပြီး ၁၅၂၈ ပေမြင့်လို့ ဟန်ကွတ်ကောင်တီ Hancock County မှာတော့ အမြင့်ဆုံးတဲ့။ ပြင်သစ်လူမျိုး နယ်မြေသစ်ရှာဖွေသူ၊ စွန့်စားသူ Antoine Laumet de Cadillac ကို ဂုဏ်ပြုပြီး ကက်လက်တောင်လို့ အမည်ပေးထားတာပါ။ အမေရိကန်တွေရဲ့ dream car ကက်လက်ကား စထုတ်တော့ နာမည် copy right နဲ့ တရားစွဲသေးတယ်ဆိုပဲ။ အမေရိကန်တွေက ကက်ဒီလက်လို့ အသံမထွက်ဘဲ ဘာလို့ ကက်လက်လို့ အသံထွက်ကြပါလိမ့် (အူကြောင်ကြောင် အတွေး) ။ ရုံးပိတ်ရက်ဆို စက်ဘီးကို SUV ကားနောက်မှာတင်ပြီး Mattew Hason Trail မှာ biking ထွက်ချင်တာ၊ ကက်လက်ကား ရူးတာတွေ နယူးယောက်ရောက်တော့ ပျောက်သွားတယ် နယူးယောက်မှာ ကားမှ မလိုတာကိုး။ အင်း ...ကက်လက် ခရေဇီတစ်ယောက် ကက်လက်တောင်ပေါ် ရောက်လို့ ကက်လက်တွေ ကြိမ်းကျေသွားပြီလားမသိ။

ကက်လက်တောင်ပေါ်ရောက်တော့ ညနေစောင်း တိမ်ဖုံးနေလို့ မှုန်ပြာရီမှိုင်းနေပေမဲ့ တောင်ပေါ်ကနေ ကျွှန်းလေးတွေကို မြင်ရတဲ့ရှုခင်းက သာယာတယ်။ သိတဲ့အတိုင်း ရူခင်းခံစားဖို့ထက် ပို့စ်အမျိုးမျိုးနဲ့ ဓာတ်ပုံအများကြီး ရိုက်ဖို့က အဓိက။ နေထွက်ချိန်၊ နေဝင်ချိန် အင်မတန် သာယာတယ် ဆိုပေမဲ့ အဲဒီနေ့က မိုးအုံ့ပြီး မိုးဖွဲဖွဲလေးရွာလို့ ကားဆီကို ပြေးရသေးတယ်။ ညစာကို တရုတ်ဘူဖေးဆိုင်မှာ ဝင်စားပြီး မိန်းပြည်နယ်ရဲ့မြို့တော် သြဂတ်စတာ Augusta က Best Western ဟိုတယ်ကိုရောက်တော့ ည ၁၀ နာရီကျော်နေပြီ။ ဘလော့ဂါ မွန်မွန်ယိုကိုက ဝါရှင်တန်ဒီစီကို စီမီနာ တပတ်လာတာ လေဘာဒေးနေ့မှာ နယူးယောက်ကို လာလည်မှာမို့ တွေ့ချင်တဲ့အကြောင်း ဖေ့ဘွတ်ကနေ သတင်းပေးတယ်။ လေဘာဒေးနေ့ ညနေစောင်းမှ နယူးယောက်ကို ပြန်ရောက်မှာမို့ တွေ့ခွင့်မကြုံလိုက်ဘူး။ ဟင်... ရေခဲသေတ္တာမှာလည်း ရေဘူးနှစ်ဗူးပဲ ရှိပါလား ပြောင်ရှင်းနေတာပဲ ပုံမှန်ဆို ဘီယာဘူးတွေ၊ အချိုရည်တွေ ထားပါတယ်။ ဟိုတယ်စားသောက်ဆိုင်က နာမည်ကြီးပါတယ်ဆိုတဲ့ မနက်စာကို မနက် ၇ နာရီခွဲလောက်မှာ ဆင်းစားတယ်။


ငှက်ပျောသီးတစ်လုံး၊ ဆန်းကစ်တစ်လုံး၊ လိမ္မော်ရည်တစ်ခွက်၊ ဒိန်ချည်ဗူးသေးတစ်ဗူး၊ ကြက်ဥချိစ်ကြော်၊ အသားတုကင် ၆ ခုလောက် စားတဲ့ကိုယ့်ကို ဝိုင်းက တအံ့တသြဖြစ်လို့။ ငယ်ငယ်တုန်းက မကြီးနဲ့ မောင်မောင်က တပန်းကန်ပဲ တီးတယ် ကိုယ်က သုံးပန်းကန်တောင် တီးတာလို့ အမေ ပြောဖူးတယ် အဟီး။ မိုက်ခရိုဝေ့စ်မှာ ကျေးဇူးပြု၍ ကြက်ဥမကျက်တကျက် မထည့်ပါနဲ့လို့ စာကပ်ထားတယ်။ ကြည့်ရတာ ဟိုတယ်မှာ ဒီလိုကြုံဖူးလို့နေမယ်။ ပုံမှန်ဆို ရေခဲသေတ္တာမှာ အမျိုးမျိုး ထည့်ပေးထားတယ်ကွ တခုခုတော့ တခုခုပဲ။ မနက်စောစော ချက်အောက်လုပ်တော့ တိုးရစ်တွေက အများကြီး အခန်းစေ့ ဝင်မစစ်နိုင်လို  ကိစ္စရှင်းအောင် တခါတည်း ဘာမှမထည့်ထားတာ နေမယ်။ ညက တိုးဂိုက်ပြောတာကြားလား ကိုယ်စားနိုင်လောက်ပဲစား အများကြီး မသယ်ပါနဲ့တဲ့။ ကိုယ်တို့ကားပေါ်ရောက်ပြီး မကြာပါဘူး ကော်ဖီခွက်တွေ၊ ပန်းသီး၊ ငှက်ပျောသီးတွေ တပြုံကြီး သယ်တဲ့သူတွေက တရုတ်တိုးရစ်တွေပါပဲ။ တရုတ်အစိုးရက ကိုယ်တိုင်ကတောင် အပြစ်တင်ရလောက်အောင် တရုတ်တိုးရစ်တွေကလည်း ကားလမ်း ဖြတ်ကူးချင်တဲ့နေရာ ဖြတ်ကူး၊ အလကားဆို အကုန်သယ်။ အဆိုးဆုံးတိုးရစ်တွေထဲမှာ ရုရှားက နံပါတ်တစ် ဘာမှဂရုမစိုက်ဘူး၊ ဂျာမန်က ဒုတိယ ကပ်သီးကပ်ဖဲ့ ခေါင်းမာတယ်၊ အမေရိကန်တွေက စတိုင်မကျဆုံးနဲ့ အသံအကျယ်ဆုံး၊ တရုတ်နဲ့ ဆော်ဒီတွေလည်း အဆိုးဆုံးထဲမှာ ပါတယ်။

မိန်းပြည်နယ် သြဂတ်စတာကနေ ယော့ခ်ကင်းဒမ်းတိရစ္ဆာန်ရုံဆီကို မိုင် ၁၀၀၊ ၂ နာရီ မောင်းရပါတယ်။ လည်ပတ်ဖို့ ပေးထားတဲ့ ၁ နာရီမှာ ကိုယ်က စာထိုင်ဖတ်တယ်။ ဝိုင်း မြေပုံကိုင်ပြီး အနှံ့ပတ်တယ်။ ဘန်ဂေါတိုက်ကျား၊ ကျားဖြူ တွေ့ခဲ့လား၊ သားပိုက်ကောင် တွေ့ခဲ့လား၊ ဒေါင်း တွေ့ခဲ့လား မေးတော့ သားပိုက်ကောင် မတွေ့ခဲ့ဘူးတဲ့။ မြေပုံကို ပြန်ကြည့်တော့ အဲဒီနေရာကနေ ပတ်သွားခဲ့လို့ မမြင်ခဲ့တာတဲ့။ ကိုယ့်တုန်းက ၂ နာရီ အချိန်ရတော့ နှံ့တယ်။ မိန်းပြည်နယ် ယော့ခ်ကနေ မက်ဆာချူးဆက်ပြည်နယ် ဘော့စတွန်ကို ၆၅ မိုင် ၁ နာရီ ဝေးပါတယ်။ လေဘာဒေးပိတ်ရက်မှာ ဘော့စတွန်တက်ကြတယ်ထင်ပါ့ ကားတွေကြပ်လို့ ဘော့စတွန်အဝင် ဆယ်မိနစ်နောက်ကျသွာလို့ ၁ နာရီခွဲမှာထွက်မဲ့ ဘော့စတွန်ဟာဘားခရူကို ၁၀ မိနစ်လောက် စောင့်ထားပေးဖို့ အရင်ရောက်နှင့်နေတဲ့ တိုးဂိုက်ဘော်ဒါတွေက ရီကွတ်လုပ်ထားပေးတာမို့ ကားပေါ်ကဆင်းတာနဲ့ ဘော့စတွန်ဟာဘားခရူဆီ ပြေးရတော့တာပဲ။


ဟားဘားမှာ ဓာတ်ပုံရိုက်မယ်၊ နာမည်ကြီး Legal Seafood မှာ လော့စတာရိုးနဲ့ နယူးအင်္ဂလန်ချောင်ဒါ စားမယ်၊ မြို့လယ်ကောင်တခွင် ဓာတ်ပုံ ရိုက်မယ်လို့ စိတ်ကူးထားတာ ဆိပ်ကမ်းမှာ ခြေထောက်ကို တွဲလွဲချထိုင်ရင်း တိမ်ဆိုင်ဖြူဖြူ ကောင်းကင်ပြာပြာ ပင်လယ်ပြာပြာ ဖြတ်သန်းသွားလာနေကြတဲ့ သဘောၤ ပျံဝဲနေတဲ့ ဇင်ယော်တွေကိုငေး ပင်လယ်လေညင်း ခံရတာကို သဘောကျလွန်းလို့ ဘယ်မှကို မသွားချင်တော့ဘူး။ ဓာတ်ပုံလေးရိုက်လိုက် ငေးလိုက်။ ဘေးနားမှာ လာတိုင်တဲ့ ကလေးမလေးကို ရီကွက်လုပ်ပြီး ရိုက်ခိုင်းတဲ့ ဓာတ်ပုံလေးကို သဘောကျတယ်။ မနက်က အဝတီးထားလို့နဲ့ တူပါရဲ့ ဗိုက်ကမဆာ ရှုခင်းကလည်း သာယာလွန်းတော့ ဘယ်မှကို မသွားချင် အဲဒီလိုလေး ထိုင်ငေးနေတာ ၄၅ မိနစ်လုံးလုံးပဲ။ ဝိုင်းက ပြန်ရောက်ပြီလို့ ဖုန်းဆက်မှပဲ သူ့ကိုသွားခေါ် ဓာတ်ပုံအပြေးအလွှားရိုက် 711 မှာ နေ့လည်စာဝယ်စားဖို့ ဂိုက်က မှာထားပေမဲ့ ဝယ်ဖို့အချိန် မရှိတော့ဘူး။ အိမ်သာအတွက် ရပ်ပေးမဲ့ Rest Area ၊ Gas station မှာ စားစရာ ဝယ်မယ်လို့ စိတ်ကူးတယ်။

လေဘာဒေးနေ့ ညနေစောင်းမှာ နယူးယောက်ဆီ ပြန်လာကြတော့မဲ့ ကားတွေကို ရှောင်ဖို့ နယူးယောက်ကို စောစောဝင်အောင် ဒရိုင်ဘာက အမြန်မောင်းတယ်။ နေ့လည်စာကတော့ ပါလာတဲ့ ဘီစကွတ်နဲ့ ဟိုတယ်က ယူလာတဲ့ ရေဗူးနဲ့ပဲ ပြီးလိုက်ရတယ်။ နယူးယောက်ကို ဝင်တော့ ညနေ ၇ နာရီခွဲ ။ တော်ပါသေးရဲ့ ဂျူလိုင် ၄ တုန်းက ကားကြောပိတ်နေလို့ ည ၉  နာရီမှ ဝင်တယ်။ ဝိုင်းနဲ့ ခရီးသွားတာ တော်တော်အဆင်ပြေတယ် သူက ကိုယ့်ထက်တောင် တက်ကြွပြီး အပင်ပန်း ပိုခံနိုင်တယ်။ တလတခေါက် ခရီးထွက်ရရင် ကောင်းမယ်လို့ စိတ်ကူးမိတယ်။ ခရီးသွားရင် ပင်ပန်းတယ် ဆိုပေမဲ့ ရေမြေသစ်ကို လေ့လာစူးစမ်းရင်း စိတ်နှလုံးတက်ကြွ လန်းဆန်းတာကတော့ ဘယ်အရာနဲ့မှ မတူဘူး။ ခရီးတွေက သွားပြီး သွားချင်တုန်းပဲ။ အချိန်၊ ငွေ၊ သူငယ်ချင်း၊ ကျန်းမာရေး အဲဒီလေးခု ပြည့်စုံလို့ တောတွေလားဖြစ်နေရင်တော့ တောလားတွေ ရေးတင်ပါဦးမယ်။


Happy Traveling !

စန်းထွန်း
စက်တင်ဘာ ၁၂၊ ၂၀၁၄။

အက်ကေဒီယားသွား တောလား - ၂

နယူးဟမ်ရှိုင်းယားပြည်နယ် နာရှာ Nashua မြို့က Raddison ဟိုတယ်က မနက်စာ မ‌ကျွှေးဘူး။ နာရှာမြို့ကနေ မိန်းပြည်နယ် ပို့လန်းမီးပြတိုက် Portland Head Light အထိ ၁၁၅ မိုင် ၂ နာရီ မောင်းရပါတယ်။ ၁၇၉၁ ခုနှစ်မှာ တည်ဆောက်ပြီးစီးခဲ့တဲ့ ပို့လန်းမီးပြတိုက်ဟာ မိန်းပြည်နယ်ရဲ့ သက်တမ်းအကြာဆုံး မီးပြတိုက်ပါ။ ၁၇၈၇ မှာ ဂျော့ဝါရှင်တန်ရဲ့ ညွန်ကြားချက်နဲ့ တည်ဆောက်ခဲ့ပြီး ၁၇၉၁ ခုနှစ် ဇန်နဝါရီ ၁၀ မှာ ပြီးခဲ့ပါတယ်။ ဂျော့ဝါရှင်တန်ဆိုတာ ဗြိတိသျှတွေဆီကနေ လွတ်လပ်ရေးရအောင် ကြိုးပမ်းခဲ့တဲ့ စစ်ဗိုလ်ချုပ်ဖြစ်သလို အမေရိကန်နိုင်ငံရဲ့ ပထမဆုံး သမ္မတလည်း ဖြစ်ပါတယ်။ အမေရိကန်တွေရဲ့ ဟီးရိုးသူရဲကောင်း ဂျော့ဝါရှင်တန်ရုပ်တုကို အမေရိကန်နိုင်ငံတဝှမ်း တွေ့ရမှာပါ။ အရင်တုန်းက ဝေလငါးဆီကို သုံးခဲ့ပြီး ခုတော့ Fresnel Lens ကို သုံးပါတယ်။ မီးပြတိုက်ရှိတဲ့ နေရာလေးက အင်မတန် သာယာလှပပါတယ်။

ဒီနေရာ၊ ဒီရှုခင်းကို ဒုတိယအကြိမ်ရောက်တာ ဆိုပေမဲ့လည်း ဓာတ်ပုံရိုက်လို့ မဝနိုင်ဘူး။ ပထမအကြိမ်တုန်းက တစ်ယောက်တည်း ခရီးသွားတာဆိုတော့ ကိုယ့်ဓာတ်ပုံတွေ သိပ်မရှိဘူး။ ခုတော့ ဝိုင်းနဲ့ တစ်ယောက်တလှည့် စိတ်ကြိုက်မရမချင်း ရိုက်။ ဥရောပသားတွေက ခရီးသွားရင် ရှုခင်းကို အပြည့်အဝခံစားတယ် သူတို့ဓာတ်ပုံရိုက်တယ်ဆိုတာ ခပ်ရှားရှားတဲ့။ ဝိုင်းနဲ့ သူ့အစ်မတွေ ပြင်သစ်ကို သွားလည်ကြတော့ သူ့တို့ညီအစ်မတွေဆိုတာ ရိုက်လိုက်ကြတဲ့ဓာတ်ပုံ။ တစ်ယောက်ချင်းရိုက်လိုက်၊ ညီအစ်မတွေရိုက်လိုက်၊ ဝိုင်းသူငယ်ချင်း ကနေဒါမှာ ကြီးပြင်းတဲ့ ဘယ်လ်ဂျီယံမလေးကို သူတို့ညီအစ်မသုံးယောက် ဓာတ်ပုံရိုက်ခိုင်းလိုက်နဲ့ ရှုခင်းခံစားဖို့ထက် ဓာတ်ပုံရိုက်ဖို့ပဲ အားစိုက်နေတာတဲ့။ ဘယ်လ်ဂျီယံမလေးကတော့ သူ့ကိုရိုက်ပေးမယ်ဆိုရင်လည်း အရိုက်မခံ၊ အဆောက်အဦး၊ ရှုခင်းကို ကြိုက်တယ်ဆိုရင်လည်း တပုံ၊ နှစ်ပုံလောက်ပဲ ရိုက်တာတဲ့။ ကိုယ်တို့အာရှသားတွေကတော့ ရှုခင်းခံစားဖို့ထက် ဓာတ်ပုံရိုက်ဖို့က အဓိက။ ခရီးစဉ်ပြီးတော့မှ ဓာတ်ပုံတွေကြည့်ပြီး ရှုခင်းပြန်ခံစားတာမျိုးလား။


အိမ်သာအတွက် Rest Area မှာ ၁၅ မိနစ် ရတဲ့အချိန် စတားဘာ့ခ်မှာ ဗီနီလာလက်တေးဝယ်ပြီး မနေ့ညက ဝယ်လာတဲ့ ဂျပန်ဆိုင်က ဖက်ထုပ်ကြော်၊ ဘီစကွတ်လေးနဲ့ မနက်စာကတော့ ကသောကမျောပါပဲ။ ပို့လန်းကနေ မိန်းပြည်နယ် ဘားဟာဘားမြို့ကို ၁၈၀ မိုင်၊ ၃ နာရီခွဲ မောင်းရပါတယ်။ အရှေ့မြောက်ဖက်အစွန်ဆုံး ကနေဒါအောက်ဖက်မှာရှိတဲ့ မိန်းပြည်နယ်ဟာ ဆောင်းတွင်းဆို အင်မတန်အေးပြီး  နွေရာသီမှာ အပန်းလာဖြေလာကြတဲ့ ပြည်နယ်လေးပါ။ ပြည်နယ်က ကြီးပေမဲ့ လူရေဦး ၁ သန်းလောက်ပဲရှိပြီး ပြည်နယ်ရဲ့ ၉၀ ရာခိုင်းနှုန်းက သစ်ပင်တွေနဲ့ ဖုံးလွှမ်းနေတာပါတဲ့။ ကိုယ် ရောက်ဖူးတဲ့ ပြည်နယ်တွေမှာ မိန်းပြည်နယ်က အစိမ်းဆုံး၊ သစ်ပင်အများဆုံး။ လမ်းတလျှောက် pine tree တွေ တွေ့ပါတယ်။

သမ္မတအိုဘားမား မနှစ်တုန်းက ဘားဟာဘားကို အပန်းဖြေခရီးထွက်တော့ အဲဖို့ဒ်ဝမ်းလေယာဉ် ဒီ Hancock County - Bar Harbor Airport မှာ ဆင်းသက်ခဲ့ပါတယ်တဲ့။ သမ္မတ William Howard Taft ပြီးရင် နှစ်ပေါင်းတစ်ရာကျော် ၂၁ ရာစုမှာ ဒီဒေသကို အပန်းဖြေခရီးထွက်တဲ့ ပထမဆုံးသမ္မတက အိုဘားမားပါ။ ဟင် လေဆိပ်ကလည်း သေးသေးလေး။ ဒီတံတားကို ကျော်လိုက်တာနဲ့ မိန်းပြည်နယ်ထဲရဲ့ အကြီးဆုံးကျွှန်း၊ အက်ကေဒီးယား အမျိုးသားဥယျာဉ် Acadia National Park ၊ ဘာဟားဘား Bar Harbor မြို့ရှိတဲ့ Mount Desert Island  (MDI) ကို ရောက်ပါပြီ။ ပင်လယ်ရေပြာပြာ တောတောင်စိမ်းညှို့ညှို့နဲ့ အင်မတန် သာယာပါတယ်။ ဂျူလှိုင် ၄ လာတုန်းက မိုးတွေသည်းနေတော့ ဒီလောက်သာယာမှန်း သတိမထားမိခဲ့။ ဝါဘနကီ Wabanaki အင်ဒီယန်းတွေက MDI ကို Pemetic လို့ ခေါ်ပါတယ်။ Range of Mountains ၊ Mountains seen at a distance လို့ အဓိပ္ဗာယ်ရပါတယ်။ ဝါဘနကီအင်ဒီယန်းတွေက ရာသီအလိုက် ငါးဖမ်း၊ အမဲလိုက်၊ ဘယ်ရီခူးပါတယ်။ ၁၆၀၄ စက်တင်ဘာလ အစောပိုင်းမှာ ပြင်သစ်လူမျိုး နယ်မြေသစ်ရှာဖွေသူ Samuel de Champlain က ကျောက်ဆောင်တွေကြား သွားလာ၊ လှေကိုပြင်ဖို့ ကမ်းခြေကိုလာတော့ ဒေသခံတွေနဲ့ တွေ့ပါတယ်။


ချန်ပိန် Champlain က ပြင်သစ်လို Isles des Monts Deserts (islands of barren mountains) နာမည်ပေးခဲ့တာ ခု Mount Desert Islands လို့ ခေါ်ကြတဲ့ ကိုယ်တို့ ခုရောက်နေတဲ့ မိန်းပြည်နယ်က အကြီးဆုံးကျွှန်းကြီးပါ။ ၁၈၈၀ မှာ ဟိုတယ် ၃၀ ရှိနေပြီး တိုးရစ်တွေဟာ မြင်းလှည်း၊ ရထား၊ ဖယ်ရီတွေနဲ့ လာကြပါသတဲ့။ Standard Oil Company ပိုင်ရှင် Rockefeller မိသားစုက အက်ကေဒီးယားအမျိုးသားဥယျာဉ်မြေ သုံးပုံတပုံကို လှုဒါန်းပြီး တောင်တက်၊ စက်ဘီးစီးတဲ့လမ်းတွေကို ဖောက်လုပ်ခဲ့ပါတယ်။ မက်ဟန်တန်ဆီ နေ့တိုင်း မြေအောက်ရထားစီးရင်   47- 50 st Rockefeller Center လို့ ကြေငြာသံ ကြားရပါတယ်။ ခရစ်စမတ်ဆို နယူးယောက်မှာ အကြီးဆုံးခရစ်စမတ်သစ်ပင်လို့ ဆိုကြတဲ့ Rockefeller Center ကရှေ့က ခရစ်စမတ်သစ်ပင်ကြီးနားမှာ လူတွေကြိတ်ကြိတ်တိုးနေတာပဲ။ မနှစ်က ရာသီဥတုတော်တော် အေးတာတောင် အဲဒီရော်ခါဖယ်လာခရစ်စမတ်သစ်ပင်ဆီ သွားတိုးလိုက်သေးတယ်။ နယူးယောက်မှာနေပြီး ခရစ်စမတ်ချိန်မှာ ရော်ခါဖယ်လာဆီ သွားမတိုးရင် ခေတ်နောက်ကျပေသကိုး။

၁၇၆၃ မှာ ဥရောပက Isreal Higgins တွေ အခြေချနေထိုင်ပြီး နောက်ပိုင်း အင်္ဂလိပ်တွေ အခြေချလာတယ်။ ငါးဖမ်း၊ သစ်ထုတ်လုပ်ငန်း၊ သင်္ဘောတည်ဆောက်တဲ့လုပ်ငန်းတွေ လုပ်ကိုင်ကြတယ်။ Vanderbilt ၊ Morgan (J.P Morgan, Chase Bank) ၊ Carnegie ၊ Astor မိသားစုတွေ နွေရာသီ အပန်းဖြေကြတဲ့  နေရာပါ။ ၁၉၄၇ အောက်တိုဘာလယ်မှာ တောမီးလောင်လို့ အက်ကေဒီးယားအမျိုးသားဥယျာဉ်ရဲ့ ဧကတစ်သောင်းကျော် ပျက်စီးခဲ့တယ်။ ဒီတခေါက် ဂိုက်က ပိုရှင်းပြတယ်။ ဘားဟာဘားကိုရောက်တော့ နေ့လည် ၂ နာရီ ထိုးလုပြီ။ ၁ နာရီခွဲ အချိန်ပေးပြီး ၃ နာရီခွဲ စုရပ်မှာ ပြန်ဆုံရမှာ။ ဘားဟာဘားကတော့ အပန်းဖြေသင်္ဘောတွေ၊ အပန်းဖြေကြသူတွေနဲ့ စည်ကားနေတာပဲ။ ဂိုက်က နာမည်ကြီးစားသောက်ဆိုင်ကို ခေါ်သွားတယ်။ အဲဒီက လော့စတာ Lobster ၊ နယူးအင်္ဂလန်ချောင်ဒါ  NewEngland  Chowder နာမည်ကြီးတယ်။ မိနစ် ၂၀ လောက် စောင့်ရမယ်ဆိုတော့ ဒီလောက်အဝေးကြီးကိုလာပြီးမှ တန်ဖိုးရှိတဲ့အချိန်တွေကို စားသောက်ချိန်ဆိုင် စောင့်ရင်းကုန်သွားမှာ နှမြောစရာကြီး။ ဟိုနားမှာ Lobster Rolls take out လေး ဝယ်၊ နေ့လည်စာအတွက် ဆယ်မိနစ်လောက် အချိန်ပေးပြီး ကျန်တဲ့အချိန်တွေမှာ ဓာတ်ပုံသွားရိုက်ရအောင်။ Great Idea ! ။


လော့စတာရိုးက ၁၈ ကျပ်တောင် ပေးရတော့ ဈေးကြီးတယ် ဒါပေမဲ့ စားလို့အတော်ကောင်းတယ်။ ကမ်းနားက ထိုင်ခုံမှာထိုင် စိမ်းညှို့တဲ့ကျွှန်းတွေ၊ သင်္ဘောတွေ၊ ပင်လယ်ပြာပြာတွေကို ငေးပြီး အရသာရှိတဲ့ လော့စတာရိုးစားရတာ ကောင်းလိုက်ပါဘိ။ ဘတ်စ်ကားမှာ မျက်မှန်းတန်းမိနေတဲ့ အန်တီသုံးယောက်က လာထိုင်ပြီး ဘယ်မှာဝယ်တာလဲ၊ ဘာလူမျိုးလဲလို့မေးတော့ ဝိုင်းက သူက Burmese လို့ ဆိုတော့ Burmese    မြန်မာစကားပြောတတ်လား၊ ရန်ကုန်ကလား၊ ကျောင်းလာတက်တာလားနဲ့ တယောက်တပေါက် ကိုယ့်အကြောင်းကိုမေး သူတို့ဗျူးတာဖြေရတာနဲ့ သူတို့ကိုတောင် မဗျူးလိုက်ရဘူး။ တရုတ်လို မပြောတတ်ဘူးလား နည်းနည်းပဲသိတယ်။ ကွမ်တုန်ဘာသာစကား ပြောတတ်လား ဟင့်အင်း။ ဗီယက်နမ်မလေးကရော တရုတ်လို၊ ကွမ်တုန်လို ပြောတတ်လား ဟင့်အင်း။ ဒါဖြင့် မင်းတို့ဘယ်လိုပြောလဲ အင်္ဂလိပ်လိုပြောတာပေါ့။ မနေ့က မြန်မာစကားကြားလိုက်တာ သူတို့တွေပေါ့။ ကိုယ်တို့ တယောက်တလှည့် ဓာတ်ပုံရိုက်နေတာကို အဘိုးကြီးတစ်ယောက်က နှစ်ယောက်တွဲ ဓာတ်ပုံရိုက်ပေးရမလားဆိုပြီး ရိုက်ပေးတယ်။ ထိုင်နေတဲ့ သူ့သူငယ်ချင်းကိုလည်း ကိုယ်တို့အထုပ်တွေ ကိုင်ခိုင်းလိုက်သေးတယ်။ အဘိုးကြီးကိုတလှည့် သူတို့သူငယ်ချင်းနှစ်ယောက်ကို ရိုက်ပေးရမလားမေးတော့ နှစ်ယောက်လုံးက နိုးဆိုပြီး လက်ကာပြတော့ ရယ်လိုက်ရတာ။

ကိုယ်က အဲဒီအစ်မကို အားကျတာကွ။ အသားဖြူဖြူ၊ အရပ်ရှည်ရှည်၊ အမြဲတမ်း လှနေတာ။ အဝတ်အစား ဝတ်တာလည်း ကလက်တက်တက် မဟုတ်ဘဲ သူ့ဖက်ရှင်ဒီဇိုင်း၊ ဓာတ်ပုံတွေဆို ကိုယ် သိပ်သဘောကျတာ။ ကိုယ်လည်း သူ့လိုပို့စ်လေး ရိုက်ချင်လိုက်တာ။ ခရီးအမြဲသွားတာကိုလည်း အားကျတယ်။ အဝတ်အစားဒီဇိုင်းချင်း အတူတူ၊ ပို့စ်အတူတူ ပေးတာတောင် အဲဒီအစ်မက ပိုလှနေတယ်ဟဲ့။ အဲဒီအစ်မ ပို့စ်လေးမိုက်တယ် အဲဒီလိုလေး ရိုက်ကျရအောင်။ ဆူနမ်က ဓာတ်ပုံရိုက်ရင် လက်နှစ်ချောင်း အမြဲထောင်တတ်တယ်။ ရာမားက အဲဒီလက်နှစ်ချောင်းကို ဖျပ်ရိုက်တတ်တယ်။ တခါတလေ ဆူနမ်က သူ အဝေးကို ငေးနေတဲ့ပုံ ရိုက်ခိုင်းတတ်တယ်။ ကိုယ်ကတော့ တခါမှ အဲဒီလို မရိုက်ဘူးဖူး။ အဲဒီအစ်မကို အားကျလို့ နောက်ကျောကနေ ဓာတ်ပုံရိုက်ကြတယ်။ ၃၆၀ ဒီဂရီဆိုပြီး ပို့စ်ပေးတဲ့သူက နေရာမရွေ့ ဖိုတိုဂရပ်ဖာက ၃၆၀ ဒီဂရီပတ်ပတ်လည်ကနေ ရိုက်တယ်။ ပန်းအိုးလေးနဲ့ ခရူသင်္ဘောရိုက်ရင် ကောင်းမယ်လို့ တွေးနေတာ ဝိုင်းက သူလည်း အဲဒီလို တွေးနေတာတဲ့။

The more further, the more prettier. မမြင်ရလေ ပိုလှလေ...  :)

Lobster Steal Cruise မှာ ဂိုက်က ရှင်းပြတဲ့ လော့စတာဖမ်းတဲ့ အကြောင်း၊ Cadillac Mountain သွားတဲ့အကြောင်းကတော့ နည်းနည်းရှည်မှာမို့ အပိုင်း ၃ မှာမှ ဆက်ပါဦးမယ်။

Happy Traveling !
စန်းထွန်း
စက်တင်ဘာ ၇၊ ၂၀၁၄။

အက်ကေဒီယားသွား တောလား - ၁

အာရှမှာတော့ အလုပ်သမားနေ့ ရုံးပိတ်ရက်က မေလ ၁ ရက်  အမေရိကန်မှာတော့ စက်တင်ဘာ ၁ ရက် မေဒေးလို့ မခေါ်ဘဲ လေဘာဒေးလို့ ခေါ်ပါတယ်။ လေဘာဒေး ရုံးပိတ်ရက်က တနင်္လာနေ့မို့ ရုံးပိတ်ရက် ၃ ရက်တောင် ရတာမို့ ခရီးသွားကြတဲ့အချိန် ဆိုပါတော့။ အက်စ်စတိတ် Upstate လို့ခေါ်ကြတဲ့ နယူးယောက်မြို့ အထက်ပိုင်းက Fingers Lake ၊ Lake George ၂ ရက် ခရီးစဉ် သွားရကောင်းမလား စဉ်းစားနေတာ Meetup လမ်းလျှောက်အဖွဲ့မှာ အပတ်တိုင်းဆုံပြီး အသိမိတ်ဆွေတွေ ဖြစ်လာပြီးတော့ လွန်ခဲ့တဲ့ နှစ်ပတ်လောက်က Cold Springs ၊ Bear Mountain ကို အတူတူ တောင်သွားတက်ခဲ့ကြတဲ့ ဗီယက်နမ်မလေး ဝိုင်းက  Fingers Lake ခရီးစဉ်က ၂ ရက်တည်းဆိုတော့ စနေ၊ တနင်္ဂနွေပိတ်ရက်တွေမှာ သွားလို့ရတယ်၊ ၃ ရက်တောင် ပိတ်တာ အက်ကေဒီးယားကို  သွားရအောင်လို့ ပြောလာတော့ ဂျူလှိုင် ၄ ပိတ်ရက်တုန်းက မိန်းပြည်နယ်သွား တောလားခဲ့ပေမဲ့ အာသာမုန်တိုင်းကြောင့် အက်ကေဒီယားကို မသွားလိုက်ရလို့ မကျေမနပ်ဖြစ်နေတဲ့သူက နင်လားဟဲ့ အက်ကေဒီးယား မရောက်ရောက်အောင် လာမယ်လို့ ကြုံးဝါးတယ် ။ ဒီလိုနဲ့ ဒုတိယမ္ဗိ မိန်းပြည်နယ်သွား တောလားခဲ့ရပြန်ပေါ့ တစ်ခါ။

မြို့ကြီးတမြို့ကို ဖြတ်သန်းသွားတော့ ဘာမြို့ပါလိမ့်လို့ ဂူဂယ်မြေပုံမှာ ရှာနေတုန်း ဒီမြို့က ကွန်နက်တီကပ် Connecticut ပြည်နယ်ရဲ့ Fortune 500 ၊ 1000 ၊ 13 Courant 100 ကုမ္ဗဏီတွေရှိတဲ့ စတန်းဖို့ဒ် Stamford မြို့ပါတဲ့။ နယူးယောက်မြို့ရဲ့ မနီးမဝေး မိုင် ၃၀ ၊ နာရီဝက်သာသာ အဝေးက စီးပွားရေးတောင့်တဲ့ financial district မြို့ဆိုပါတော့။ စတန်းဖို့ဒ်ကနေ နယူးယောက်ကို ရထားစီး ရုံးတက်ကြတယ်။ နာမည်ကျော် ယေးလ်တက္ကသိုလ် Yale University ရှိတဲ့ နယူးဟေဗင် New Haven မြို့က စတန်းဖို့ဒ်မြို့နားမှာပါ။ ကွန်နက်တီကပ်ပြည်နယ်မှာ ယေးလ်တက္ကသိုလ် ရှိတယ်၊ နာမည်ကြီး ကာဆီနို ၂ ခု ရှိတယ်၊ မြေပိုင်ရှင် အိန္ဒိယသူဋ္ဌေးတွေက သူတို့မြေပေါ်မှာ ဟိုတယ်၊ ကာဆီနို ဆောက်ကြတယ်။ အမေရိကန်စာရေးဆရာ မက်ခ်တွိုင်း Mark Twain ရဲ့ နောက်ဆုံးအချိန်တွေကို ကွန်နက်တီကပ်ပြည်နယ်မှာ ကုန်လွန်ခဲ့တယ်လို့ ဂိုက်က ပြောပြပါတယ်။

Concrete jungle New York City

ကွန်နက်တီကပ်ပြည်နယ် မက်စ်တစ် ရေသတ္တဝါပြတိုက် Mystic Aquarium ကို ဝင်လည်ကြတယ်။ ကိုယ်ကတော့ ဂျူလှိုင် ၄ တုန်းက ရောက်ခဲ့ပြီးသားမို့လို့ အဲဒီနားက Mystic Village ဆိုတဲ့ လျှောပင်းအိမ်လေးတွေကို ဝင်လည်တယ်။ ဗုဒ္ဓဘုရားရုပ်တုတွေ့လို့ ဝင်ကြည့်တော့ ဒလိုင်းလားဘား ဓာတ်ပုံအကြီးကြီး ချိတ်ဆွဲထားတဲ့ တိဘက်ဆိုင် ဖြစ်နေတယ်။ ဂီနေရှားနတ်၊ ဥုံ၊ ပုတီး၊ လွယ်အိတ်၊ ပုဝါ   အဆင်အသွေး၊ ဒီဇိုင်းတွေက ကိုယ်တို့အာရှယဉ်ကျေးမှု၊ ကိုးကွယ်မှု အငွေ့အသက်တွေ။ ကြေးဖလားထဲ ကျည်ပွေ့အသေးလေး ထည့်ထားတာကို ဘယ်လိုနေရာမှာ သုံးတာလဲလို့ ဆိုင်ရှင်ကို မေးကြည့်တော့ တရားထိုင်ရာမှာ သုံးတာတဲ့။ ကြေးဖလားကို ယူပြီး ကျည်ပွေ့လေးနဲ့ တချက်ထုပြတယ်။ ကြေးဖလား ပတ်ပတ်လည်ကို ကျည်ပွေ့လေးနဲ့ ထုပြတယ်။ ပလွေမှုတ်သလိုပေါ့ မမှုတ်တတ်တဲ့သူဆို ပီ...ပီ..လို့ပဲ မြည်နေတာ မှုတ်တတ်တဲ့သူကျတော့ သာယာနာပျော်ဖွယ် ကောင်းနေရော။ ဒီကြေးဖလားလည်း ဒီအတိုင်းပဲ စည်းဝါးတကျတီးရင် အင်မတန် သာယာတာ။ ဒီကြေးဖလားက ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဓာတ်တွေနဲ့ သွန်းထားတာ။ ရေ၊ လေ၊ မီး ဓာတ်ကြီးလေးပါးကို ဆိုလိုတာလား။ မဟုတ်ဘူး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ သံဓာတ်၊ ဘာဓာတ်၊ ညာဓာတ်တွေ။


တရားထိုင်ဖို့ဆိုရင် စိတ်တည်ငြိမ်ဖို့ လိုတယ်။ စိတ်တည်ငြိမ်အောင် ဒီကြေးဖလားလေးနဲ့ စုစည်းတယ် ဆိုပါတော့။ သြော် ကျေးဇူးပါပဲ။ ဆန်းပြားတဲ့ ဆွဲကြိုး၊ လက်ကောက်၊ နားကပ်၊ လက်စွပ်တွေကို ကိုင်ကြည့်လိုက်၊ ဈေးကြီးလို့ ပြန်ချလိုက် လုပ်နေတဲ့ ကိုယ့်ကို ဟေ့ မင်း ဘာလူမျိုးလဲ မြန်မာ။ ဒါဆို ထေရဝါဒ ဗုဒ္ဓဘာသာပေါ့ ဟုတ်တယ်။ ငါတို့က မဟာယန စိတ်ကို အဓိက ဇောင်းပေးတယ် မင်းတို့က အပြင်ဖက်ကို ဇောင်းပေးတယ်။ ခဏလေး တွေ့ရတဲ့လူတစ်ယောက်နဲ့ အငြင်းအခုန် မလုပ်ချင်တော့ပါဘူး။ ဒီလက်စွပ်ရဲ့ စာသားလေးက ဘာလဲဟင်။ အဲဒါ ဥုံ (အုန်) လို့ အသံထွက်တယ် သြော် ဥုံဘာနီ ဘာဒမ်ဥုံ  ကိုယ်ရဲ့ အသံထွက်မှားကို သူက အမှန်ဆိုပြသွားတယ်။ ဥုံ မဏိပဒ်မဟေဥုံ  (ဥုံ ဘာနီ ဘာမမ်ဥုံ ) ကို ကိုယ် ဘယ်လိုလုပ်သိတယ် ဆိုတဲ့အကြောင်းလေး ပြောပြပါရစေ။ ၁၉၉၉  ဆယ်တန်းအောင်ပြီးခါစ လှည်းတန်းက ဆရာကြီးဦးမြကြိုင် အင်္ဂလိပ်စာသင်တန်း တက်တော့ မနက် ၈ နာရီ အတန်းမစခင် May you be free from suffering အင်္ဂလိပ်လို မေတ္တာပို့တာလေး ဖွင့်ထားလေ့ရှိတယ်။ နားထောင်ရတာ စိတ်ချမ်းသာလို့ အခွေဝယ်ရင် ကောင်းမလားလို့ တိုင်ပင်တော့ အင်္ဂလိပ်လို မေတ္တာပို့တာ နတ်တွေက နားလည်ပါ့မလားဟယ် ဆိုတာနဲ့ မဝယ်ဖြစ်တော့ဘူး။

ကန်တက်ကီမှာ လေးအော့ဖ်လို့ ဆူနမ်တို့ရှိတဲ့ မေရီလန်းကို ပြောင်းကာအလုပ်ရှာ၊ ၂ လခွဲနဲ့ အလုပ်မရတော့ ကျောင်းကိုပြန်ပြီး Seminar သင်တန်း သုံးပတ်တက်၊ ကျောင်းကိုရောက်ပြီး တပတ်အကြာ ဝါရှင်တန်ဒီစီမှာ အလုပ်ရ၊ ကယ်ပီတယ် Capitol နားက ဒီစီရုံးလေးကို သဘောကျနေတုန်း Government Shutdown ဖြစ် ကလိုင်းရင့် ဒီအိုအယ် Department Of Labor က ကွန်းထရပ် ထပ်မတိုးလို့ ဒီစီရုံးကို ပိတ်လိုက်လို့ လေးအော့ဖ်ထိပြန်။ ၁၃ က ကိုယ့်ရဲ့ လက်ကီးဂဏ္ဏန်းလို့ ယူဆပေမဲ့ ၂၀၁၃ ကတော့ ကံကောင်းတဲ့နှစ် မဟုတ်ခဲ့ဘူး။ Student Loans ကျောင်းလခ၊ အိမ်လခ၊ ဖုန်းဘေလ်၊ ကားဘေလ် အဲဒီဘေလ်တွေကို မှန်မှန်ပေးနိုင်ပါ့မလား၊ အလုပ်က ဘယ်တော့၊ ဘယ်မှာ၊ ဘယ်တော့များမှ ရပါ့မလဲနဲ့ ပူရတာ။ အဖေ၊ မကြီးက ပိုက်ဆံကိစ္စအတွက် လုံးဝစိတ်မပူနဲ့လို့ ပြောပေမဲ့ ပူတာပါပဲ။ ဒီလိုပူနေတဲ့အချိန်မှာ ဘယ်သီချင်းကိုမှ မခံစားနိုင်ဘူး။ Yiruma ၊ Joe Hisaishi ရဲ ့ ပီယာနိုလက်သံတွေလည်း မအေးချမ်းစေနိုင်ခဲ့ဘူး။ စိတ်ငြိမ်းချမ်းစေတဲ့ Mentra ၊ Chant သီချင်းတွေ လိုက်ရှာတော့ Imee Ooi ရဲ့ The Chant of Metta ကို သွားတွေ့တယ်။ အိုး... လွန်ခဲ့တဲ့ ၁၅ နှစ်တုန်းက ကိုယ်ဝယ်ချင်တဲ့ သီချင်းလေးပါလား။


ဆူနမ်တို့ ဖွင့်တဲ့ နီပေါသီချင်းတွေ အကြောင်း ပြောကြရင်း သူတို့ဆီမှာ ဗုဒ္ဓဘာသာ သီလရှင်ဆရာလေးတစ်ပါးရဲ့ သီချင်းတစ်ပုဒ်က နာမည်ကြီးသွားလို့ ကမ္ဘာအနှံ့က ဗုဒ္ဓဘာသာဝင်တွေ သူ့ကိုပင့်ဖိတ်ပြီး ဆိုခိုင်းရတယ်။ ဟင် သီလရှင်က သီချင်းဆိုတယ် ထေရဝါဒတော့ မဖြစ်နိုင်ဘူး မဟာယနပဲ ဖြစ်လိမ့်မယ်။ သီချင်းဆိုပေမဲ့ စိတ်ငြိမ်းချမ်းစေတဲ့ Mentra လေ။ အဲဒီတုန်းက ဟင် ခဲ့ပေမဲ့ ခုများတော့ နားမလည်ပေမဲ့လည်း စိတ်ကိုအေးချမ်းစေလို့ နားထောင်နေတယ်။ အဲဒီသီလရှင်နာမည်က Ani Choying Drolma ။ သူ့ရဲ့ သီချင်းတစ်ပုဒ်က Om mani padme hum (ဥုံ မန်ဒီ ပန်မယ် ဟုန်)။ အရဟံဆိုပြီး ပုတီးတစ်လုံးချသလို ဥုံ မန်ဒီ ပန်မယ် ဟုန် ဆိုပြီး သစ်တုံးကို တစ်ချက် စည်းချက်ညီညီ ခေါက်တဲ့ သီချင်း၊ ဥုံ မန်ဒီ ပန်မယ် ဟုန်ကိုပဲ အသံအမျိုးမျိုးနဲ့ ဆိုသွားတဲ့ သီချင်းဆိုပြီး ဗားရှင်းအမျိုးမျိုး ရှိသေးတယ်။ ဒီ Sanskrit စာလုံးက ဥုံလို့ အသံထွက်ရတာလား ဟုတ်တယ်။  အဲဒီဥုံလက်စွပ် ဝတ်ထားရင် ကံကောင်းစေတာလား ဟုတ်ဘူး စိတ်ကို တည်ငြိမ်စေတယ်။ ဟင် စိတ်ကို သတိမကပ်ဘဲ လက်စွပ်ဝတ်ရုံနဲ့ ဘယ်လိုလုပ် တည်ငြိမ်စေမှာတုန်း။


ဒီအရုပ်လေးက ဘာအရုပ်လဲဟင် ဂီနေရှား။ သြော် ကိုယ့်သူငယ်ချင်း နီပါလီတွေက ဂီနေရှားနတ် ကိုးကွယ်တယ်။ (ရာမားက Elephant God လို့ခေါ်ရင် မကြိုက်ဘူး) ဆိုင်ပိုင်ရှင်က သူလည်း နီပါလီစကား ပြောတတ်တယ်။ မင်းတို့ မြန်မာပြည်မှာ နီပါလီတွေ အများကြီးပဲ။ ဟမ် ကိုယ် ကြီးပြင်းခဲ့တဲ့ မြေပြန့်ဒေသမှာ နီပါလီတွေ မရှိဘူး။ ဂေါ်ရခါးဆိုတာတော့ ကြားဖူးတယ်။ နီပါလီတွေက အနောက်မြောက်ဖက်က ချင်းတောင်ဖက်မှာ နေကြတာ ဖြစ်လိမ့်မယ်။ အင်း ဟုတ်လိမ့်မယ် နီပါလီတွေ တသိန်းလောက် ရှိတယ်လို့ဆိုတယ်။ နယူးယောက်က မြန်မာတွေဆီကနေ အိတ်ဝယ်တယ်။ ကျေးဇူးပဲနော် အဲဒီလို သိချင်တာတွေကို မေးမြန်းစပ်စု ဘာမှမဝယ်ဘဲ ခပ်တည်တည်နဲ့ ပြန်ထွက်လာတယ်။ ငွေထည်ပစ္စည်းဆိုင်ရောက်လို့ လှတာလေးတွေ၊ အဖိုးနှုန်းသင့်တာလေးတွေ တွေ့ပေမဲ့ Accessories ကို သိပ်မဝတ်ဖြစ်တော့ မဝယ်တော့ပါဘူးလေ။ Glass နဲ့လုပ်တဲ့ လက်ဝတ်ရတနာလေးတွေ အတော်လှတယ် ဈေးကလည်း မသေးဘူး။ ဂိုက်က နေ့လည်စာ တခါတည်းစားဖို့ မှာထားတော့ စတားဘာ့ခ်မှာ Strawberry smoothie ၊ Pumpkin bread ၊ Chocolate croissant စားနေတုန်း စတားဘာ့ခ်ကနေ ဘာဝယ်ခဲ့ပေးရမလဲလို့ ဝိုင်းကို မက်ဆေ့စ်ပို့တာ ပြန်မလာဘူး။ ကိုယ့်တုန်းကလည်း ရတဲ့ ၁၊ ၂ နာရီအတွင်း အကုန်နှံ့အောင်ပတ်တော့ နေ့လည်စာကို ဘီစကွတ်၊ ဘလူးဘယ်ရီပိုင်းတို့နဲ့ ပြီးရတာမျိုးလား။ ဝိုင်းလည်း အဲ့ဒီလိုပဲ နေမှာ။

                             
                                          သီချင်းတော့ ကြိုက်ပါရဲ့ လက်တွေအများကြီးကို ကြောက်တယ် :)

အချိန်စေ့လို့ ဂိတ်ပေါက်ဝမှာ သွားစောင့်တော့ ဝိုင်း ထွက်လာတယ်။ မက်ဆေ့၊ ဖုန်းလည်း မစစ်နိုင် မြေပုံကိုင်ပြီး အနှံ့ပတ်နေတာတဲ့ ထင်သားပဲ။ စတယ်လာရေနဂါး Stellar sea lion ရှိတဲ့ ရေသတ္တဝါပြတိုက် လေးခုထဲမှာ မစ်စတစ်ရေသတ္တဝါပြတိုက်လည်း ပါဝင်ပါတယ်။ အောက်ဒိုးဝေလငါးပြခန်း အကြီးတွေထဲ တခုအပါအဝင်ပါ။ ငါးလိပ်ကျောက်၊ ငါးမန်းတွေကို ကိုင်ကြည့်လို့ရတော့ ကလေးတွေ အကြိုက်တွေ့တဲ့ ရေသတ္တဝါပြတိုက် ဆိုပါတော့။ အဲ လူကြီးတွေလည်း ကြိုက်ကြပါတယ်။ အဲယားကွန်းက မအေးလို့ ခရီးသည်တွေက ပူညံပူညံ၊ ကားမှာ ဘက်ထရီ အပိုမပါ၊ ဂတ်စ်စတေးရှင်မှာ မိနစ် ၂၀ လောက် နားပြီး အဲယားကွန်းပြင်။ ၂ နာရီလောက် မောင်းပြီးရင် အိမ်သာအတွက် Rest Area မှာ ၁၅ မိနစ်လောက် နားဆိုတော့ ထင်သလောက် ခရီးမပေါက်ဘူး။ ဘော့စတွန် ဟာဘားခရူကို မမှီပေမဲ့ စလမ်းစုန်းပြတိုက်ကို ဝင်လည်ကြပါတယ်။ ဦးထုပ်အချွှန်ကြီးဆောင်း၊ ဝတ်ရုံနက်ကြီး ဝတ်ထားတဲ့ မျက်နှာစိမ်းစိမ်းကြီးနဲ့ စုန်းမကြီး တံမြက်စည်းစီးပြီး ကိုယ့် အနားက ပျံသွားလို့ လန့်အော်လေမလားလို့ တွေးကြောက်နေတာ။ အရုပ်တွေကို မီးထိုးပြီး ရှင်းပြနေတာများ ကြောက်ဖို့နေနေသာသာ ပျင်းစရာကောင်းလွန်းလို့ သမ်းတောင်သမ်းတယ်လို့ ကိုယ်က ရီကွန်မန်ဒေးရှင်း  မပေးပေမဲ့ ယူအက်စ်ရောက်တာ ၃ လောက်ပဲ ရှိသေး၊ ယူအက်စ်မှာ ပထမဆုံး ခရီးစဉ်ဆိုတော့ ဝိုင်းက တက်ကြွစွာနဲ့ အကုန်လည်တယ်။


စုန်းပြတိုက်ရှေ့က ပန်းခြံမှာ အေးအေးဆေးဆေး အနားယူရင်း စာဖတ်မလား စိတ်ကူးတယ် ပန်းခြံအလယ်မှာ အမေရိကန်နဲ့ စပန်းနစ် Spanish နှစ်ကောင် ဒီဘိတ် debate လုပ်တာ ထောက်ခံသူတွေက လက်ခုပ်သံတွေ တဖြောင်းဖြောင်း၊ လက်ခေါက်မှုတ်ကြနဲ့ နားညည်းလွန်းလို့ မြိ ု့ထဲကိုပဲ သွားတော့တယ်။ စလမ်း Salem မြို့လေးက ၁၆၉၂ ခုနှစ်မှာ စတည်ခဲ့တာဆိုတော့ ဘော့စတွန်ထက်တောင် စောသေးတယ်။ အိမ်တွေက ပိုရှေးကျပြီး လမ်းတွေကလည်း ကျဉ်းတယ်။ မြို့ထဲကို လမ်းလျှောက်ရင်း ဗေဒင်ဟောတဲ့ဆိုင်တွေ့လို့ ဓာတ်ပုံရိုက်ခဲ့သေးတယ်။ ဝိုင်းက မက်ဟန်တန် ဂရမ်းစင်ထရယ်နားက သူ့အိမ်နားမှာတောင် တဆိုင်ရှိတယ်တဲ့။ ဘုရားရှိခိုးကျောင်းက ခေါင်းလောင်းထိုးသံ ကြားရတော့ မင်္ဂလာပွဲရှိတယ်နဲ့တူတယ်။ ပွဲတက်ပွဲလာဝတ်စုံ ဝတ်ထားတဲ့သူတွေ တွေ့တယ်။ ဘားမှာလည်း လူတွေ စည်ကားနေတာပဲ။ Salem Village ရှေ့က အရုပ်နားမှာ ဓာတ်ပုံရိုက်ကြတာ တွေ့ပေမဲ့ အထဲတော့ မဝင်တော့ပါဘူး။ အပြင်အဆင်က လန့်စရာကြီး တော်ကြာ ညဖက် အိမ်မက်ဖက်ပြီး လန့်အော်နေမှ။ ကိုယ်ကတော့ စုန်းပြပွဲက မတန်လိုက်တာလို့ တွေးပေမဲ့ ဝိုင်းက မဆိုးပါဘူးလို့တွေးတယ်။


အဲယားကွန်း မအေးလို့ ကွန်ပလိမ်းတဲ့ ခရီးသည်တွေကို နှစ်သိမ့်တဲ့အနေက ဂိုက်က လျှောပင်းမောလ်ကို လိုက်ပို့တယ်။ အခုရောက်နေတဲ့ နယူးဟမ်ရှိုင်းယား New Hampshire ပြည်နယ်မှာ Sales Tax ပေးစရာမလိုလို့ လျှောပင်းထွက်ဖို့ အကောင်းဆုံးပါတဲ့။ ဆူနမ်ဆို လျှပ်စစ်ပစ္စည်းတွေ ဝယ်ရင် ဒယ်လာဝဲယားပြည်နယ်က အက်စ်မီတာလိပ်စာနဲ့ ဝယ်တယ်။ ဒယ်လာဝဲယားပြည်နယ်လည်း Sales Tax ပေးစရာမလိုဘူး။ ဆူနမ်တို့ဆို အက်စ်မီတာဆီ သွားလည်ရင် ကားကို ဆီအပြည့်ဖြည့်၊ ကားဆားဗစ်လုပ်၊ အိမ်အတွက် လိုအပ်တာတွေ လျှော့ပင်းတော့တာပဲ။ မေရီလန်း၊ ဝါရှင်တန်ဒီစီ၊ နယူးယောက်က Tax များတယ်။ ညနေစာကို ဂျပန်ဆိုင်က တာယာကီ ကြက်၊ ပုဇွန် မှာတော့ ဗိုက်ဆာနေလို့ပဲလားမသိ စားကောင်းသား။ စားသောက်ပြီးလို့ အသီးစာချင်းလို့ တားကဒ် Target ဆိုင်မှာ အသီးသွားရှာတော့ ဗူးလေးတဗူးကို ၅ ကျပ်တောင် တောင်းတယ်။ ဟင် ဈေးကြီးလိုက်တာ။ ကားပေါ်တက်ခါနီး မြန်မာသံ ကြားလိုက်တယ် ကားပေါ်မှာ မြန်မာတွေပါတယ် ထင်ပါ့ ညမှောင်နေလို့ မမြင်လိုက်ဘူး။


ခရီးသွားတယ်ဟေ့ဆိုရင် ဆူနမ်၊ ရာမား၊ အမ်းထရူးတို့နဲ့ သွားနေကျ။ နယူးယောက်ကို ပြောင်းလာပြီး ကတည်းက ဆူနမ်တို့နဲ့ ခရီးမသွားဖြစ်တော့တာ။ မေရီလန်းနဲ့ နယူးယောက်ကလည်း မိုင် ၂၅၀ ၊ ၄ နာရီ ကျော်လောက် ဝေးတာကိုး။ မေရီလန်းမှာတုန်းကဆို နောက်နှစ်ရက်မှာ ခရီးသွားရအောင် မနက်ဖြန် ညနေ လာခဲ့လို့ ဆူနမ်က မှာတယ်။ ၁၀ မိုင် ၊ မိနစ် ၂၀ လောက်ပဲ ဝေးတာဆိုတော့ ကြိုက်တဲ့အချိန် ထသွား အဆင်ပြေတယ်။ နယူးယောက်ရောက်ပြီးမှ ဝါရှင်တန်ဒီစီ ချယ်ရီပွဲတော်၊ မောက်ဗာနွန် Mount Vernon ၊ ဖီလာဒဲဖီးယား၊ အက်ကေးဒီယားတို့ကို တစ်ယောက်တည်း သွားခဲ့တာပါ။ အပတ်တိုင်း နယူးယောက်တခွင် လမ်းလျှောက်ဖြစ်တဲ့ meetup အဖွဲ့မှာ ဗီယက်နမ်မလေး ဝိုင်းနဲ့ မိတ်ဆွေဖြစ်တော့ သူကလည်း နယူးယောက်ကို ပြောင်းလာတာ ၄ လလောက်ပဲ ရှိသေးတယ်။ meetup အဖွဲ့က လမ်းလျှောက်တဲ့ ခရီးစဉ်က စိတ်ဝင်စားဖို့ မကောင်းရင် နယူးယောက် အထက်ဖက် အက်ဖ်စတိတ် upstate လို့ခေါ်ကြတဲ့ ဟူစတန် Hudson မြစ်ဝှမ်းက Cold Springs ကို ဂရမ်းစင်ထရယ်ကနေ မတ်ထရိုနော့စ် Metro North ရထား ၁ နာရီစီးသွားပြီး တောင်တက်။ ညနေ ၆ နာရီလောက် နယူးယောက် ပြန်ရောက်တော့ ကိုယ်က ပင်ပန်းလို့  အိမ်ရောက်တာနဲ့ ဒိုင်ပင် ပစ်အိပ်တော့တာ။ ဝိုင်းက architecture meetup အဖွဲ့နဲ့ မက်ဟန်တန်တခွင် လမ်းလျှောက်တာ ည ၁၁ နာရီလောက်မှ အိမ်ပြန်ရောက်တယ်။


Port Authority ကနေ ဘတ်စ်ကား ၁ နာရီစီးပြီး  Bear Mountains တောင်ကို သွားတက်တာ ၃ ရက်လောက် ခြေသလုံးနာနေသေးတယ်။ နောက်နေ့ မက်ဟန်တန်အောက်ဖက်ကနေ စတေတန်အိုင်လန်ဆီကို အခမဲ့ပြေးဆွဲတဲ့ Staten Island Ferry စီးပြီး စတေတန်အိုင်လွန်တခွင် လည်ကြပြန်တယ်။ ပိတ်ရက် ၂ ရက်မှာ ၁ ရက်ကို လမ်းလျှောက်၊  ၁ ရက်ကို ဈေးဝယ်၊ သန့်ရှင်းရေးလုပ် ကိုယ့်ကိုကိုယ် active ဖြစ်လှပြီထင်နေတာ ဘယ်ကသာ ကိုယ် active ဖြစ်တာ ဝိုင်းကို ဘယ်မှီပါ့မလဲ။ ဝိုင်းဆို နေ့လည် meetup အဖွဲ့ဆီ မလာခင် မနက်ဖက် စင်ထရယ်ပါ့ခ် central park မှာ လမ်းသွားလျှောက်၊ Gym မှာ Jumba ၊ sasa  ၊ yoga ၊ ballet သွားကသေးတာ။ တခြား meetup အဖွဲ့တွေနဲ့လည်း လမ်းလျှောက်သေးတယ်။ Cold Springs နဲ့ Bear Mountains မှာ တောင်တက်တဲ့အကြောင်းတွေ နောက်မှရေးဦးမယ်။ ဝိုင်းနဲ့ စသိပြီးကတည်းက ပိတ်ရက်တွေဆို အိမ်မကပ်တော့ဘဲ နယူးယောက်တခွင် လိမ့်နေတာပဲ။

ဗီယက်နမ်မြောက်ပိုင်း ဟနွိုင်းမှာ မွေးဖွားခဲ့တဲ့ ဝိုင်းက တနိုင်ငံလုံး အင်္ဂလိပ်စာ စာမေးပွဲမှာ ဒုတိယရတော့ နာမည်ကြီးတက္ကသိုလ်ဝင်ခွင့် ထပ်ဖြေစရာမလိုဘူး။ သူ ရွေးလိုက်တဲ့တက္ကသိုလ်က တနိုင်ငံလုံးမှာ တခုတည်းရှိတဲ့ နိုင်ငံတကာဆက်ဆံရေးတက္ကသိုလ်ပါ။ သူတို့ကျောင်းမှာ ပြင်သစ်ဘာသာသင်၊ အင်္ဂလိပ်စကား ပြောရတော့ ဝိုင်းရဲ့လေယူလေသိမ်းက ကိုယ်တွေ့ဖူးတဲ့ ဗီယက်နမ်တွေထက်စာရင် အများကြီးကောင်းတယ်။ မိုင်း၊ Nga ငါး၊ ဟွားလဲ့တို့ဆို အင်္ဂလိပ်စာ ကောင်းပေမဲ့ အသံထွက်က မကောင်းဘူး။ ဝိုင်းက စကော်လားရှစ်လို့ရလို့ဘန်ကောက် အေအိုင်တီ၊ ပြင်သစ်တက္ကသိုလ်မှာ တစ်နှစ် တက်ဖူးတယ်။ အလုပ်ရတဲ့ အီတလီမှာ ၇ နှစ် နေခဲ့ပါတယ်။ ယူအက်စ်အလုပ်က ၁ နှစ် ကွန်းထရပ် စာချုပ်ထပ်မတိုးရင် အီတလီကိုပဲ ပြန်မှာပါတဲ့။ ယူအက်စ်မှာ ရှိနေချိန်အတွင်းမှာ တတ်နိုင်သလောက် ခရီးသွားဖို့ စိတ်ကူးထားပါသတဲ့။ အီတလီမှာနေတဲ့ ပထမနှစ်တုန်းက သားရေအိတ်တွေကို ခရေဇီဖြစ်တာတဲ့။ အီတလီသားရေတွေကလည်း ကောင်းမှကောင်း ဈေးကလည်းကောင်း။ နောက်တော့ ဘဝကို တတ်နိုင်သလောက် ရိုးရိုးစင်းစင်းလေး နေထိုင်ပြီး ခရီးတွေ တတ်နိုင်သမျှ သွားပါသတဲ့။


ဝိုင်းက ကိုယ့်ထက် ၁ နှစ်ကြီးတယ် ရည်းစားလည်း မရှိ မချက်ပြုတ်တတ်တာလည်း တူတယ် ။ ခရီးသွားတာ၊ တောင်တက်တာ ဝါသနာပါတဲ့ အပျိုကြီးနှစ်ယောက် အကြိုက်တူ၊ စရိုက်တူ ဆိုပါတော့။ ဥရောပတခွင် ဝိုင်း မရောက်ဖူးတဲ့နိုင်ငံ မရှိသလောက်ဘဲ။ တန်ဇနီးယား၊ အာဖရိကနိုင်ငံအချို့ကိုလည်း အလုပ်ကိစ္စနဲ့ ရောက်ဖူးတယ်။ စီမီနာအတွက် ဝါရှင်တန်ဒီစီကို ရောက်ဖူးတယ်။ ဝိုင်းက ယူအန် United Nations မှာ အလုပ်လုပ်နေတာပါ။ ဥရောပတခွင် ပြဲပြဲစင်တဲ့ ဝိုင်းကို ကိုယ်က အားကျသလို ယူအက်စ်အရှေ့အလယ်ပိုင်းတခွင် ပြဲပြဲစင်တဲ့ ကိုယ့်ကိုလည်း ဝိုင်းက အားကျပါသတဲ့။ ကိုယ်တို့တညအိပ်တဲ့ ဟိုတယ် Raddison က နယူးဟမ်ရှိုင်းယားပြည်နယ် နာရှာ Nashua မြို့လေးနားမှာပါ။ ဟိုတယ်က ရဲတိုက်နဲ့တူပြီး ဒီမြို့မှာ အကောင်းဆုံးပါတဲ့။ ဟိုတယ်တွင်း ဆေးလိပ်မသောက်ရပါ။ သောက်ခဲ့ရင် ဒဏ်ငွေ  ၂၅၀ ပါတဲ့။မိန်းပြည်နယ်ထဲ အပိုင်း ၂ ကျမှ လည်ကြရအောင်နော်။

Witch's hat.
Ice - Bucket - Challenge လုပ်တာကို အားကျလို့ တဂျီးမင်းက BPP Challenge လုပ်နေပါတယ်။ ပစ်ပစ်က တဂ်လာတော့ ကိုယ်လည်း ဒီပို့စ်အသစ်နဲ့အားကျမခံ ဘလော့ဂါ ၁၀ ယောက်ကို တဂ်မယ်နော့။

၁။ မမီးငယ်
၂။ မမအိုင်အိုရာ
၃။ မြတ်ကြည်
၄။ ဒိုးကန်
၅။ ရွှေအိမ်စည်
၆။ ဘုန်းဘုန်း‌တောက်
၇။ သူသူ
၈။ ဆရာဟန်
၉။ မဂျက်
၁၀။ မမယ်သံ

ဒီဘလော့လေးကတော့ Imee Ooi သီချင်းတွေ စုထားတဲ့ ဆိုဒ်လေးပါ။ ပြင်သစ်ဘာသာနဲ့ ရေးထားတာလား မသိဘူး။ စိတ်ဝင်စားတယ် ဆိုရင်ပေါ့။

http://voie-eveillee-du-coeur.blogspot.fr/p/acheter-les-cd-imee-ooi.html

Happy Traveling !
စန်းထွန်း
စက်တင်ဘာ ၅၊ ၂၀၁၄။