ဂျီစီ ခရီးကြမ်း - ၁၃

ဟေ ... နိုင်ငံခြားမှာ ပိုက်ဆံအကုန်ခံ အပင်ပန်းခံပြီး ပညာသင်ခဲ့တာ ပြည်တွင်းမှာနေတဲ့သူထက်တော့ ပိုပေးရမှပေါ့။ ဟင့်အင်း ... ဗီယက်နမ်မှာတော့ နိုင်ငံခြားမှာ အလုပ်မရလို့ ပြန်လာတာ။ နင့်ဘာသာ နိုင်ငံခြားမှာ ဘယ်လောက်ရရ ပြည်တွင်းမှာဆိုရင် ပြည်တွင်းဈေးပဲ။ နိုင်ငံခြားဈေးရချင်ရင် နိုင်ငံခြားနေမှာနေ ပြည်တွင်းကို မလာတဲ့။ ဝိုင်းနဲ့ကိုယ် ငြင်းကြခုန်ကြရင်း နောက်ဆုံးတော့ သဘောပေါက်သွားကြတယ်။ ဗီယက်နမ်မှာ နိုင်ငံခြားထွက် ပညာသင်တဲ့သူ များတာကိုး။ လူတိုင်းနီးပါး နိုင်ငံခြားထွက် ပညာသင်ကြတယ်။ ကိုယ်တို့နိုင်ငံမှာတော့ နိုင်ငံခြားထွက် ပညာသင်ကြတဲ့သူနည်းတော့ နိုင်ငံခြားပြန်တွေ ဈေးကောင်းတယ်ထင်ပါ့။ အလုပ်အသစ်က H1B transfer ပဲ လုပ်ပေးတယ် ဂရင်းကဒ်စပွန်ဆာ မပေးဘူး။ သူငယ်ချင်းတွေက ဂရင်းကဒ်စပွန်ဆာပေးတဲ့ အလုပ်ကို စောင့်ပါလားတဲ့။ ဂရင်းကဒ်စပွန်ဆာပေးတဲ့ အလုပ်က ဘယ်တော့ရမယ်မှန်းမသိ။ ဒီလောက် ကြပ်နေတဲ့အချိန် အော်ဖာပေးတာယူ H1B နဲ့ဆက်လုပ် နောက်မှမီးစင်ကြည့်ကမယ်။ အဝေးကြီး မစဉ်းစားဘူး နောက် ၂ နှစ်အတွက်ပဲ စဉ်းစားမယ်။ တတိယအဆင့် I-485  က ငါးလရှိနေပြီ ဘာသတင်းမှ မကြားဘူး။ အလုပ်ရှင်က cancel လိုက်ပြီလားမသိ ကိုယ်လည်း ဘာမှလုပ်လို့မရ။ ကိုယ်လုပ်နိုင်တာက ဘုရားမှာ ဆုတောင်းတာပဲ လုပ်နိုင်တော့တယ်။ နေ့လည်ထမင်းစားပြီးလို့ လမ်းလျှောက်ထွက်ရင် ဝေါစတိလမ်းနားက Lady of Victory ၊ Trinity Church သွားပြီး ဂရင်းကဒ် အမြန်ဆုံးရပါစေလို့ ဆုတောင်းတယ်။ စတိတ်မှာ ကျောင်းလာတက်သူ အများစုက အဆိုင်လမ်လျှောက်ကြတယ် နင်က ဘာလို့မလျှောက်တာလဲ။

အဆိုင်လမ်လျှောက်ဖို့ လုံးဝစိတ်မကူးဘူး စင်္ကာပူမှာကျောင်းတက် အလုပ်လုပ် ဟောင်ကောင်၊ မကာအို သွားလည်သွားတာတွေ ပတ်စ်ပို့မှာ ရှိနေတယ်။ ဖိနှိပ်ခံရလို့ အဆိုင်လမ်လျှောက်ပါတယ်ဆိုရင် ဘယ်သူက ယုံမလဲနော် ကိုယ့်ဟာကို တွေးကြည့်တာပါ။ ဂရင်းကဒ်ဝယ်မလားလို့တော့ စိတ်ကူးမိတယ် ဟန်ဆောင်လက်ထပ်တာကိုပြောတာ။ အစတုန်းကတော့ တရားရုံးမှာ လက်မှတ်ထိုးရင် ဒေါ်လာ ၂ သောင်း ကွာရှင်းပြတ်ဆဲပြီးရင် ဒေါ်လာ ၁ သောင်း စုစုပေါင်း ၃ သောင်းကုန်ရင် ဂရင်းကဒ်ရတယ် လုပ်မလားလို့ အသိအစ်မက ပြောဖူးတယ်။ ဂရင်းကဒ်လျှောက်တာ ၃ သောင်းလောက် ကုန်နေပြီ ပလုံပြီလားမသိ။ ဂရင်းကဒ်ဝယ်တာကမှ ဟုတ်ဦးမယ် ဝယ်မယ်ဆိုရော ဂဃနဏ ဘယ်သူမှမသိဘူး ကြားဖူးတာပဲရှိတယ်။ တချို့တွေက ကွဲရှင်းပြတ်ဆဲပေးစေချင်ရင် ပိုက်ဆံထပ်ညစ်ကြတာတွေလည်း ရှိတယ်တဲ့။ နယ်ကလူတွေက ဈေးသက်သက်သာသာနဲ့ လုပ်ပေးနိုင်တယ်။ ဒါပေမဲ့ သူတို့က မိန်းမအရမ်းလိုချင်နေကြတဲ့သူတွေဆိုတော့ ကွာရှင်းမပေးမှ ဒုက္ခ သွားမလုပ်လေနဲ့ဆိုလို့ ရယ်လိုက်ရတာ။ ဝိုင်းနဲ့ဖေ့ဘွတ်မှာ မိတ်ဆွေဖြစ်နေတဲ့ တောင်ဗီယက်နမ်က ညီအစ်မ ၂ ယောက်က အဲဒီလိုဟန်ဆောင်လက်ထပ်ပြီး ဂရင်းကဒ်ကို ဝယ်တာတဲ့။ ညီမအငယ်ကတော့ ဟန်ဆောင်လက်ထပ်ရာကနေ တကယ်ချစ်ကြိုက်သွားလို့ လက်ထပ်သွားကြတယ်။ နင်လည်း အဲဒီလိုမဖြစ်နိုင်ဘူးလို့ ဘယ်သူပြောနိုင်သလဲလို့ နောက်နေလို့ မပြုံးဘဲဝါးလုံးကွဲ ရယ်လိုက်ကြတာ။ ဂျူလိုင်လကုန်မှာ USCIS ကနေ RFE (Request For Evidence) တောင်းတဲ့စာ ရှေ့နေ့ဆီကို ရောက်တယ်။ မနှစ်က ဆေးစစ်တဲ့ဖောင်မှာ Gonorrhea စစ်တာမပါလို့ ထပ်စစ်ခိုင်း၊ မွေးစာရင်း ထပ်တောင်းတာ။ ရှေ့နေ့က တော်သေးတယ် စန်းစန်းရေ ကိုယ့်ဖက်က ပေးနိုင်တာတွေမို့လို့ အလုပ်ရှင်ဆီက တောင်းတဲ့ဟာဆိုရင်တော့ သေပြီပဲ။

 H1B transfer approved မဖြစ်ခင် မြန်မြန်တင်ရအောင် H1B approved ဖြစ်သွားရင် ဂရင်းကဒ်အတွက် ခက်သွားလိမ့်မယ်။ ဆေးခန်းတွေကို မေးကြည့်တော့ ဆေးစစ်ခက ၃၀၀ - ၅၀၀ ကြား အလုပ်ဝင်ခါစ  ၆ လမပြည့်သေးတော့ ကျန်းမာရေးအာမခံ မရှိသေးဘူး။ ကျန်းမာရေးအာမခံရှိလည်း အဲဒီစစ်ဆေးတာတွေက အကျုံးမဝင်လို့ ကိုယ့်ဘာသာပေးရတယ်။ အရင်စစ်ခဲ့တဲ့ဆေးခန်းကို သွားမေးတော့ မနှစ်ကစစ်ပြီးသား မနှစ်ကဖောင်မှာ မပါလို့မဖြည့်တာ ဖောင်အသစ်ကို ဖြည့်ပေးမယ် ပိုက်ဆံတပြားမှ ထပ်ပေးစရာမလိုဘူးတဲ့။ နယ်မှာ အရပ်လက်သည်နဲ့ မွေးခဲ့လို့ ကိုယ့်မှာ မွေးစာရင်းမရှိဘူး။ ကျမ်းကျိန်လွှာကို နိုထရီလုပ်ထားတာပဲရှိတယ်။ သူငယ်ချင်းတွေကို မေးကြည့်တော့ သူတို့က ရန်ကုန်သူတွေ ဂျမန်ခနာဆေးရုံမှာ မွေးခဲ့တာ မွေးစာရင်းသွားတောင်းတော့ ထုတ်ပေးတယ်တဲ့။ စတိတ်ကို အလည်ရောက်နေတဲ့ အဖေက ဟိုင်းကြီးက သူ့သူငယ်ချင်းကိုဖုန်းခေါ်ပြီး ဟိုင်းကြီးတိုက်နယ်ဆေးရုံက ဆရာဝန်ကို မွေးစာရင်းထုတ်ပေးဖို့ပြောတော့ သူမွေးပေးတာ မဟုတ်လို့ မထုတ်ပေးနိုင်ဘူးတဲ့။ ငပုတောမြို့နယ်က တိုက်နယ်ဆရာဝန်ကြီးကတော့ ထုတ်ပေးနိုင်မယ်ထင်တယ်တဲ့။ အဖေနဲ့ တိုက်နယ်ဆရာဝန်က အင်မတန်ခင်ကြပေမဲ့ မွေးစာရင်းကိစ္စကိုတော့ မကူညီပေးနိုင်ဘူး။ နယူးယောက်က မြန်မာရှေ့နေ့ကို မွေးစာရင်းထုတ်ပေးနိုင်မလား မေးကြည့်တော့ ရန်ကုန်မှာမွေးခဲ့ရင် ကျန်းမာရေးဦးစီးဌာနမှာ မှတ်ပုံတင်၊ သန်းခေါင်စာရင်းနဲ့ ကိုယ်တိုင်မဟုတ်လည်း သွားထုတ်လို့ရတယ်။ နယ်မှာမွေးခဲ့ရင်တော့ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှာ သွားထုတ်ရမယ်တဲ့။

ဝတုတ်နေလို့ အမေနဲ့မကြီးကတောင် မမှတ်မိတဲ့ စန်းထွန်း၊ သဲသဲ၊ တရုတ်မယန်း၊ ဝိုင်း၊ ဂျူးဂျူး
SariPraPhai Thai Restaurant, Woodside, NY. Oct 14, 2017.

အရင်တုန်းက ဟိုင်းကြီးကျွှန်းက ငပုတောမြို့နယ်အပိုင် ခုမှ ဟိုင်းကြီးမြို့နယ် ဖြစ်သွားတာဆိုတော့ ငပုတောမှာ သွားထုတ်ရမယ်။ မွေးစာရင်းမမြင်ဘူးလို့ တူတော်မောင် ဘုန်းသန့်ခေါင်ရဲ့ မွေးစာရင်းကို တောင်းကြည့်ရတယ်။ အဖေ ရန်ကုန်ကိုပြန်ရောက်တာနဲ့ မနားဘဲ နောက်နေ့ချက်ချင်း ပုသိမ်ကိုဆင်း ပုသိမ်ကနေ ငပုတောမြို့ကို ကားထပ်စီး။ ကျန်းမာရေးဦးစီးဌာနရောက်တော့ မြို့နယ်ဆရာဝန်ကြီးနဲ့တွေ့ဖို့ အကြာကြီးစောင့်ရတယ်။ မွေးစာရင်းထုတ်ပေးဖို့ ၇ သိန်း ပေးရမယ်၊ ဒါတောင် ချက်ချင်းရဖို့ မသေချာဘူး၊ နေပြည်တော်ကို တက်ရမလားမသိ။ ထောင်ကျနိုင်လို့ ၇ သိန်းပေးရင်တောင် လုပ်ပေးဖို့အင်တင်တင်။အဖေ့မှာ စတိတ်က ပြန်ရောက်တာနဲ့ ချက်ခြင်းနယ်ကိုဆင်း၊ အကြာကြီးစောင့်၊ ဟိုပြေးဒီပြေး သမီးအတွက် ပင်ပန်းရှာတယ်။ အစစ်လုပ်ချင်ပါတယ်ဆိုတာတောင် ခက်လွန်းလို့ အတုလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဘာလမ်းမှာ အတုလုပ်ပေးတယ် ၅ ထောင်ပဲပေးရတယ် နိုထရီအပါအဝင်။ မွေးစာရင်းက အတုမှန်းမသိအောင် ဟောင်းနွှမ်းစုတ်ပြတ်နေတဲ့ စာရွက်နဲ့လုပ်ထားတယ်။ တချို့တွေဆို ဘွဲ့တောင် အတုလုပ်ကြတာတဲ့။ ဒီဗွီပေါက်လို့ သံရုံးဝင်တဲ့အခါ ဘွဲ့လတ်မှတ်အတုမို့လို့ အငြင်းခံရဖူးတယ် မွေးစာရင်းအတုမှန်းသိပြီး ဂရင်းကဒ်ကို ငြင်းနေမှဒုက္ခ။ မတတ်နိုင်တော့ဘူး မွှေးစာရင်းအတုမို့လို့ ငြင်းတယ်ဆိုလည်း ကံပဲအေ။ မွေးစာရင်းနဲ့ နိုထရီကို မြန်မာပြည်လူကြုံနဲ့ အမြန်ဆုံးပို့။ ရှေ့နေ့ကိုပေးတော့ ရှေ့နေ့က အေး ဒါမှသူတို့လိုချင်တာ ကျန်းမာရေးဦးစီးဌာနတံဆိပ်၊ မိသားစုသန်းခေါင်စာရင်း အိုကေပြီ Fedex ပို့ခ ၁၅၀ ထပ်ပေး သြဂုတ်လကုန်ခါနီး USCIS ကို တင်တယ်။

ဖေဖေါ်ဝါရီ ကိုယ် လက်ဗွေသွားနှိပ်တုန်းက ဆူနမ်က လေဘာစာတီဖီကိတ်အဆင့်ပဲ ရှိသေးတယ်။ ခု ဂရင်းကဒ်ရပြီတဲ့ လေဘာစာတီဖီကိတ်အဆင့်ကကြာပြီး ဒုတိယအဆင့် I-140 နဲ့ တတိယအဆင့် I-485 က မြန်လိုက်တာ တဒိုင်းဒိုင်းပဲ။ ကိုယ်တို့အုပ်စုထဲမှာ ဂရင်းကဒ်မရတာ ကိုယ်တယောက်တည်း ကျန်တော့တယ် အားငယ်လိုက်တာ။ H1B တင်ထားတာလည်း ငါးလရှိပြီ ဘာသတင်းမှမကြား H1B အဟောင်းသက်တမ်းက စက်တင်ဘာဆိုကုန်ပြီ ၁ လပဲကျန်တော့တယ်။ ဂရင်းကဒ်လျှောက်နေတုန်း H1B transfer လုပ်ဖူးတဲ့ ဆူနမ်က စန်းစန်း H1B အဟောင်း သက်တမ်းကုန်သွားပေမဲ့ H1B transfer result မသိမချင်း legal ဖြစ်တယ် out of status မဖြစ်ဘူး စိတ်မပူနဲ့တဲ့။ အွန်လိုင်းဖိုရမ်တွေမှာ ဖတ်ကြည့်တော့ ဘာသတင်းမှမကြား တက်ဆပ်၊ နီဘားစကား၊ ဗာမွန်၊ ကယ်လီဖိုးနီယားရုံးတွေထဲမှာ ကိုယ်လျှောက်တဲ့ နီဘားစကားရုံးက လိပ်နှုန်းနဲ့ အလုပ်လုပ်နေတယ်။ Priority Date က current ဖြစ်နေပြီလို့ပြတယ် ဆိုလိုတာက ကိုယ့်ဟာကို စစ်နေပြီပေါ့။ ဒီအချိန်မှာ ကိုယ်ဘာအလိုချင်ဆုံးလဲလို့မေးရင် နိဗ္ဗာန်တွေအသာထား ခုချိန် အလိုချင်ဆုံးက ဂရင်းကဒ်ပဲ။ ဂရင်းကဒ်ရှိရင် အလုပ်ပြုတ်လည်း အေးဆေးပဲ အချိန်ပြည့်အလုပ် မလုပ်ချင်ရင်တောင် အချိန်ပိုင်းအလုပ် လုပ်လို့ရတယ်။ အချိန်ပိုင်းအလုပ် မလုပ်ချင်ရင်တောင် အလုပ်အကိုင်မဲ့အခွင့်အရေး အစိုးရဆီက တောင်းလို့ရတယ်။  ဗီဇာအတွက် ရင်တမမ ဘယ်တော့ status မရှိဖြစ်သွားမလဲ illegal ဖြစ်သွားမလဲ ပူစရာမလိုတော့ဘူး။ ကိုယ်လုပ်နိုင်တဲ့ ဆုတောင်းတာ၊ သောက်တော်ရေ၊ ပန်း၊ ဆီမီးကပ်တာကိုတော့ သေသေချာချာ လေးလေးနက်နက် လုပ်တယ်။ ကိုယ်က နိုင်ငံခြားသားဆိုတော့ အလုပ်အရမ်းကြိုးစား အခွန်တွေဆောင် ဘာအခွင့်အရေးမှမရှိ။

လင်မယား ၂ ယောက် အလုပ်လုပ်လို့ ဝင်ငွေနည်းတဲ့မိသားစုလို့ သတ်မှတ်ထားတဲ့ဝင်ငွေကို ကျော်သွားရင် အစိုးရက ထောက်ပံ့နေတဲ့ ကျန်းမာရေးအာမခံ မက်ဒီကိတ် ဆုံးမှာစိုးလို့ အလုပ်မလုပ်၊ ကလေး ၄ ယောက်မွေးပြီး အလုပ်လက်မဲ့၊ single mom ဆိုပြီး အစိုးရဆီက ထောက်ပံ့ငွေ တောင်းနေတာတွေ ရှိတယ်။ ဒီမိုကရေစီနိုင်ငံဆိုတော့ loopwhole ဥပဒေကို အမြတ်ထုတ်တာတွေရှိတယ်။ အောက်တိုဘာ ၅ ရက် ညနေ ၃ နာရီ USCIS က alert မတ်ဆေ့အီးမေးလ်ရတော့ ရီဂျတ်များဖြစ်ပြီလားလို့ ရင်တဒိတ်ဒိတ်နဲ့ စစ်လိုက်တော့ I485 card production တဲ့။ ဂူဂယ်မှာ ရှာကြည့်တော့ ဂရင်းကဒ် approved ဖြစ်ပြီလို့ဆိုလိုတာတဲ့။ approved ဖြစ်ပြီဆိုပေမဲ့ H1B transfer လုပ်ထားတာကိုသိသွားလို့ ဂရင်းကဒ်မထုတ်ပေးရင် ဒုက္ခပဲနော်လို့ စိတ်ပူနေလို့ ဝိုင်းက ငါတော့ အဲဒီလိုမထင်ပါဘူးတဲ့။ ဆူနမ်က အဲဒီလိုမရှိပါဘူး approved ဖြစ်ပြီးမှ ဘွာတေးလုပ်လို့မရဘူး ပူပင်သောကတွေကို ရှာဖွေမတွေးပါနဲ့တော့ စိတ်ချလက်ချ ပျော်ပါတော့လို့ ပြောယူရတယ်။ ရှေ့နေ ကို လှမ်းမေးတော့ ကွန်ဂရက်ကျူလေးရှင်း ၂ ပတ်ကနေ ၂လကြား စာတိုက်ကနေ ဂရင်းကဒ်ရောက်လာလိမ့်မယ်။ သူငယ်ချင်း၊ မိတ်ဆွေတွေကို ဖုန်းဆက်၊ မတ်ဆေ့ပို့ ထခုန်မတတ် ဝမ်းသာတယ်။ ၆ နှစ် ဒုက္ခခံရတဲ့အကျိုး ခံစားရပြီ။ တချိန်လုံး ထမ်းပိုးထားရတဲ့ အင်မတန်လေးလံလှတဲ့ အထုပ်ကြီး လွှတ်ချလိုက်ရသလို စိတ်နှလုံးပေါ့ပါးသွားတယ်။ ရှေ့နေ့၊ ကိုယ့်သူငယ်ချင်းတွေကတော့ ကိုယ့်အဖြစ်အပျက်ကိုကြည့်ပြီး ကိုယ်ဟာ အင်မတန့်အင်မတန် ကံကောင်းတဲ့သူလို့ ပြောကြတယ်။ အလုပ်ပြုတ်ပြီဆိုကတည်းက ဂရင်းကဒ်က ပြီးသွားပြီ အင်မတန်ကံကောင်းလွန်းလို့သာ ဂရင်းကဒ်ရတာတဲ့။ ကိုယ်ဟာ ဘယ်အရာကိုမှ လွယ်လွယ်နဲ့မရ သူများထက် ပိုက်ဆံကုန်၊ သူများထက် စိတ်ဆင်းရဲရသူမို့ ကံလည်းကောင်းသလို ကံလည်းဆိုးတယ်။ အခက်အခဲ အင်မတန်များပြားလှတဲ့ ခက်ခဲကြမ်းတမ်းလှတဲ့ ဂျီစီခရီးကြမ်းဟာ ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှုနဲ့အတူ မိဘကောင်း၊ သူငယ်ချင်းကောင်း၊ မိတ်ဆွေကောင်းတွေရဲ့ အကူအညီနဲ့ ချောမွေ့ခဲ့တယ် ဆိုပါတော့။

ပြီးပါပြီ။

စန်းထွန်း
ဒီဇင်ဘာ ၃၁၊ ၂၀၁၇။
ချစ်အစ်မများ မခိုင်၊ မမီး
Penang Malaysian Restaurant, Edison, New Jersey

5 comments:

မီးမီးငယ် said...

ကိုယ်ကမျက်စိတလည်လည်
၂လအတွင်းရခဲ့လို့
ခက်ခဲတယ်ဆိုတာ
မသိခဲ့တာအမှန်ဘဲဟယ်)

Anonymous said...


hsumyat

San San Htun said...


Anonymous said...

Congratulation nyi ma lay.

San San Htun said...

မီးမီးငယ် said...
ချစ်သောညီမလေးကချသစ်သောအမကြီးများဆိုပြီး
ကိုယ့်အဖွားကြီးပုံကိုလည်းတင်ထားတော့
အမကြီးအဖြစ်တလဲအဖွားကြီးလေးဝင်မန့်အုံးမှ.. း))
နောက်ဆုံးတော့ဂရင်းကဒ်တော့ရပြီ
ကိုယ့်ညီမလေး နဘေးကစစ်မှန်သော
ဖူးစာရှင်ဘဲလိုတော့တယ်..
အဲ့အပိုင်းကိုမျှော်နေမယ်..နော့်
( ဂရင်းကဒ်ကိုရဖို့ခဲယဉ်းတယ်ပြောရင်
ကိုယ်ကမျက်စိတလည်လည်
သူ့ကုမ္မဏီကအခမဲ့လုပ်ပေး
၂လအတွင်းရခဲ့လို့
ခက်ခဲတယ်ဆိုတာ
မသိခဲ့တာအမှန်ဘဲဟယ်)

January 1, 2018 at 5:44 PM
Anonymous said...
ဂျီစီ ခရီးကြမ်းက ရှည်တယ် ဇွဲလုံ့လ ဝိရိယ နဲ့ ဖြတ်သန်းလို့ အောင်မြင်သွားတယ် ဝမ်းလည်းသာတယ် ဂုဏ်လည်းယူတယ် အမရယ်..မမီးငယ်ပြောသလိုပဲ လက်တွဲဖော်အစစ်ကိစ္စကိုလည်းမျှော်နေတယ်သိလား...။ အစစအရာရာအဆင်ပြေ အောင်မြင်ပါစေ အမရယ်..။ စိတ်လည်းချမ်းသာ ကိုယ်လည်းကျန်းမာပါစေ ။

hsumyat
January 2, 2018 at 12:47 AM
San San Htun said...
ဦးရဲ့ J visa က H1B ထက် ပိုမြှင့်တယ် ... ပြီးတော့ ကမ္ဘာသိ နိုင်ငံတကာကုမ္ဗဏီက လျှောက်ပေးတာလေ ကွာတယ် ... လက်တွဲဖောက်ကိစ္စက ကိုယ့်ကို လာမကမ်းတော့ ဘယ်လိုလုပ် လက်တွဲလို့ရမလဲ... ရတာမလို လိုတာမရနဲ့ အပျိုကြီးဖြစ်တော့မယ်ထင်တယ်... အဲ ခုလည်း အပျိုကြီးပဲဟာကို :P
January 3, 2018 at 10:14 PM