နှမတစ်နေ့ မေ့ရစ်မည် ...
Fall foliage hiking, Bear Mountain State Park, New York. Oct 21,2017.
လောကမှာ ကိုယ်လိုချင်သည့် အရာကိုတိကျစွာသိ၍ လိုချင်တာကို ရအောင်ယူလေ့ရှိသော နန္ဒလိုလူစားမျိုးထက်၊ ကိုယ်လိုချင်သည့်အရာကို သိသော်လည်း လိုချင်တာကိုရအောင်ယူဖို့ တွန့်ဆုတ်နှောင့်နှေးသော ဖြိုးလိုလူမျိုးက ပို၍ စိတ်မောပင်ပန်းရလိမ့်မည်ကို တင်တင်ဇော် ရိပ်မိပါသည်။ သို့သော် ကိုယ့်ဘာသာကိုယ် ဘာကိုလိုချင်မှန်း တိကျစွာ မသိသော တင်တင်ဇော်လို လူစားမျိုးကိုတော့ မည်သူမျှ ကိုယ်ချင်းစာလိမ့်မည် မဟုတ်ပါ။
ကိုယ်လိုချင်သည့် အရာကိုတိကျစွာသိ၍ လိုချင်တာကို ရအောင်ယူလေ့ရှိသော နန္ဒလိုလူစားမျိုးကို မြင်တွေ့ခဲ့ဖူးသည်။ တက္ကသိုလ်မှာ တွဲခဲ့သော သူငယ်ချင်းအုပ်စုထဲက သူငယ်ချင်းတစ်ယောက်သည် နန္ဒလိုလူစားမျိုးဖြစ်သည်။ ရည်းစားရှိသော အစ်ကိုကြီးကို သူ့ရည်းစားဖြစ်လာအောင် စွမ်းဆောင်နိုင်သည်။ ကျောင်းတုန်းက တတွဲတွဲ သူလိုချင်တာတွေကို အစ်ကိုကြီးက အစွမ်းကုန် ဖြည့်ဆည်းပေးတာကို သိနေသူမို့ သူတို့ကွဲသွားရင် အစ်ကိုကြီး အနစ်နာခံပေးဆပ်ထားတာတွေ နှမြောစရာကြီးနော်လို့ သူငယ်ချင်းတယောက်ပြောတုန်းက ကိုယ်က သူတို့နှစ်ယောက် ကွဲသွားလိမ့်မည်ဟု ဘယ်သောအခါမှ မတွေးခဲ့။ အခက်အခဲအများကြီးကို ကျော်ဖြတ်ကာ အရူးအမူး ချစ်ခဲ့ကြသော၊ တကျောင်းလုံးသိကြသော သူတို့နှစ်ယောက် ပျော်ရွှင်စွာပေါင်းဖက်ကြလိမ့်မည်ဟုသာ တွေးခဲ့ဖူးသည်။ နိုင်ငံခြားသို့ ကျောင်းတက်ဖို့ ထွက်ခွှာသွားသောအခါ  အစ်ကိုကြီးက သူ့နောက်သို့ လိုက်မှဖြစ်မယ် မလိုက်ရင် ထားခဲ့လိမ့်မယ်ဆိုပြီး အတင်းကြိုးစားကာ လိုက်သော်ငြား  ထိုသူငယ်ချင်းက သူ့လိုနိုင်ငံခြားမှာ ကျောင်းလာတက်ပြီး မိဘအသိုင်းအဝိုင်း တောင့်သောသူကို လက်ထပ်သွားခဲ့သည်။ ထိုသူငယ်ချင်းနှင့် နှစ်ခေါက်ဆုံတွေ့ခဲ့သော်လည်း အလိုက်တသိ အစ်ကိုကြီးအကြောင်း မမေးမြန်းခဲ့။ မြန်မာများဆုံလေ့ရှိသောနေရာတွင် အစ်ကိုကြီးနှင့် အမှတ်မထင် ဆုံသောအခါ ရထားမှာ ဖျပ်ခနဲတွေ့လိုက်တော့ ကျောင်းများလာတက်သလားလို့ တွေးမိသေးတယ် နေကောင်းလား အဆင်ပြေလားဟု အရင်အတိုင်း ရယ်ရယ်မောမော ဖော်ရွေပျူငှာစွာ နှုတ်ဆက်တော့ အဆင်ပြေပါတယ်ဆိုသည့် အလွန်ရိုးစင်းသည့် စကားကိုတောင် အဆင်မပြေ ထစ်ငေါ့စွာဖြေဆိုရင်း မဆီမဆိုင် အားတွေနာ မျက်နှာတွေပူနေခဲ့ဖူးသည်။
ကိုယ်ကတော့ ကိုယ်လိုချင်သည့်အရာကို သိသော်လည်း လိုချင်တာကို ရအောင်ယူဖို့ တွန့်ဆုတ်နှောင့်နှေးသော ဖြိုးလိုလူမျိုးဖြစ်သောကြောင့် စိတ်မောပင်ပန်းရလေသည်။ လွန်ခဲ့သော နှစ်နှစ်တုန်းက အမှတ်မထင် မြင်ခဲ့ရသော မျက်ဝန်းလက်လက်များကြောင့် ယောကျ်ားတစ်ယောက်၏  ဖြစ်တည်မှုကို သတိထားမိသွားသည်။ တခြားယောကျ်ားလေးများနှင့် ဆုံတွေ့တုန်းက  ရင်မခုန်ခဲ့သော်လည်း သူနှင့်အလုပ်အကြောင်း ပြောဆိုကြသောအခါ ရင်ခုန်နေခဲ့သည်။ ထိုမျက်ဝန်းလက်လက်များကို ရက်ပေါင်းများစွာ ကြာသည်အထိ သတိရနေခဲ့သည်။ နှစ်ဦးနှစ်ဖက်မိတ်ဆွေတွေကြောင့် ဖေ့ဘွှတ်တွင် တွေ့သော်ငြား တယောက်ကိုတယောက် မအပ်ဘဲ မိတ်ဆွေတွေ တင်တဲ့ပို့စ်တွေကတဆင့် သူဘာလုပ်သလဲဆိုတာ စောင့်ကြည့်နေခဲ့သည်။ မင်းအကြောင်းတွေ ပြောလိုက်တာများ ရွှန်းရွှန်းကိုဝေလို့ မင်းကိုသဘောကျနေသလားမသိဘူးဆိုသော အသိမိတ်ဆွေ စကားကြောင့် ကိုယ့်ခန့်မှန်းထားတာ မှန်ကန်သည်ဟု ယုံကြည်ခဲ့သည်။ ဖေ့ဘွှတ်မှာများ အပ်လာမလား၊ မတ်ဆေ့၊ အီးမေးလ်များ ရမလားလို့ စောင့်ဆိုင်းခဲ့သော်ငြား ဘာတခုမှမရခဲ့။ မင်း ဖေ့ဘွှတ်ကနေ စောင့်ကြည့်မနေနဲ့ အပ်ချင်လည်းအပ်လိုက် ကွဲကွဲပြားပြား သိရတာပေါ့၊ အသိမိတ်ဆွေတယောက် တိုးတာပေါ့။ မြှောက်ပေးသူတွေကလည်း မြှောက်ပေးကြသည့်အပြင် ကိုယ်ကလည်း ဖေ့ဘွှတ်မိတ်ဆွေ ဖြစ်ချင်သောကြောင့် ကိုယ်ကစပြီး အပ်လိုက်သောအခါ မိတ်ဆွေဖြစ်လာခဲ့သည်။ နှစ်ယောက်စလုံးက ဖေ့ဘွှတ်သိပ်မသုံး ဖော်ရွေပျူငှာသည့်သူတွေ မဟုတ်သောကြောင့် ရင်းနှီးကျွှမ်းဝင်မလာခဲ့။ ကိုယ်က စမေးသည့်အခါမှသာ စကားပြောလေ့ရှိပြီး ပြောလိုက်ရင်လည်း အလုပ်အကြောင်း။
ကိုယ်တို့နှစ်ယောက်ကြား အလုပ်အကြောင်းမှလွှဲ၍ တခြားပြောစရာမရှိဘူး ထင်ပါရဲ့။ ကိုယ်ကိုတိုင် ပြောပြဖူးသောကြောင့် ကိုယ့်ရုံးလိပ်စာကို သူသိသည်မှာ သေချာပါသည်။ ကြုံကြိုက်တဲ့သဘောနဲ့ ကိုယ့်ရုံးရှေ့ သူလာမှာလားလို့ မျှော်လင့်ခဲ့သော်ငြား မျှော်လင့်ချက်များ ဘယ်သောအခါမှ ပြည့်ဝမလာခဲ့။ ဖေ့ဘွှတ်မှ ဒေါင်းလုပ်ချထားသော သူ့ဓာတ်ပုံတွေထဲမှ အလှဆုံးပုံဟု ကိုယ်ထင်သည့် သူ့ဓာတ်ပုံကို အလွမ်းဖြေကြည့်ရင်း သူ ကိုယ့်ကိုသတိရနေမလား၊ ဘာတွေလုပ်နေသလဲဟု မေးသောအခါ RL တံဆိပ် ကာကီဖျော့ရောင် ပိုလိုအင်္ကီျ၊ လက်ပတ်နာရီအကြီးကြီး ဝတ်ဆင်ထားသောသူက ခပ်တည်တည် မျက်နှာပေးနဲ့ မပြုံးမရယ် ကြည့်နေခဲ့သည်။ သူ မင်းကို မချစ်ပါဘူး ရင်ခုန်တာပါ သူ မင်းကို တကယ်ချစ်ရင် မင်းအနား မရောက်ရောက်အောင် လာမှာပေါ့ဟု  ပြောခဲ့ဖူးသော သူငယ်ချင်း၏စကား အချိန်ကြာလာသည်နှင့်အမျှ မှန်ကန်လာခဲ့သည်။ ရင်ခုန်တာကို အချစ်ဟု ထင်မိသောကိုယ် သူကိုယ့်ကိုမချစ်ဘူးဆိုတာ ရင်နာနာနှင့် လက်ခံလိုက်ရတော့သည်။ ဘဝဆိုတာ ဒီလိုပါပဲ ကိုယ်မျှော်လင့်ထားသလို ကိုယ်ဖြစ်ချင်သလို ဖြစ်ချင်မှဖြစ်လာမှာ။ သူ မင်းကို မချစ်လို့ မင်းဘာမှဖြစ်မသွားဘူး မင်းဟာ ထက်မြက်တဲ့ ကိုယ့်ခြေထောက်ပေါ် ရပ်တည်နိုင်တဲ့ ကိုယ့်အားကိုယ်ကိုးတဲ့ မိန်းကလေးတယောက် မင်းကိုမချစ်တဲ့သူတယောက်အတွက် မင်းတန်ဖိုးရှိတဲ့အချိန်တွေကို အကုန်မခံပါနဲ့။ ဝမ်းဂိုး တူးကမ်း တယောက်သွားရင် နှစ်ယောက်လာမှာပေါ့။ ရွေးချယ်ခွင့် သိပ်နည်းတဲ့ မိန်းမသားတွေရဲ့ ဘဝမှာ တတ်နိုင်သမျှ ကြိုးစားအားထုတ်ခဲ့သော်ငြား ဆုံစည်းဖို့ကံကြမ္မာ၊ ရေစက်မှ မရှိတာဟု ကံကိုသာ ပုံချလေရမလား။ တနေ့နေ့ တချိန်ချိန်မှာ ကိုယ်ရင်ခုန်ဖူးတဲ့ကောင်လေးဆိုပြီး ရယ်ရယ်မောမော ပြောဆိုနေမလား။ ကြည်အေးရဲ့ မောင် ကိုကို မြနန္ဒာဝထ္ထုထဲက ကဗျာလေးအတိုင်း နှမတစ်နေ့ မေ့ရစ်မည်မှာ အသေအချာ။
နေရှိန်ဝင်းဝင်း၊ နေ့ကြည်လင်းမူ
ဖန်ဆင်းလိုက်သော၊ နှင်းဆီတော၌
မက်မောရိပ်သာ
မောင်လာချင်လဲ၊ လာခက်ခဲ၏။
လက်တွဲသိမ်းပွေ့၊ ကြင်မွေ့ခေါ်ငင်
မက်မောခင်မည်၊ မထင်ဝံ့စား
စကားမသွက်၊ ဖွင့်ဟခက်ခဲ့
မြေအက်ကြားမှ၊ မြက်ပွင့်မျှသာ
နှမတစ်နေ့၊ မေ့ရစ်မည်။
စန်းထွန်း
ဇန်နဝါရီ ၃၁၊ ၂၀၁၈။
(ကိုးကား - ဂျူး - ကြာတော့သည်လည်း မောင့်စကား၊ မြစ်တို့၏ မာယာ)
ဘာမီးကလပ်စစ် ဒီနေရာ ကနေ ကြာတော့သည်လည်း မောင့်စကား၊ ဒီနေရာ ကနေ မြစ်တို့၏မာယာ တို့ကို ဒေါင်းဖတ်လို့ရပါတယ်။ ကြည်အေးရဲ့ မောင် ကိုကို မြနန္ဒာ ဝထ္ထုဖတ်ချင်လို့ အွန်လိုင်းကနေ ဖတ်လို့ရမယ့်နေရာရှိရင် လမ်းညွှန်ပေးကြပါဦး။
4 comments:
Anonymous said...
http://kyiaye-literature.blogspot.sg/2012/10/blog-post_24.html
အဲမှာဖတ် အမစန်းထွန်း
ဟီးးး
ဆုမြတ်
Anonymous said...
Thinzar
San San Htun said...
San San Htun said...
Anonymous said...
အဲမှာဖတ် အမစန်းထွန်း
သူမချစ်ဘူးလို့ထင်နေတာ သေချာရဲ့လားဟင် ။ ပြီးတော့ ကိုယ့်ခံစားချက်ဆိုတာကို သူသိအောင် အရိပ်အမြွက်မှ ပြဖူးရဲ့လား ။ တချိူ့လူတွေက သိပ်မသိဘူး... born to be လူပြိုကြီး...အဲဒါမျိူးတွေရှိတတ်တယ်...။ မနီးမဝေးမှာရှိတဲ့ တောင်တစ်ခုကို အတူတူသွားတတ်တာမျိူးလောက်တော့ လုပ်ကြည့်စေချင်သေးတယ်..။ ခေါ်ကြည့်လိုက်ပါ...။ စကားတွေအများကြီးပြောကြည့်လေ..။ အလုပ်တွေခဏမေ့ပြီး ဆွေမျိူးတွေအကြောင်း ၊သူငယ်ချင်းတွေအကြောင်း ၊ Fair Field က ကျောင်းသူဘဝအကြောင်း ၊ စင်ကာပူမှာတောင်တက်တဲ့အကြောင်းပြောပါ့လေ့ ...အဲလိုမှမဟုတ်ရင် သာမီးကို လေယဉ်လက်မှတ်ပို့ပေး...အောင်သွယ်လာလုပ်ပေးမယ်..။
နှလုံးသားချင်းနီးစပ်စေချင်သူ တစ်ဦး
ဟီးးး
ဆုမြတ်
January 31, 2018 at 9:08 PM
Anonymous said...
ချစ်သောသူနဲ့ ဆုံရပါစေ
Thinzar
February 1, 2018 at 9:43 PM
San San Htun said...
ဆုမြတ် း ကြည်အေးဘလော့ ညွှန်ပေးတာ ကျေးဇူးအရမ်းတင်...အကုန်သွားဖတ်ဦးမယ်...လေယာဉ်လတ်မှတ်ဖိုး စုလိုက်ဦးမယ်...နောက်မှပို့လိုက်မယ်...အောင်သွှယ်လာလုပ်ပေးနော်...:)
သဉ္ဖာ း ပေးတဲ့ဆုနဲ့ ပြည့်ပါစေ...
February 4, 2018 at 8:50 PM