ဖန်သားနန်းတော်...

ဖတ်ပြီးကတည်းက စိတ်ထဲ မှတ်မှတ်ရရ ရှိနေတဲ့ စာအုပ်လေးပါ။ အဲဒီစာအုပ်ကို ညွှန်းဦးမယ်လို့ တေးထားပေမဲ့ မေ့မေ့ပျောက်ပျောက် ဖြစ်နေရာကနေ တနင်္ဂနွေနေ့က နယူးဂျာဆီပြည်နယ် ဂျာစီစီးတီးမြို့ Open Art Studios လမ်းလျှောက်ပွဲမှာ အိန္ဒိယနွယ်ဖွား အမျိုးသမီးနဲ့ စကားစပ်မိကြရင်း ကျွန်မက မြန်မာကဆိုတော့ ဟယ် မြန်မာကလား... မြန်မာကို သိလား...မသိဘဲ ဘယ်နေပါ့မလဲ အောင်ဆန်းစုကြည်ဆိုတာ ကိုယ် အရမ်းလေးစားတဲ့ အမျိုးသမီး... မြန်မာပြည်ဆိုတာ ကိုယ် သိပ်သွားချင်တဲ့ တိုင်းပြည်...The Glass Palace ဝထ္ထုကြောင့် မြန်မာပြည်ကို ပိုစိတ်ဝင်စားသွားစေတယ်...ကိုယ်တော့ တနေ့နေ့ မြန်မာပြည်ကို ရောက်အောင် သွားမယ်လို့ စိတ်ကူးထားတယ်...The Glass Palace ကို ဘယ်သူရေးတာလဲဟင်...Amitav Ghosh အမီတာဂို့ချ်...မြန်မာပြည်ရဲ့ နောက်ဆုံးမင်း ရတနာဂီရိကို နယ်နှင်ခံရတဲ့အကြောင်းကနေ စပြီးတော့လေ...။

အိုး... သိပြီ ဘင်္ဘောပေါ်မှာ မိသားစုဝင်တွေ အကုန်လုံးသေသွားလို့ တကောင်ကြွက်ဖြစ်သွားတဲ့ ရာ့ချ်ကူးမား မန္တလေးကို ရောက်နေတုန်း သီပေါမင်း သမီးတော်တွေရဲ့ အထိန်းတော် အပျိုတော် ဒေါ်လီကို ပါတော်မူချိန်မှာ တွေ့ပြီး စွဲလမ်းခဲ့...နောက် ရန်ကုန်မှာ သူ့ဆရာဂျွှန်နဲ့တွေ့...သစ်ကုန်သည်ဖြစ်...လယ်ကူလီတွေကို မြန်မာပြည်ခေါ်သွင်း...ဒေါ်လီနဲ့များ ပြန်ဆုံတွေ့လေမလား မျှော်လင့်ချက် ရေးရေးလေးကို ဆုပ်ကိုင်လို့ မိတ်ဆွေ ဥမ္မာ့ အကူအညီနဲ့ သီပေါမင်းတို့ကို ဝင်ဂါဝရပြုတော့ ဒေါ်လီနဲ့ ပြန်ဆုံ...နောက် သမီးတော်တွေကို သံယောဇဉ်တွယ်ပြီး မခွဲနိုင်ဖြစ်နေတဲ့ ဒေါ်လီကို နားချစည်းရုံးပြီး ဇနီးအဖြစ်နဲ့ မြန်မာပြည်ကို ပြန်ခေါ်လာ၊ မလေးရှား ပီနန်က ဆရာဂျွှန်ရဲ့ ရာဘာစိုက်ခင်း၊ အမေရိကန်သွေးတဝက်ပါတဲ့ ဆရာဂျွှန် မြေးမလေးတွေ၊ ဂျပန်တွေ ဝင်တော့ အိန္ဒိယဆီ ပြေးကြတာတွေ၊ သားအငယ်က မြန်မာပြည်မှာ ကျန်ခဲ့ပြီး ဂျပန်တွေတိုက်ထုတ်ဖို့ လွတ်လပ်ရေးတပ်မတော်ထဲ ဝင်၊ ရန်ကုန်မှာ နေရစ်ခဲ့တဲ့ ဦးလေး (ဒေါ်လီနဲ့ကူးမာရ်တို့ သားငယ်) ကို တူမဖြစ်သူကက လာတွေ့ဆုံ...အိုး အင်မတန် ကောင်းတဲ့ စာအုပ်လေးမို့ မှတ်မှတ်ရရ ရှိတယ်။

ရေကန်သာ ကြာတိုင်းအေး မြန်မာနာမည်ကိုပဲ စွဲနေတာမို့ မူရင်းနာမည် The Glass Palace ကို ချက်ချင်း မမှတ်မိတာ။  ဆရာနေဝင်းမြင့်က အမီတာဂို့ချ်ဆီမှာ ဘာသာပြန်ခွင့် တောင်းပြီးမှ ဘာသာပြန်တယ်လို့ ဆရာ့အမှာစာမှာ ရေးထားပါတယ်။ ဖန်သားနန်တော်အစား ဘာလို့ ရေကန်သာ ကြာတိုင်းအေးလို့ နာမည်ပေးထားတဲ့အကြောင်း ဆရာ့အမှာစာမှာ ရှင်းပြထားပါတယ်။ အဲဒီဘာသာပြန်စာအုပ်နဲ့ပဲ ၂၀၁၀ ဘာသာပြန် (ရသ) အမျိုးသားစာပေဆု ရပါတယ်။ အဲဒီစာအုပ်ကို ဘားမီးကလပ်စစ် စာအုပ်စင် ဒီနေရာ မှာ ဒေါင်းယူနိုင်ပါတယ်။ ဒီပို့စ်လေး ဖတ်ပြီးတော့ ချက်ချင်းဒေါင်းဖတ်ရင်ပဲဖြစ်ဖြစ်၊ နောက်မှ ဖတ်ဦးမယ် ဖတ်စရာ တစ်ခုတိုးပြီလို့ တွေးရင်ပဲဖြစ်ဖြစ် တကယ်လို့များ ဖတ်ဖြစ်ခဲ့ရင်...


ဖန်သားနန်းတော်ဝထ္ထုနဲ့ လုံးဝမသက်ဆိုင်တဲ့ Black Hole ရဲ့ ဖန်သားနန်းတော် သီချင်းလေးပါ။


စန်းထွန်း
အောက်တိုဘာ ၂၁၊ ၂၀၁၄။

ပြေးရလွှားရ ကျွန်မဘဝ - ၂

ဘလော့ဂါ ဆုမြတ်မိုးက အစ်မလည်း ရခိုင်ပဲကိုး နာမည်ကြည့်တော့ ထင်တော့ထင်သားတဲ့။ ဗမာတွေထဲမှာ ကျွန်မနာမည်လို မိန်းကလေးနာမည်မှည့်တာ ရှားတယ်။ ကျွန်မနာမည်က မိန်းမ  မဆန်ဘူး (နာမည်တင် မဟုတ်ပါဘူး လူကပါ မဆန်ဘူး) ။ လှည်းတန်းက ဆရာဦးမြကြိုင် အင်္ဂလိပ်စာ သင်တန်းကျောင်း တက်တုန်းက အစ်မ နာမည်ခေါ်တယ် ထင်လို့ လှည့်ကြည့်လိုက်တိုင်း ညီမကို ခေါ်တာ ဖြစ်နေတယ်တဲ့။ ကျွန်မ နာမည်က စလုံးကို မသတ်နဲ့ စမ်းတာ မဟုတ်ဘူး နသတ်နဲ့ စန်းတာ။ ဟုတ်တယ် အစ်မနာမည်လည်း စလုံးကို နသတ်နဲ့စန်းတဲ့ စန်းစန်းထွန်း။ အဲဒီတစ်ခါပဲ ကျွန်မ နာမည်နဲ့တူတဲ့ မိန်းကလေးတစ်ယောက် တွေ့ဖူးတယ်။ စန်းထွန်းလို့ ခေါ်ကြတော့ မသိရင် အစီအစဉ်တင်ဆက်သူ ဆန်းထွဋ်လိုလို ဘာလိုလိုနဲ့  ယောက်ျားလေးလို့ ထင်ကြတယ်။ ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်တက်တုန်းက အထွန်းလို့ ခေါ်ကြတဲ့ ကောင်လေးကို နောက်ချင်ရင် ဝေက ကျွန်မကို အထွန်းရေလို့ ခေါ်တတ်တယ်။ အထွန်းက လှည့်ကြည့်ရင် အထွန်းကလည်း ခေါ်တာလှည့်မကြည့်ဘူး၊ ဘာဘူးနဲ့ကျွန်မတို့ရော၊ အစခံရတဲ့ အထွန်းပါ ပြုံးစိပြုံးစိကို ဖြစ်ရော။

ဂုဏ်ထူးတန်းမှာ အသစ်ရောက်လာတဲ့ ချင်းကောင်လေးရဲ့ နာမည်က ခင်စန်းလျံ။ ခင်စန်းလျံ အနားကနေ ဖြတ်သွားရင် ဝေက စန်းထွန်း ခင်စန်း မတွေ့ပါလားလို့ ပြောရင် ခင်စန်းလျံမှာ သူ့ကို ပြောတာလား၊ တခြားတစ်ယောက်ကို ပြောတာလား ကြောင်တောင်တောင်ဖြစ်။ သြော် နင့်အစ်မ မခင်စန်းကို မေးတာလေ လို့ ဝေက ပြောရင် ကျွန်မတို့က ပြုံးစိပြုံးစိ။ ကျွန်မ သူငယ်ချင်း ဝေက အဲဒီလို ပြောင်စပ်စပ်လေး။ စင်္ကာပူအမျိုးသားတက္ကသိုလ် ဝင်ခွင့်ရတော့ ကျောင်းသွားတက်ကြမဲ့သူတွေ အချင်းချင်း သတင်းတွေ ဖလှယ်ကြတော့ ကိုကြီးရေဆိုပြီး အီးမေးလ်ပို့လာသူက စိုင်းအောင်မင်း။ ခပ်တည်တည်နဲ့ညီလေးရေဆိုပြီး အီးမေးလ်ပြန်လိုက်တယ်။ ဂျီတော့မှာ တင်ထားတဲ့ ကောင်မလေးဓာတ်ပုံကို ကိုကြီးကောင်မလေးပုံလို့ ထင်နေတာတဲ့။ ကျောင်းတက်ပြီး အတော်ကြာတော့မှ မိန်းကလေးမှန်း သိသွားတယ်။ ခုထိ ကိုကြီး၊ ညီလေး ခေါ်ကြတုန်း။ ဘလော့စရေးခါစတုန်းက ဒိုင်ယာရီကောင်းလေးပဲ ညီလေးရလို့ ကညိမ်းနိုင်က စီဘောက်မှာ ရမ်းတုတ်သွားဖူးတယ်။ ထင်လည်းထင်ချင်စရာ နာမည်က ယောကျာ်းလေးနာမည် ရေးဟန်ကလည်း ယောကျ်ားလေးလို တဗျာဗျာနဲ့ကိုး။

ကျွန်မ နာမည်ကို ဗေဒင်ဆရာတွေနဲ့ နေ့သင့်နံသင့် တွက်ချက်ပေးထားတာ မဟုတ်ပါဘူး။ အမေတို့ရွာကကျောင်းကို တာဝန်ကျတဲ့ ဆရာမလေး နာမည်က စန်းစန်းထွန်း (ရခိုင်လို စန်းစန်းထွမ်း လို့ အသံထွက်တယ်)။ ဟယ် ဆရာမလေး နာမည်က လှလိုက်တာဆိုပြီး ကျွန်မကို နာမည်ပေးလိုက်တာတဲ့။ တော်သေးတာပေါ့ ခုဖတ်နေတဲ့ သော်တာဆွေရဲ့ ဤလူ့ပြည် ဝထ္ထုထဲက ဇာတ်လိုက်ဦးစိန်မြိုင်ရဲ့ ကလေးနှစ်ယောက်နာမည်က ဇာတိပ်ဖို၊ ဇာတိပ်မ။ ဘာလို့ အဲဒီနာမည်ပေးတာလဲဆိုတော့ ငယ်ငယ်က နေမကောင်းဖြစ်တိုင်း ဇာတိပ်ဖိုသီးတွေ ကျွှေးမှ ကောင်းသွားလို့တဲ့။ တောနယ်မှာတော့ နာမည်ဆိုတော ဗေဒင်တွေနဲ့အသေအချာတွက်ချက် နေ့သင့်နံသင့် မှည့်တာမျိုးမဟုတ်ပဲ ဒီလိုပဲ ကြုံမိကြုံရာ စပ်မိစပ်ရာ ပေးလိုက်ကြတာပါပဲ။ စလုံးနဲ့ စတယ်ဆိုတော့ အင်္ဂါသမီးလို့ မထင်လိုက်နဲ့ ဗုဒ္ဓဟီး..အဲလေ ရာဟု ဗုဒ္ဓဟူးနေ့ ညဖက်မွေးတာ ဗုဒ္ဓဟူးသမီး အသက် ၁၂၀ ရှည်စေသောဝ်လို့အဆုံးသတ်ထားတဲ့ ပေကညစ် ဇာတာချုပ် ရှိတယ်။

အဲဒီဇာတာချုပ်တောင် နာဂစ်နဲ့ ပါသွားပြီးလားမသိ အဖေ့ကို ပြန်ပေးရဦးမယ်။ ပေကညစ် ဇာတာချုပ်တို့၊ ကျွန်မတို့ ငယ်ငယ်တုန်းကသုံးတဲ့ ရေနံဆီ မီးထွန်းအိမ်တို့ကို အသေအချာ သိမ်းထားခိုင်းရဦးမယ်။ တလောက လမ်းလျှောက်အဖွဲ့နဲ့ စတေတန်းအိုင်လန် Staten Island ရင့်စ်မွန်တောင်း Richmontown က ကိုလိုနီယမ်ရွာ Colonial village ကို သွားလည်တော့ ပြတိုက်မှာ ရေနံဆီ မီးထွန်းအိမ် အမျိုးမျိုးကို ပြထားတယ်။ အမေက တနင်္ဂနွေ၊ မကြီးက အင်္ဂါ၊ ကျွန်မက ဗုဒ္ဓဟူး အကောင်ကြီးသလို စိတ်ကြီးကြတယ်။ သောကြာသား အဖေနဲ့ မောင်မောင်က စိတ်ပျော့တယ်။ အဖေ ဆူလို့ သားသမီးတွေက မျက်နှာမကောင်း၊ ထမင်းမစားဘူးဆိုရင် ဆူတဲ့အဖေကိုယ်တိုင် လိုက်ချော့တော့ သားသမီးတွေက အဖေ့ကို မကြောက်ကြဘူး။ လိုချင်တာ အဖေ့ဆီ ပူဆာကြတယ်။ အမေက မျက်ရည်လွယ်ပေမဲ့ စိတ်အင်မတန် ပြတ်တယ်။ ကျွန်မဇာတိ ဟိုင်းကြီးကျွှန်းက မြန်မာပြည်မြေပုံရဲ့ အနောက်တောင်ဖက်စွန်းစွန်း ဧရာဝတီတိုင်း ငပုတောမြို့နယ် ပြင်ခရိုင်အုပ်စု ရွာကြီးတရွာပါ။ ခုတော့ ဟိုင်းကြီးမြို့နယ် ဟိုင်းကြီးကျွှန်းမြို့ဖြစ်လို့ တိုက်နယ်ဆေးရုံ၊ ဆက်သွယ်ရေးရုံး၊ အစိုးရရုံးတွေ ရှိနေပြီ။


ဟိုင်းကြီးဆိုတာ ဟိုင်းဆင်ကြီးလို့ အဓိပ္ဗာယ်ရပါတယ်။ ဟိုင်းကြီးကျွှန်းကို အဝေးကနေကြည့်ရင် ဆင်တစ်ကောင် ဝပ်နေတာနဲ့တူတယ်လို့ ပြောကြတယ်။ ကျွန်မတို့ ငယ်ငယ်တုန်းက ပိုက်ဆံအကြွေစုဖို့ ဆင်ရုပ်လေးဝယ်တော့ ကျွှန်းမှာ ဆင်ရုပ်မတင်ရဘူးလို့ ရှေးမှီနောက်မှီ လူကြီးတွေက ပြောလို့ လွှင့်ပစ်လိုက်ရဖူးတယ်။ သစ်ထောင်လွှဆွဲ၊ မီးသွေးဖုတ်၊ လယ်ယာစိုက်ပျိုးကြတဲ့ ဖိုးရွှေပုရွာလေးကနေ ဟိုင်းကြီးကို လှေနဲ့ ပြောင်းကြတော့ အံ့ကျော်ကို လှော်တက်နဲ့ရိုက်လည်း ကျန်မနေခဲ့ဘဲ တော်တော်ဝေးတဲ့ မရမ်းကွင်းရွာနားရောက်တဲ့အထိ လှေနောက်ကနေ ရေကူးရင်း လိုက်ခဲ့ပါသတဲ့။ သြော် အံ့ကျော်ဆိုတာ အဖေရဲ့တောလိုက်ခွေး မကြီးနဲ့သက်တူရွယ်တူ။ အံ့ကျော်ဆိုတာ ကျွန်မတို့ ငယ်ငယ်တုန်းက နာမည်ကြီး လူကြမ်းမင်းသား။ ဘိုးဘိုးရဲ့ တောလိုက်ခွေး နောက်တစ်ကောင်နာမည်က မေဆွိတဲ့။ နောက်တစ်ကောင်သာ ထပ်မွေးရင် ဟေမာနေဝင်းလို့ နာမည်ပေးကြမလား မသိဘူး။ အဲဒီခေတ်ကမို့လို့ ခုခတ်သာဆိုရင် အွန်စော၊ ဂျွှန်စော၊ ရောင်ဂျေးလို့ နာမည်ပေးကြမယ် ထင်တယ်။

အဖေ၊ မကြီး၊ ဘိုးဘို့တို့ ပြောပြလို့သာ အံ့ကျော်ဆိုတာ ကြားဖူးနေတာ ဘယ်လိုပဲတွေးတွေး ရေးရေးလေးမှ မမှတ်မိဘူး။ ဘိုးဘိုး အိပ်ပျော်နေတုန်း မြွေက ပေါက်တော့မလို့ ခွေးကဟောင်ပြီး လိုက်တော့မှ မြွေကထွက်ပြေးသွားလို့ သူ့အသက်ကို ခွေးက ကယ်တာလို့ ကျွန်မတို့ကို ပြောပြဖူးတယ်။ ကျောင်းနားက ကုန်းပေါ်အိမ်က မကောင်းဘူး၊ အိမ်ခိုက်တယ်လို့ အမေက ယူဆတယ်။ ပါလာသမျှ ပိုက်ဆံတွေလည်းကုန်၊ ကျန်းမာရေးမကောင်း၊ အမှုအခင်းဖြစ်။ နောက်တော့ ကမ်းနားအိမ်လို့ ကျွန်မတို့ ခေါ်ကြတဲ့ သီတာလမ်းအိမ်ကို ပြောင်းတယ်။ မောင်မောင့်ကို အဲဒီအိမ်မှာ မွေးတာပါ။ သူနာပြု သားဖွားဆရာမ ဒေါ်မာမာသက် သွားခေါ်နေတာကို မစောင့်နိုင်တဲ့ မောင်မောင်က သူ့ဘာသာသူပဲ  ရောက်လာခဲ့တယ်။ မကြီးနဲ့ ကျွန်မကြားမှာ  ယောက်ျားလေးတစ်ယောက် မွေးခဲ့ပေမဲ့ အာဇိနာလို့ခေါ်တဲ့ ပါးစပ်ထဲမှာ အနာတစ်မျိုး ပေါက်လို့ နို့မစို့နိုင်၊ တောမို့ ဆရာဝန်လည်း မရှိတော့ မသေသင့်ဘဲ သေသွားရတယ်လို့ အမေက နှမြောတသဖြစ်တယ်။

အဲဒီအစ်ကိုသာ အသက်ရှင်နေသေးရင် ကျွန်မနဲ့မကြီးက တဖက်၊ မောင်မောင်နဲ့ အဲဒီအစ်ကိုက တစ်ဖက် နောင်ဂျိန် ချကြမလားဘဲ။ ခုတော့ အဖေ၊ အမေ၊ မကြီးနဲ့ ကျွန်မက တဖက်၊ မောင်မောင်က တယောက်တည်း။ မောင်မောင်ကို နာမည်ပေးတဲ့အခါ ဗေဒင်ဆရာ၊ ဦးရှင်ကြီး ဆွမ်းပင့်ဆရာ ဦးအောင်မြတ်နဲ့ တွက်ချက်ပြီး အောင်ကျော်သူလို့ နာမည်ပေးတယ်။ နောက် သက်နိုင်ထွန်းလို့ ပြောင်းတယ်။ မျက်လုံးပြူးပြူးလေးမို့ ပြူးကျယ်လို့ ခေါ်ကြရင် အမေက သူ့သားကို အဲဒီလို ခေါ်ရတာ မကြိုက်ဘူး။ ဦးအောင်မြတ်က ဒီကလေးကြောင့်ပဲ စီးပွားတက်မယ် ဒီကလေးကြောင့်ပဲ ပိုက်ဆံကုန်မယ်လို့ ဟောလိုက်တယ်။ သူ့မွေးပြီးမှ စီးပွားရေး အဆင်ပြေတာရော၊ ယောကျာ်လေး အငယ်ဆုံးမို့ မောင်မောင် တောင်းသမျှ အကုန်ရတယ်။ သေနတ်ဆိုတာများ ခြင်းတောင်းနဲ့အပြည့်။ တပေါင်းလ မောင်တင်ဘုရားပွဲမှာ သူ့ထက်ကြီးတဲ့ သေနတ်ကြီးကို လွယ်ပြီး ပေစောင်းစောင်းနဲ့ ကြည့်နေတဲ့ ဓာတ်ပုံ အိမ်မှာရှိသေးရဲ့လားမသိ။ သေနတ် တအားကြိုက်လို့ ကြီးလာရင်တော့ ဒီကောင် စစ်ဗိုလ်ဖြစ်မလားဟလို့ တွေးကြတာ တက်တက်စင်အောင် လွဲတယ်။ မောင်မောင်က စစ်တပ်ထဲ လုံးဝလုံးဝ မဝင်ဘူးတဲ့။

ကမ်းနားလမ်းမှာ နေတုန်းက အတော်ပျော်ဖို့ကောင်းတယ်။ ကျောင်းကဆင်းရင် ကျူရှင်သွား ကျူရှင်က ဘာသာစုံသင်တာ အိမ်စာတွေလုပ်၊ စာကျက်၊ စာအံ။ ကျူရှင်ကဆင်းရင် လွယ်အိတ်ဘုန်းကနဲချပြီး ဆော့ကြတော့တာ။ အဲဒီတုန်းက စက်ဘီး၊ ဆိုင်ကယ်၊ ကား မရှိတော့ လမ်းမဆိုတာ ကျွန်မတို့ ကလေးတွေ ဆော့ကြတဲ့ ကစားကွင်း။ ရေတက်ရင် လှေလှော်ကြတယ်၊ စွှန်လွှတ်တယ်၊ လွှင့်ပစ်ထားတဲ့ ဓနိတွေနဲ့ တဲအိမ်ဆောက်ကြတယ်။ ရွှေဝါရောင်နဲ့ အနက်ရောင် ဝက်ကလေးနှစ်ကောင် မွေးတယ်။ ဝက်ဆိုတာမျိုးက တစွပ်စွပ် တအိအိစားတော့ အိမ်က ထမင်းရည်နဲ့ မလောက်လို့ အိမ်နီးချင်းတွေဆီက ထမင်းရည် တောင်းရတယ်။ သူများအိမ်က ဝက်တွေကသာ တနေ့ပြီးတနေ့ ကြီးလာတယ် ကျွန်မတို့အိမ်က ဝက်တွေက ဒုံရင်းက ဒုံရင်း ဘယ်လောက်ကျွှေးကျွှေး မဝဘူး။ ဝက်ရောင်းရင်ပဲဖြစ်ဖြစ်၊ ဝက်ပေါ်ရင်ပဲဖြစ်ဖြစ် ထမင်းရည်ပေးတဲ့ အိမ်နီးချင်တွေကို ဝက်တတွဲ ပေးရတယ်။ မကြီးက ဘဲဥတွေကို မီးရောင်နဲ့ ဖောက်လို့ ဓာတ်ဘဲလို့ခေါ်ကြတဲ့ ဘဲကလေးတွေကို အသည်ဆီက ဝယ်ပြီး မွေးတယ်။ ရေတက်ရင် ဘဲကျောင်းရတယ်။ အဲဒီဘဲတွေက ဘဲမရင်ငွေ့နဲ့ပေါက်တဲ့ ဘဲတွေလောက် သက်ဆိုးမရှည်ဘူး။ မကြာပါဘူး အဲဒီဓာတ်ဘဲတွေ သေပါလေရော။

ဘယ်အိမ်က ဘဲတွေမှန်း မသိပါဘူး အိမ်အောက်မှာ လာဥသွားရင် မကြီးက ကျွန်မနဲ့မောင်မောင်ကို ကောက်ခိုင်းပြီး ကြော်ပေးလေ့ ရှိတယ်။ မကြီးက အသန့်ကြိုက်တယ် ကျွန်မနဲ့မောင်မောင်က ရွှံ့တောထဲမှာ ကဏ္ဏန်းလိုက်ဖမ်း၊ ငါးရှိတဲ့ အိုင်ကိုပိတ် ရေကိုခပ်ထုတ်ပြီး အိုင်ပက် (ipad မဟုတ်ပါ) ပြီး ငါးရှာတယ်။ တံတားမှာ ထောင်ထားတဲ့ ဂဏ္ဏန်းထောက်တွေကို ဆွဲကြည့်ပြီး ဂဏ္ဏန်းမိမမိ ကြည့်တယ်။ ကျွန်မ ငယ်ငယ်တုန်းက ရေနွေးအကြမ်းခွက် အမြဲဆေးတယ်။ ကြွေရေနွေးကြမ်းခွက်တွေ ကွဲမှာစိုးလို့ မဆေးပါနဲ့ပြောလည်း မရဘူး ဆေးမြဲဆေးဆဲ ခွဲမြဲခွဲဆဲ။ ကြည့် ကျွန်မက ငယ်ငယ်ကလေးတည်းက အဲဒီလို ခေါင်းမာတယ်။ ကိုယ် လုပ်ချင်တာဆို စွတ် တားလို့မရဘူး။ မကြီးက ၈ တန်းကျောင်းသူ အပျိုပေါက်၊ကျွန်မနဲ့မောင်မောင်က မျောက်ရှုံးအောင် ဆော့ကြတဲ့အရွယ်ဆိုတော့ မောင်မောင်နဲ့ကျွန်မက ပိုတွဲဖြစ်တယ်။ ကမ်းနားအိမ်သစ်က မရမ်းကွင်းဖက်က ပျဉ်းကတိုးတွေကို မှာပြီး အသေအချာ ဆောက်ထားတာ။ အပေါ်ထပ်ဆို တစ်ခြမ်းပဲ ခင်းရသေးတယ်။ ဗိုလ်ချုပ်ထွန်းကြည်လာတော့ ဒီကမ်းနားကအိမ်တွေ ရွာအလှဖျက်တယ် ရွာသစ်ကို ဘယ်နှစ်လအတွင်း အပြီးပြောင်းလို့ အမိန့်တစ်ချက် ပေးလိုက်တာနဲ့ အပေါ်ထပ်တခြမ်းတည်း ခင်းရသေးတဲ့၊ ပျဉ်းကတိုးနဲ့ အသေအချာ ဆောက်ထားတဲ့အိမ်ကို ဖျက်ပြီး ဟိုင်းကြီးရွာသစ်လို့ အမည်တွင်တဲ့၊ တပ်မြေမကျူးကျော်ရလို့ ဆိုင်းဘုတ်ထောင်ပြီး သိမ်းလိုက်တဲ့ လယ်ကွင်းတွေမှာ ရွာတည်ထားတဲ့၊ ဘာဆို ဘာအပင်မှ မရှိတဲ့ ကွင်းပြင်ပြောင်ပြောင်က ရွာအသစ်ကို ပြောင်းရရော။

(ဆက်ပါဦးမည်)
စန်းထွန်း
‌အောက်တိုဘာ ၁၅၊ ၂၀၁၄။

ပြေးရလွှားရ ကျွန်မဘဝ - ၁

ကျွန်မ ငယ်ငယ်တုန်းက ဖတ်တဲ့ မဂ္ဂဇင်းတွေထဲမှာ မဟေသီမဂ္ဂဇင်းကို အကြိုက်ဆုံး။ ဆရာမကြီး ပတ္တမြားခင်ရဲ့ အတိတ်လမ်းကို ပြန်လျှောက်ခြင်း၊ ကင်မရာကိုင်ခဲ့ရသော ကျွန်မ အခန်းဆက်ဆောင်းပါးတွေကို ကြိုက်လွန်းလို့ လစဉ်စောင့်ဖတ်ခဲ့ဖူးတယ်။ ဆရာမကြီးလို ကင်မရာ မကိုင်ခဲ့ရပေမဲ့ ပြေးရလွှားရလွန်းလို့ ပြေးရလွှားရ ကျွန်မဘဝလို့ ပို့စ်နာမည်ပေးထားပါတယ်။ မနေ့က  ကျွန်မတို့ ငယ်ငယ်တုန်းက အကြောင်းတွေကို မကြီး ပြောပြတော့ ဇာတိမြေကို သတိရမိရင်း ရေးစရာတစ်ခုတော့ ရပြီလို့ တွေးမိတယ်။ စာရေးတယ် ဆိုတာကလည်း ရေးချင်တဲ့ အိုင်ဒီယာ၊ ရေးချင်တဲ့ အချိန်၊ ရေးချင်တဲ့စိတ် ရှိပါဦးမှ။ ဟိုင်းကြီးကျွှန်းမှာ အခြေချနေပြီ ဖြစ်ပေမဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် စနဲမင်းပြင်ရွာ အမေ့ဇာတိမြေကို ပြန်နေတဲ့နှစ်မှာ ကျွန်မကို မွေးခဲ့ပါတယ်။ ခြောက်လသမီးအရွယ်နဲ့ ဟိုင်းကြီးကို ပြန်ခဲ့ပြီး အဘွားဆုံးလို့ ကျွန်မ ၇၊ ၈ နှစ်အရွယ်မှာ အမေ့ဇာတိမြေကို တစ်ခေါက်ရောက်ပြီးကတည်းက မရောက်တော့တာ အခုထက်ထိပါပဲ။ မကြီးကတော့ ဆယ်တန်းအောင်ပြီးစမှာ ဘေးချေ (ဦးလေး) နဲ့ အဖေ၊ အမေတို့ဇာတိမြေကို ရောက်ခဲ့ဖူးတယ်။

အမေ့ဇာတိမြေကို သွားရတဲ့ ခရီးက အဝေးကြီး။ ဟိုင်းကြီးကနေ ပုသိမ်ထိ သင်္ဘောတနေ့စီး၊ ပုသိမ်ကနေ ရန်ကုန်ကို သင်္ဘောစီး။ ရန်ကုန်ကနေ ပြည်၊ တောင်ကုတ်ထိ ကားစီး၊ တောင်ကုတ်ကနေ စနဲအထိ သင်္ဘောစီး၊ စနဲကနေ အမေ့ရွာအထိ လမ်းလျှောက်။ ရိုးတောင် (ရိုးမတောင်) က အင်မတန် မက်တယ်၊ ကားလမ်းက ကျဉ်းကျဉ်းလေး တဖက်မှာ တောင်၊ တဖက်မှာ ချောက်။ အရိုးခိုက်ခိုက်တုန်အောင် အေးတယ်။ တောင်ပေါ်မှာ အိပ်နေတုန်း သတင်းကြားတာက ကားတစီး ချောက်ထဲကျသွားလို့တဲ့။ မနက်ဖက် ကောက်ညှင်းပူပူကို ပဲပြုတ်၊ ထန်းညက်ရည်နဲ့ ဆမ်းစားတာ တကယ်ကောင်းတယ်။ မုန်လာချည်ဖတ် နီနီ အကြီးကြီးတွေ။ အမေ့တို့ ရွာနားက ချင်းရွာတစ်ရွာကို ဖြတ်တော့ လူတွေ ရုတ်စုရုတ်စုနဲ့ ဘာလုပ်နေတာလဲဟင်လို့ အမေ့ကို မေးတော့ သွားကြည့်ချေတဲ့။ မောင်မောင်က ပြေးလာပြီး အမေ့ရေ ခွေးကလေးကို ဖင်ကနေ တုတ်နဲ့ထိုးပြီး ကင်စားနေတာလို့ သတင်းပို့တယ်။

မောင်မောင်ကတော့ နွားတွေတွေ့တိုင်း နွားတစ်ကောင် ပေးပါလို့ တောင်းတတ်တယ်။ အမေ့ရေးချေ (အဒေါ်) အိမ်မှာ တည်းပေမဲ့ တရွာလုံးက ထမင်းစားဖိတ်လို့ အဲဒီအိမ်မှာတောင် စားလိုက်ရတယ် မရှိဘူး။ အဖေ၊ အမေတို့ရဲ့ လယ်ယာချောင်းဖျားတွေကို သွားလည်ကြတယ်။ လယ်သမားဆိုတာ နေထွက်ကနေ နေဝင်တဲ့အထိ လယ်ကွင်းထဲမှာ နွားနှစ်ကောင်နဲ့ ရုန်းရပေမဲ့ ပြောင်ရောင်ဖို့ထား စားဖို့သောက်ဖို့တောင် အနိုင်နိုင်။ သူရှိတဲ့ ဗမာပြည်ကို လိုက်လာလို့ နို့မို့ အခုလောက်ဆို ပေါက်စမ (ကျွန်မကို ပေါက်စလို့ အမျိုးတွေက ခေါ်တယ်) တို့တော့  လယ်ထဲ ထမင်းတောင်း ပို့နေရပြီလို့ ဘိုးဘိုးက ပြောတတ်တယ်။ ဟုတ်တော့ ဟုတ်ပါတယ် အဖေသာ သူတို့ဇာတိမြေမှာပဲ နေမယ်၊ မကြီးက ပုသိမ်တက္ကသိုလ်မှာ ပျော်နေခဲ့ရင် ကျွန်မတို့တွေ ရန်ကုန်ရောက်ဖြစ်မယ် မထင်ဘူး။ အဖေ၊ အမေတို့ဇာတိမြေမှာ သူငယ်တန်းတက်တဲ့အထိ နေခဲ့တဲ့ မကြီးက မြေးဦးဆိုတော့ နှစ်ဖက်အမျိုးတွေက ချစ်ကြတယ်။

ကျွန်မကတော့ အမေ့ဇာတိမြေမှာ မွေးတယ်ဆိုပေမဲ့ ခြောက်လသမီးအရွယ်ကတည်းက ဟိုင်းကြီးမှာပဲ ကြီးပြင်းခဲ့တော့ ဟိုင်းကြီးက ကျွန်မဇာတိမြေ။ မောင်မောင်ကတော့ ဟိုင်းကြီးသားစစ်စစ်။ ခြင်္သေ့ကျွှန်းကို သွားတုန်းက စီးတဲ့လေယာဉ်က ကျွန်မဘဝရဲ့ ပထမဆုံးလေယာဉ်လို့ ပြောတော့ အမေက ဟင့်အင်း ခြောက်လသမီးနဲ့ ဟိုင်းကြီးကိုပြန်တော့ ကျောက်ဖြူကနေ ရန်ကုန်ကို စီးခဲ့တဲ့လေယာဉ်ကမှ ပထမဆုံးလေယာဉ်တဲ့။ စာသင်ကျောင်းနားက ကုန်းပေါ်အိမ်လို့ ကျွန်မတို့ ခေါ်ကြတဲ့အိမ်၊ နွေရာသီကျောင်းပိတ်ရက်တွေဆို ဘိုးဘိုးနေတဲ့ မရမ်းကွင်း၊ ငါးပြေမ အထက်နားက ဖိုးရွှေပုလို့အမည်တွင်တဲ့ရွာလေးကို သွားလည်၊ ကမ်းနားအိမ်လို့ ခေါ်ကြတဲ့ သီတာလမ်းအိမ်ကို ပြောင်းတဲ့အထိ ကျွန်မ မမှတ်မိသေးဘူး။ နွေရာသီပိတ်ရက်တွေဆို ဖိုးရွှေပုကို သွားလည်ကြတယ်။ အဲဒီရွာမှာ စမ်းရှိတယ် မိုးရာသီဆို စမ်းချောင်းက ရေပြည့်နေပေမဲ့ နွေရာသီဆို ရေရှားတယ်။ ဟိုးအထက်ပိုင်းမှာ ရေသွားခပ်၊ အဝတ်လျှော်၊ ရေချိုးရတယ်။


စမ်းဘေးနားက သဲသောင်ခုံမှာ လက်ယက်တွင်းလေးတွေ တူးကြတယ်။ နေ့ခင်းဖက် ဆင်အော်သံတွေ ကြားရတယ်။ တချို့ရွာတွေကို ဆင်အုပ်ဝင်လို့ မီးတုတ်ကိုင်ပြီး ဆင်ခြောက်ရတဲ့အကြောင်း၊ ဆင်နင်းလို့ ခေါင်းပြားသွားတဲ့သူ အကြောင်းတွေကတော့ အဲဒီဒေသတဝိုက်မှာ အမြဲကြားရတဲ့ သတင်းတွေပါပဲ။ လူတွေက သစ်ပင်တွေခုတ်လို့ သစ်တောတွေပြုန်းတော့ စားစရာရှားပါးလာလို့ ဆင်တွေလည်း ရွာအနီးက အပင်တွေ လာစားတယ် ထင်ပါရဲ့။ စမ်းဆီသွားရင် ဆင်ချေးတုန်း၊ ဆင်ခြေရာတွေ တွေ့ရတတ်တယ်။ တောအုပ်၊ တောခေါင်းတွေ ဆိုတာလည်း သစ်တောအုပ် ထိန်းသိမ်းဖို့ထက် သစ်သမားတွေနဲ့ ပေါင်းစားနေတာမျိုး။ မရမ်းကွင်းနားက ဆားဖိုဆိုတဲ့ ရွာလေးက ဆားတွေ ထုတ်လုပ်တဲ့ရွာ။ ကန်အောက်ခြေကို ကတ္တရာခင်းလို မာနေအောင် တုံးတွေနဲ့ အထပ်ထပ်လိမ့်၊ ဆားငန်ရေသွင်း၊ နေနဲ့အခြောက်လှန်း၊ အပေါ်မှာ တင်နေတဲ့ ဆားတွေကို သန့်စင်ပြီး ဆားထုတ်ကြတယ်။ ဆားလုပ်တဲ့သူတွေတော့ မသိဘူး ဆားကွင်းနားက ဖြတ်တာတောင် ပူလွန်းလို့ ခုန်ဆွခုန်ဆွနဲ့ ဖနောင့်နဲ့တင်ပါး တထပ်တည်းကျအောင် ပြေးတော့တာပဲ။

ဖိုးရွှေပုမှာ လွှထောင်၊ မီးသွေးဖုတ်၊ ဆားကွင်းတွေ အကြောင်းကို အဖေ့ကို ပြန်မေးရဦးမယ်။ မရမ်းကွင်းက တံမြက်စည်းက အင်မတန်ခိုင်တယ်။ ကျွန်မတို့အိမ်မှာဆို မရမ်းကွင်းတံမြက်စည်းပဲ သုံးတယ်။ ကျွန်မတို့ဒေသဖက်မှာ ပစ္စည်းမှာပုံမှာနည်းက ဘဘော်စာရေးကို သွပ်ဆယ်ချပ်၊ ဘာအမျိုးအစား၊ ဆိုင်သိရင် ဘယ်ဆိုင်ကလို့ မှာလိုက်၊ နောက်တစ်ခေါက်က သင်္ဘောဆင်းလာရင် အထမ်းသမားက ပစ္စည်းလာပို့ရင်း ဘောက်ချာ၊ တန်ဆာခ ( သင်္ဘောသယ်ပို့ခ)၊ ကုန်ထမ်းခတွေပါတဲ့ ပြေစာပေး။ အဲဒီပြေစာမှာ ကျတဲ့အတိုင်း စာရေးကို ငွေပေးလိုက်တာ။ ကျွန်မ မှတ်မိတဲ့အချိန်မှာ ကျွန်မက မကြီးနဲ့ အတူတူ အိပ်ရပြီး အဖေ၊ အမေကြားထဲမှာ အိပ်ခါနီးရင် လက်သီးတရမ်းရမ်း၊ ခြေထောက်တွေနဲ့ ကန်ကျောက် သိုင်းချတတ်တဲ့ အရမ်းကဲတဲ့ မောင်မောင် ဆိုတဲ့ မောင်လေးတစ်ယောက် ရှိနေပြီ။ ကျွန်မတို့ငယ်ငယ်တုန်းက မကြီးနောက် တကောက်ကောက် လိုက်ကြတယ်။ မကြီးသူငယ်ချင်းတွေက ဆော့ဖို့လာရင် နင့်မောင်နဲ့ညီမကို ထားခဲ့လို့ ပြောကြတယ်။ သောင်ဖက်က ခြံတွေမှာ ဆီးသီးကောက်ဖို့သွားကြတော့ ဒီရေအတက်အကျရှိတဲ့ ချောင်းကို ဖြတ်ကူးရတယ်။

အသွားတုန်းက ခြေကျင်းဝက်သာသာ ရေရှိတဲ့ချောင်းက အပြန်ကျတော့ ဒီရေတက်ချိန်မို့ ၉ ၊ ၁၀ နှစ်အရွယ် ကလေးတွေရဲ့ ရင်ခေါင်းလောက် ရောက်နေပြီ။ အရပ်ရှည်တဲ့ မကြီးသူငယ်ချင်း မမာမာမင်းက ကျွန်မကို ပခုံးမှာတင်ပြီး ချောင်းကို ကူးရတယ်။ အဲဒီအချိန်မှာ အမေက ကလေးနှစ်ယောက်ပျောက်လို့ ခေါင်းတောက်နေချိန်ပေါ့။ သမီးတွေ ပြန်တွေ့တော့ အကြီးဖြစ်တဲ့ မကြီးကို အမေက ဆူပူနေချိန်မှာ ကလေးဖြစ်တဲ့ ကျွန်မကတော့ မကြီးစကပ်ကိုင်ဆွဲလို့ ခုန်ပေါက်နေသတဲ့။ အိရှန်သား အစိမ်းရောင် ဂါဝန်ဆင်တူလေး ဝတ်ထားတဲ့ ညီအစ်မနှစ်ယောက်။ ကျွန်မတို့ ငယ်ငယ်တုန်းက အမေက အင်္ကျီဆင်တူ ဆင်တယ်။ သင်္ကြန်ဆို သင်္ဘောသားအင်္ကျီ၊ ဆောင်းရာသီဆို မောင်မောင်နဲ့ကျွန်မက ဂျက်ကက်နဲ့ဘောင်းဘီဆင်တူ၊ သီတင်းကျွှတ်၊ တပေါင်းလဘုရားပွဲဆိုရင် ပြောင်ပြောင် အိရှန်လို့ခေါ်သလား၊ အိတုန်လို့ ခေါ်သလား မသိဘူး ဖဲပြောင်ပြောင် ခရမ်းရောင်၊ လည်ပင်းထောင်ထောင်၊ ရင်ဘတ်မှာ အတွန့်၊ ဖဲပြား၊ လက်ဖောင်း ဂါဝန်ဆင်တူ။ အင်္ကျီ၊ ဂါဝန်ကို နည်းနည်းကြီးကြီး ချုပ်ထားတော့ နောက်သုံးလေးနှစ်အထိ တော်နေသေးတယ်။

မြို့ကျောင်းတက်ပြီမို့ အဝတ်အစားလိုတယ် အမေ့ရေလို့ မှာလိုက်တာ စကပ်ကားကား နှစ်ထည်ပို့လိုက်တယ်။ သူငယ်ချင်းက ဟ နင့်စကပ်က ကြီးလှချည်လား တက္ကသိုလ်တက်တဲ့အထိ ဝတ်လို့ရအောင် အမေက စီမံကိန်းနဲ့ ချုပ်ပေးလိုက်တာ။ တကယ်လည်း တက္ကသိုလ်တက်တဲ့အထိ တော်နေသေးတယ်။ ၉  တန်းရောက်တော့ ဂါဝန်လှလှ နှစ်ထည်ပို့ပေးတယ်။ ထုံးစံအတိုင်း ပွပွကြီးကြီး ဆယ်တန်းအောင်ပြီး လှည်တန်းက ဦးမြကြိုင် အင်္ဂလိပ်စာ သင်တန်းကျောင်း တက်တဲ့အထိ ဝတ်နေသေးတယ်။ ကျွန်မငယ်ငယ်က မကြီးအကျတွေ ဝတ်ရတော့ ဦးလေးတွေက မွေးစားသမီးလို့ စတယ်။  ဆတ်ဆတ်ထိမခံတဲ့ ကျွန်မက ပြန်အော်။ နေမကောင်းတဲ့ မောင်မောင်ကို ကောက်ညှင်းပေါင်း မကျွှေးရဘူးလို့ အမေက တားမြစ်ထားပေမဲ့ လာမျှော်တဲ့ မောင်မောင်ကို အမေ့ကို ပြန်မပြောရင် ကျွှေးမယ်ဆိုပြီး ကျွှေး။  မောင်မောင်က အမေ့ကို ပြန်မပြောပေမဲ့ အီးအီးပါတဲ့အခါ ကောက်ညှင်းငချိပ်ပါတော့ ကျွန်မတို့ ညီအစ်မနှစ်ယောက် မောင်မောင့်ကို ကျွှေးတယ်ဆိုတာ အမေသိသွားရော။

(ဆက်ပါဦးမည်)

အသူ ခေါ်ထားတဲ့ BPP Challenge အတွက်
(၁) မမအိုင်အိုရာ
(၂) မမီးငယ်
(၃) မြတ်ကြည်
(၄) ဘုန်းတောက်
(၅) တီတင့်
(၆) သူကြီးမင်း
(၇) ပစ်ပစ်
(၈) ရွှေအိမ်စည်မေ
(၉ ) အိန်ဂျယ်လှိုင်
(၁၀)ကန်ဒီ

စန်းထွန်း
‌အောက်တိုဘာ ၁၂၊ ၂၀၁၄။

ပရင့်စတန်သွား တောလား - ၂


ခြံထဲမှာ ပန်းသီးစားခွင့် မပြုဘူးဆိုပေမဲ့ Security ကင်မရာ၊ လုံခြံုရေးအစောင့်ရှိတာမှ မဟုတ်တာ  စားလည်း သူတို့မသိနိုင်ပါဘူးလို့ ဂိုက်ကပြောတော့ အားလုံးပွဲကျတယ်။ ခြံထဲရောက်တော့ မြေပုံတစ်ခု၊ စက္ကူအိတ်တစ်လုံး ရတယ်။ မြေပုံက ဟိုးနောက်ဖက်ကိုသွား ဘယ်အတန်း၊ ဘယ်မျိုးတွေလို့ ညွှန်းထားတဲ့ စာရွက်ပါ။ ပန်းသီးအမှည့်တွေနား မရောက်ခင် အစိမ်းတွေနဲ့ ဓာတ်ပုံရိုက်တယ်။ ဖူဂျီမျိုးအမှည့်ခင်းရောက်တော့ ပန်းသီးတောင် သိပ်မရှိဘူး။ ပန်းသီးကို လှည့်လိုက်လို့ အညှာကနေ ကျွှတ်လာရင် မှည့်တယ်။ မနေနိုင်တဲ့ ကိုယ်က ဖူဂျီတစ်လုံး မြည်းကြည့်တော့ အားပါးပါး ကောင်းလိုက်တာ။ အောက်မှာ ကြွေကျနေတာတွေက နှမြောစရာ။ အပင်ပေါ်မှာက မမှည့်သေးတာရယ်၊ ပိုးထိုး၊ ငှက်စားထားတဲ့ အသီးတွေ။ ဖူဂျီမဟုတ်တဲ့ တခြားခင်းက ပန်းသီးတွေ ခူးတယ်။ ပန်းသီးနီနီတွေများများ ဓာတ်ပုံရိုက်လို့ကောင်းမဲ့နေရာတွေဆိုရင် ဝိုင်းနဲ့ကိုယ်နဲ့ ဓာတ်ပုံရိုက်ကြတာ ဆိုတာများ ပန်းသီးခူးရဖို့ထက် ပန်းသီးနဲ့ ဓာတ်ပုံရိုက်ရဖို့က အရေးကြီးတယ်။ ပန်းသီးကို ဝိတ်ချိန်၊ ပိုက်ဆံရှင်းတဲ့နေရာမှာ ဖူဂျီပန်းသီးက ဘာလို့နည်းနေရတာလဲ မေးတော့ လူတိုင်း အဲဒီလို မေးကြတယ်တဲ့ ဖူဂျီပန်းသီးရာသီက အောက်တိုဘာလတဲ့။ အောက်တိုဘာမှာ နောက်တစ်ခေါက် ပြန်လာရမဲ့ပုံပဲ။ ပေးထားတဲ့ ၁ နာရီ အချိန်စေ့လို့ ကားပေါ်ရောက်တော့ နောက်ကျတတ်တဲ့ တရုတ်ကလေးတွေ ဒီတခါတော့ အချိန်မှန်သား။

ကိုယ်က ဆန်းဒွက်စ်၊ ဖရဲသီးဖျော်ရည်၊ ဘွတ်စကွတ်မုန့် စားနပ်ရိက္ခာအပြည့်အစုံနဲ့ ချီတက်လာပေမဲ့ နေ့လည်စာကို မက်ဒေါနယ်ဆိုင်မှာ စားမယ်လို့ ဂိုက်ကပြောတာ့ မစားဘဲ အလကားထိုင်၊ အိမ်သာဝင်ရမှာ အားနာစရာကြီး ဝိုင်းတို့တခုခုဝယ်ပြီး  နှစ်ယောက်ရှယ်ရအောင်တဲ့။ Nugget chickens ၂၀  ဝယ်လိုက်တယ်။ ဝိုင်းနဲ့ကိုယ်က Coke အအေးတွေ မကြိုက်တာ တူတယ်။ ကိုယ်ကတောင် Green tea ၊ Starbucks က Vanilla Latte သောက်သေးတယ်။ ဝိုင်းက ခရီးသွားရင် ရေတောင် သိပ်မသောက်ဘူး။ သိပ်မသောက်တော့ သိပ်မပေါက်ဘူးပေါ့ဟ။ အင်း...ဒါလည်း ဟုတ်တာပဲ။ ကိုယ်ကတော့ အလုပ်ထဲမှာ Stress များရင် သောက်လိုက်၊ ပေါက်လိုက်၊ နင်းကန်စားလိုက်နဲ့။ ကိုယ် မက်ဒေါနယ်ဆိုင် မထိုင်တာ အတော်ကြာပြီ။ ကျောင်းက အစားအသောက်တွေ စားမကောင်းရင် ဘူဖေးကျတော့ ဈေးကြီးလို့ အပတ်တိုင်း သွားမစားနိုင်။ အမြဲစားတာ မက်ဒေါနယ်က ၂ ကျပ်တန် မက်ခ့်ချစ်ကင်း ဘာဂါ။ ကျောင်းက ထွက်လာပြီးကတည်းက မက်ဒေါနယ် မစားတော့တာ။ ဟား ...ဟား one year is enough ဆိုပါတော့ exactly ။


ဒီနေ့ခရီးစဉ်ရဲ့ နောက်ဆုံးဖြစ်တဲ့ ပန်ဆယ်ဗေးနီးယားပြည်နယ် လန်ကတ်စတာမြို့ လင်ကွန်းဟိုင်းဝေးလမ်းပေါ်က Amish Farm and House ကို မိုင် ၁၀၀၊ ၂ နာရီသာသာ မောင်းရပါတယ်။ ဝင်ကြေးက ၂၀ ပါ။ အိမ်အလည်က ထိုင်ခုံတွေမှာ ထိုင်ခိုင်ပြီး ဂိုက်အန်တီကြီး ရှင်းပြတာက ဒီလယ်ယာတောကို ပန်ဆယ်ဗေးနီးယား တည်ထောင်သူ ဝီလီယံပန်က ကိုလိုနီယမ်မြို့တော်ဝန် ဂျွှန်အမ်ဗန်ကို ၁၇၁၅ မှာ ပေးခဲ့ပြီး အမ်ဗန်မျိုးဆက်တွေက ဒီအိမ်ကို ၁၈၀၅ ခုနှစ်မှာ တည်ဆောက်ခဲ့တော့ အိမ်ရဲ့သက်တမ်းက ၂၀၀ ကျော်ပါပြီ။ မျိုးဆက် ၇ ဆက်ရဲ့ အိမ်ဖြစ်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ လန်ကက်စတာကောင်တီရဲ့ first tourist attraction ဖြစ်လာပြီး လန်ကက်စတာ ကောင်တီအကြောင်း သိစေခဲ့တာပါ။ ၁၉ ၅၅ ကတော့ လန်ကက်စတာ ကောင်တီရဲ့ ခရီးသွားနှစ်လို့ ဆိုရမယ်။ ၁၉၅၄ မှာ အန်းမစ်ချ်တွေအကြောင်း တင်ဆက်ပြသတဲ့ Plain and Fancy ပြဇာတ် ဘရော့ဝေးမှာ ဟစ်ဖြစ်တော့ လူတွေက အန်းမစ်ချ်တွေအကြောင်း စိတ်ဝင်စားလို့ သွားရောက်လာပတ်ကြတာ တနှစ်ကို လူနှစ်သောင်းကျော် လာရောက်လည်ပတ်တယ်လို့ ဆိုတယ်။

၁၉၅၅ မှာ စားသောက်ဆိုင်ပိုင်ရှင်တစ်ယောက်က သူ့ဆိုင်နားက ၂၅ ဧက လယ်တောအိမ်ကို ဝယ်ပြီး Amish Farm and House ဆိုပြီး ဖွင့်လှစ်ကာ အန်းမစ်ချ်တွေ ဘယ်လိုနေထိုင်စားသောက်တယ်ဆိုတာ အများပြည်သူကို ပြသခဲ့ပါတယ်။ အန်းမစ်ချ်တွေရဲ့ မူလအစက ဆွဇ်ဂျာမန်ဖက်ကပါ။ ဂျက်ကော့အာမန်နောက်လိုက်တွေကို အန်းမစ်ချ်တွေလို့ ခေါ်ပါတယ်။ အန်းမစ်ချ်တွေဟာ လျှပ်စစ်ဓာတ်မသုံး၊ ခေတ်ပေါ်ပစ္စည်းတွေမသုံး၊ အဝတ်အထည်ဆိုရင်လည်း ပြောင်တွေဝတ်ပြီး ရိုးရိုးစင်းစင်း နေထိုင်ကြပါတယ်။ ၁၈ရာစုမှတော့ အန်းမစ်ချ်တွေဟာ အကြောင်းအမျိုးမျိုးကြောင့် ပင်စန်ဗေးနီးယားကို ပြောင်းရွှေ့လာကြပါတယ်။ သူတို့ဘာသာစကားကတော့ ပန်စယ်ဗေးနီးယားဒက်ချ်လို့ ခေါ်ကြတဲ့ ဂျာမန်စကားတစ်မျိုးပါ။ အန်းမစ်ချ်တွေမှာ ဘုရားရှိခိုးကျောင်းမရှိဘဲ အိမ်တွေမှာ အလှည့်ကျ ဝတ်ပြုကြပါတယ်။ ကက်ဆက်ဖွင့်ပြပြီး အန်းမစ်ချ်တွေ ရွတ်ဖတ်ပူဇော်သံ နားထောင်ခိုင်းတယ်။ ဥုံလို့ ရွတ်နေသလိုပဲ။ Bible သမ္မာကျမ်းစာက ဂျာမန်လို ရေးထားတာပါ။

ဆောင်းဦးပေါက်ဆိုရင် အိမ်ရှေ့ မှာ ရွှေဖရုံးသီး၊ ရိုးပြတ်၊ ပြောင်းဖူးပင်တွေနဲ့  အလှဆင်ပြီး ဆောင်းဦးကို ကြိုဆိုလေ့ရှိကြတယ်

နွေရာသီအတွက် လေအေးပေးစက်၊ ဆောင်းရာသီအတွက် အပူပေးစက် အန်းမစ်ချ်အိမ်တွေမှာ မရှိဘူး။ ဓာတ်ကြိုးဟာ အပြင်လောကနဲ့ ဆက်သွယ်ပေးတယ်လို့ ယူဆလို့ အန်းမစ်ချ်အိမ်တွေမှာ လျှပ်စစ်သွယ်တဲ့ ဓာတ်ကြိုး၊ တယ်လီဖုန်းလိုင်း မရှိဘူး။ ခုခေတ်အန်းမစ်ချ်လေးတွေကတော့ ဓာတ်ကြိုးတွေ သွယ်တန်းမထားတဲ့ မိုဘိုင်းဖုန်း သုံးကြတယ်။ လျှပ်စစ်ဓာတ်အား မရှိတော့ ဆိုလာပြားနဲ့ ဖုန်းအားသွင်းကြတယ်။ တစ်နှစ်သား ကလေးဆိုရင် ယောက်ျား၊ မိန်းမ မရွေး အဝတ်တစ်မျိုးပဲ ဝတ်တယ်။ ကြယ်သီးတွေ မပါစေရ။ ယောက်ျားဆိုရင် ရှပ်အင်္ကျီ၊ ကြိုးသိုင်းထားတဲ့ ဘောင်းဘီ၊ နှီးဦးထုပ်၊ မုတ်ဆိတ်မွှေး ထားတယ်။ မိန်းကလေးဆိုရင် ဂါဝန်ပြောင်၊ ဆံပင်ကို အဖြူရောင် ပုဝါပါးလေး အုပ်ထားတယ်။ မွေးကတည်းက ဆံပင်မညှပ်တော့ဘဲ အရှည်ထားကြတယ်။ အပြာရောင်၊ အနက်ရောင် အများဆုံး ဝတ်ကြပေမဲ့ တခါတုန်းက အဝါရောင် ဝတ်ထားတဲ့ အန်းမစ်ချ်မလေး တွေ့ဖူးပါသတဲ့။ ဂါဝန်နောက်ဖက်မှာ အတွန့်အလိမ်လေးတွေပါတဲ့ စတိုင်ဟာ ခု ခေတ်အစားဆုံး စတိုင်ပါတဲ့။

အန်းမစ်ချ် မိန်းကလေးတွေဟာ မိတ်ကပ်မလိမ်း၊ ရတနာမဝတ်ဘူး။ အန်းမစ်ချ်တွေဟာ ဓာတ်ပုံလည်း မရိုက်ဘူးတဲ့။ ဒီတော့ အန်းမစ်ချ်တွေကို ဓာတ်ပုံရိုက်ရင် သူတို့မျက်နှာမပါအောင် သတိထားပါတဲ့။ မီးဖိုကတော့ ပိုစီကလိမ်းသုံးတဲ့ မီးဖို (ပိုစီကလိမ်းဆိုတာ ဘာပါလိမ့်)။ ရေခဲသေတ္တာလည်း ရှိတယ် ပိုစီကလိမ်းသုံးတဲ့။ သခွားသီး၊ မုန်လာဥနီ အချည်တည်ထားတဲ့ ချောင်ချောင်လို့ခေါ်ကြတဲ့ စားစရာတစ်မျိုးက နာမည်ကြီးတယ်။ အန်းမစ်ချ်တွေက ကလေးတွေလည်း အများကြီးမွေးတော့ လူငါးယောက်၊ ခြောက်ယောက်စာအတွက် မနက်၊ နေ့လည်၊ ညစာအတွက် ပြင်ဆင်ရမှာ မလွယ်ပါလား။ အဝတ်လျှော်စက်လည်း မသုံးတော့ အိမ်သားတွေရဲ့ အဝတ်တွေကို လက်နဲ့လျှော်ရမှာ တယ်မလွယ်ပါလား။ မောင်မောင်ဆို ငယ်ငယ်တုန်းက တနေ့အင်္ကျီသုံးစုံ လဲရတယ်။ အန်းမစ်ချ်နေအိမ်လေးက တကယ့်ကို ရှင်းရှင်းလေး နံရံမှာ တခုခု အလှဆင်ထားတာဆိုရင် အဲဒါ တခုခုသုံးဖို့နေမှာတာ။ ခုလည်း နံရံပေါ်က ပန်းပွင့်လေးက အင်္ကျီချုပ်တဲ့အပ်တွေ ထားတာ။

အန်းမစ်ချ်တွေရဲ့ အိမ်တွေတိုင်းမှာ ဒီလို အစိမ်းရောင်လိုက်ကာလေး တပ်ထားလေ့ရှိတယ်
ချောင်ချောင် ပုလင်းတွေ

တခါတလေ ရုပ်ရှင်ရုံမှာ ဂျင်းဘောင်းဘီ၊ တီရှပ်ဝတ်ထားတဲ့ အန်းမစ်ချ်လူငယ်လေးတွေ တွေ့ရလိမ့်မယ်။ တီရှပ်၊ ဂျင်းဘောင်းဘီ ဝတ်ထားပေမဲ့ ဆံပင်ပုံစံက အန်းမစ်ချ်လို့ ပြောနေတာကိုး။ ၁၆ နှစ် မပြည့်ခင် အပြင်ဖက်ကို သွားလာခွင့်ပေးပြီး အန်းမစ်ချ်လုပ်မလား၊ အင်္ဂလိပ်လုပ်မလားလို့ ရွေးခိုင်းတယ်။ အမေရိကန် လူဖြူ လူမည်း၊ ဥရောပ၊ အာရှ၊ အာဖရိက ဘာလူမျိုး၊ ဘာအသားအရောင် ဖြစ်ပစေ အန်းမစ်ချ်မဟုတ်ရင် အင်္ဂလိပ်လို့ ခေါ်ပါသတဲ့။ လန်ကက်စတာမှာတော့ ၉၇ ရာခိုင်နှုန်း အန်းမစ်ချ် ပြန်လုပ်ကြတယ်။ ဝိုင်းရဲ့ လုပ်ဖော်ကိုင်ဖက် အမ်းထရူးက အန်းမစ်ချ်တဲ့။ သူက အင်္ဂလိပ်လုပ်ဖို့ ရွေးချယ်ခဲ့တာ။ အမ်းထရူး ဘား၊ ကလပ်တွေ ကြိုက်တော့ အန်းမစ်ချ် မလုပ်နိုင်ဘူးတဲ့။ အန်းမစ်ချ်တွေဟာ အားလုံးရှစ်တန်းအထိပဲ ကျောင်းတက်ကြတယ်။ ပြီးရင် လယ်ယာလုပ်ကြတယ်။ ပြောင်းဖူး၊ ပဲတစ်မျိုး ၊ ဆေးရွက်ကြီး၊ soy bean စိုက်ကြတယ်။ ကြက်၊ ငှက်၊ ဝက်၊ မြင်းပု၊ ဒေါင်း၊ ဆိတ်၊ သိုးတွေ မွေးထားတာ ကြည့်ပြီးတော့ လန်ကက်စတာတခွင် ကားပတ်မောင်းပြီး ဂိုက်အန်တီကြီးက မြင်သမျှ ရှင်းပြတယ်။

၁၇၉၁ မှာ ဆောက်လုပ်ပြီးစီးခဲ့တဲ့ လန်ကက်စတာ - ဖီလာဒဲဖီးယား turnpike ခု လင်ကွန်းဟိုင်းဝေး route ၃၀    က အမေရိကန်ရဲ့ ပထမဆုံး paved ယာဉ်တွေမောင်းလို့ရတဲ့လမ်းပါ။  ပန်ဆယ်ဗေးနီးယားမှာ ယဉ်ကြောအရှုပ်ဆုံးလမ်း ၃ နာရီလောက် အရှေ့ဖက်ကို ဆက်မောင်းရင် မေရီလန်းပြည်နယ် အိုးရှင်းစီးတီး၊ အနောက်ဖက်ကို လေးရက်လောက် ဆက်မောင်းရင် အိုရင်ဂန်ပြည်နယ်ကို ရောက်တယ်။ ယဉ်ကြောရှုပ်လို့ အန်းမစ်ချ်တွေ ဒီလမ်းကို ရှောင်ကြတယ်။ လမ်းတလျှောက်က အင်္ဂလိပ်၊ အန်းမစ်ချ်အိမ်တွေ ညွှန်ပြရင်း မိသားစုအကြောင်း၊ လုပ်ငန်းတွေအကြာင်း ရှင်းပြတာ စိတ်ဝင်စားဖို့ကောင်းလို့ ကိုယ်တွေက ခေါင်းတညိမ့်ညိမ့်။ အင်္ဂလိပ်စကား နားမလည်တဲ့ တရုတ်တွေက တခေါခေါ အိပ်လို့။ ဒီနေ့ အန်းမစ်ချ်တွေ အပြင်ထွက်လည်ကြတဲ့နေမို့ တူပါရဲ့ ဘက်ဂီမြင်းလှည်း buggy တွေ တော်တော်များများ တွေ့တယ်။ ဘက်ဂီတွေ ဖြတ်သွားတိုင်းလည်း မြင်းလှည်းပေါ်မှာ ပါတာ လက်ထပ်ထားတဲ့စုံတွဲ၊ အပျိုမလေးနဲ့ ဘယ်လိုလုပ် သိပါလိမ့်။ စက်ဘီးနဲ့တူပေမဲ့ စကူတာလို ဖိနင်းရတဲ့ဟာကို အန်းမစ်တွေက Push and Go လို့ ခေါ်ကြတယ်။


မကြာသေးခင် နှစ်တွေတုန်းက အန်းမစ်ချ်ကျောင်းမှာ သေနတ်ပစ်မှု ဖြစ်သွားလို့ ကလေးတွေ သေသွားတယ်။ အဲဒါဖြစ်ပြီးကတည်းက ကျောင်းတွေမှာ တယ်လီဖုန်းတွေ တပ်လိုက်တယ်။ ဘက်ဂီတွေနဲ့ နောက်မှာ ရောင်ပြန်ပြားတွေ အစိုးရက မတပ်မနေရ တပ်ခိုင်းတယ်။ အန်းမစ်ချ်တွေက ကားမရှိတော့ ကားမောင်လိုင်စင်၊ ကားမှတ်ပုံတင် မလိုဘူး။ အစိုးရရဲ့ Socail Security ပင်စင် ၊ Medicare ကျန်းမာရေးစရိတ်တွေကိုလည်း မယုံတော့ ထည့်စရာ မလိုဘူး။ အန်းမစ်ချ်တွေက သူတို့ဘာသာ စောင့်ရှောက်ရမယ်လို့ ယုံကြည်တယ်။ လယ်ယာတွေကို အငယ်ဆုံးကို ပေးအပ်ပြီး အငယ်ဆုံးက မိဘတွေကို ကြည့်ရှုစောင့်ရှောက်ရတယ်။ အန်းမစ်ချ်တွေရဲ ့ ဘဝက ရိုးစင်းတယ်။ JOY ဂျေ က Jesus အို က မိသားစု၊ မိတ်ဆွေသူငယ်ချင်း ဝိုင်ကို မရှင်းပြလိုက်နိုင်ဘူး ဂိုက်အန်တီက ကားလမ်းညွှန်နေရလို့။ အဲဒီအန်းမစ်ချ်အိမ်က အဘွားဆို အသက် ၈၉  နှစ်မှာ ဆုံးသွားတာ မြေး ၂၄ ယောက် သားသမီးမြေးမြစ် ၂၀၀ ကျော် ကျန်ခဲ့တယ် အိုးမိုင်ဂါ့ချ်။ ဒါ့ကြောင့် အန်းမစ်ချ်တွေက လူဦးရေတွေ များလာတာ။

အန်းမစ်ချ်တွေက ပန်ဆယ်ဗေးနီးယား၊ ဒယ်လာဝဲယား၊ အိုဟိုင်းရိုး၊ အင်ဒီယားနား၊ နယူးယောက် ပြည်နယ်တွေမှာ နေထိုင်ကြတယ်။ အန်းမစ်ချ်ကျောင်းတွေအတွက် လိုအပ်တဲ့စာအုပ်ကို ဒီမှာပုံနှိပ်ပြီး တနိုင်ငံလုံးက အန်းမစ်ချ်ကျောင်းတွေဆီ ပို့တယ်။ ကနေဒါနိုင်ငံ Ontario ဖက်မှာလည်း အန်းမစ်ချ်တွေ ရှိတယ်။ အန်းမစ်ချ်တွေဟာ ပြင်ပကမ္ဘာနဲ့ ဆက်ဆံမှုနည်းတော့ သူတို့မျက်နှာလေးတွေမှာ ရိုးသားမှုကို အထင်းသား မြင်နေရတယ်။ အန်းမစ်ချ်တွေလည်း ကိုယ်တို့လိုပဲ မက်ဒေါနယ်စားတယ်၊ ရုပ်ရှင်ကြည့်ကြတယ်။ ကယ်လီဖိုးနီးယားသူလေးက အီတလီရုံးမှာ ဝိုင်းနဲ့အတူတူ လုပ်ခဲ့တာ။ ခု သူက ဝါရှင်တန်ဒီစီမှာ တာဝန်ကျတယ်။ နယူးယောက်က ယူအန်ရုံးကို လာရင် ဝိုင်းနဲ့ဆုံကြတယ်။ ဝိုင်းက အန်းမစ်ချ်တွေအကြောင်း ပြောပြတော့ သူက အမေရိကားမှာ ဒီလိုခေတ်နောက် ပြန်ဆွဲတဲ့သူတွေ ရှိသေးတယ်လို့ မှတ်ချက်ပေးတယ်။ ကိုယ်နဲ့ဝိုင်းကတော့ သူ့ရွေးချယ်မှုနဲ့ သူပဲလေ ကိုယ်တို့ကတော့ အန်းမစ်ချ်မလုပ်နိုင်တာ အသေအချာပဲ။

ခုလက်တလော အန်းမစ်ချ် မိန်းကလေးတွေ ကြားထဲမှာ ဟစ်ဖြစ်နေတဲ့ ဖက်ရှင်ဒီဇိုင်း

ကိုယ်တို့ ငယ်ငယ်တုန်းက မီးသွေးကို ထင်းရှုးချောင်းတွေနဲ့ မီးမွှေးရတာ မီးသွေးက စိုနေရင် မီးခိုးသာအူပြီး မီးမစွဲ၊ အိုးမည်းမည်းကြီးတွေနဲ့ ချက်ပြုတ်ရတာ သိပ်စိတ်ညစ်တာပဲ။ မြို့လည်းရောက်ရော လျှပ်စစ်၊ ဂတ်စ်နဲ့ ချက်ရတာကို သဘောကျလိုက်တာ။ ငယ်ငယ်တုန်းကဆို အဝတ်တွေကို လက်နဲ့လျှော်ရတာများ လက်ကိုညောင်း။ ဟော ခုတော့ အဝတ်လျှော်စက်နဲ့ လျှော်ရတာ ဘယ်လောက်သက်သာလည်း။ ငယ်ငယ်တုန်းကဆို တံမြက်စည်းလှည်း၊ ကြမ်းပြင်ကို ပြောင်အောင် အုန်းသီးခွံနဲ့ တိုက်ရတယ်။ ဟော ခုတော့ ဖုန်စုပ်စက်နဲ့ဆို ဘယ်လောက်သက်သာလိုက်သလဲ။ ကားမစီးတော့ အန်းမစ်ချ်တွေ ခရီးထွက်ကြမယ် မထင်ဘူး။ အင်းနော် ဘက်ဂီမြင်းလှည်းနဲ့ဆို ဘယ်ခရီးတွင်ပါ့မလဲ။ အန်းမစ်ချ်တွေက နေတော့သာ ရိုးရိုးစင်းစင်းကြီး အစားအသောက်ကြတော့ ထိပ်တန်းဗျား။ ကိုယ်တော့ ဖီလာဒဲဖီးယား တောလားတုန်းက အန်းမစ်ချ်စာ စားခဲ့ဖူးတာ လျှာလည်သွားတော့တာပဲ။

အဲဒီက အမဲသားနဲ့ အသီးအရွက်စွပ်ပြုတ်က ကိုယ်စားဖူးသမျှထဲမှာ အရသာအရှိဆုံးပဲ။ peach jam ၊ pickled တွေလည်း တကယ့် authentic ပဲ။ ဒါပေမဲ့ အန်းမစ်ချ်တွေက ပိုးသတ်ဆေးသုံးတယ် အော်ဂင်းနစ် မဟုတ်ဘူး။ တောင်စဉ်တောင်တန်းလေးတွေနဲ့ လန်ကက်စတာကောင်တီက တကယ်သာယာတယ်။ ရှမ်းပြည်ကလောအတိုင်းပဲ။ တိုးဂိုက်အန်တီကြီးကိုတော့ တကယ်ချီးကျူးတယ်။ နယူးယောက်ကို ပြန်တဲ့လမ်းမှာ ကိုယ်က အိပ်ငိုက်တယ် မနက်အစောကြီး ငါးနာရီခွဲ ထရတာကိုး။ နိုးရင် ကိုယ်သွားချင်တဲ့ ပြင်သစ်၊ အီတလီ၊ ဂရိအကြောင်းတွေ ဝိုင်းကို မေးတယ်။ ဝိုင်း သွားလည်ဖူးတဲ့ နိုင်ငံတွေအကြောင်းကို သားရေတမြားမြားနဲ့ နားထောင်တယ်။ အိမ်ကိုပြန်ရောက်တော့ ည ၉  နာရီ ကျော်နေပြီ။ ကိုယ်စားဖူးတဲ့ ပန်းသီးတွေထဲမှာ ခြံထဲကနေ ကိုယ်တိုင်ခူးလာတဲ့ အဲဒီပန်းသီးတွေက အရသာအရှိဆုံးပဲ။ စတော်ဘယ်ရီ၊ ရက်စ်ဘယ်ရီလို ဗိုက်ထဲများများ ထည့်သယ်မလာနိုင်တာ နာသကွာ။

နံရံမှာ တခုခု အလှဆင်ထားရင် တခုခု အကြောင်းရှိလို့တဲ့ အဲဒီအလှဆင်ပန်းက အပ်တွေ ထားဖို့

ဝိုင်းရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ဆို သူ့ခြံထဲမှာ ပန်းသီးတွေရှိတာ ဝိုင်းက ပန်းသီးသွားခူးတဲ့ခရီးဆိုလို့ အံ့သြလို့တဲ့။ မက်သရူးရေ မင်းက ခြံထဲဆင်းခူးရင်ရတဲ့ အရာတစ်ခုကို ဝိုင်းက ၄၀ အကုန်ခံပြီး တကူးတက သွားရတာ သိလား။ မက်သရူး ကံကောင်းတာကို မက်သရူး မသိပါဘူးတဲ့။ တရက်ခရီးဆိုပေမဲ့ ပရင့်စတန်တက္ကသိုလ်၊ ပန်းသီးခြံ၊ အန်းမစ်အိမ်တွေ ရောက်တော့ တော်တော်နှံ့တယ်လို့ ဆိုရမယ်။ ဆောင်းဦးရာသီမို့ ရွက်ဝါလေးတွေ ကြွေပြီး ရာသီဥတုကလည်း သိသိသာသာ အေးမြလာပါပြီ။ နယူးယောက်အက်ဖ်စတိတ်၊ နယူးအင်္ဂလန်၊ မိန်း၊ ဗာမွန်ပြည်နယ်တွေရဲ့ ဆောင်းဦးရာသီက အင်မတန်လှတယ်လို့ ဆိုပါတယ်။ အောက်တိုဘာ ကုန်လောက်မှာ အဝါ၊ အနီ ရွက်ရောင်စုံတွေနဲ့ အရမ်းလှတဲ့၊ မိုင်းနေထိုင်တဲ့ ဗာမွန်ပြည်နယ်ဖက်ကိုသွားဖို့ စီစဉ်နေပါတယ်။ မိုင်း ဖိတ်ခေါ်လို့ မဟုတ်ပါဘူး တိုးနဲ့ သွားမှာပါ။

မိုင်းက မဖိတ်လို့ စိတ်ပုပ်တယ်လို့ မထင်လိုက်ပါနဲ့မိုင်း၊ ဆူနမ်၊ ရာမား တို့ဆိုတာ ကိုယ့်ကို အမြဲကူညီ စောင့်ရှောက်ကြတဲ့သူတွေ။ ကိုယ် ကျောင်းပြီးတော့ အိုးဟိုင်းရိုးပြည်နယ် စင်စင်နာတီနားက သူ့ဆီလာဖို့ ကားလက်မှတ်ဝယ်ပို့ပေး၊ သူ့ဆီမှာ နေထိုင်တဲ့ တလအတွင်း ကိုယ် စားစရိတ်ကို  အကုန်ခံ၊ ကန်တက်ကီပြည်နယ် လူဝီဗီလ်ကို အင်တာဗျူးသွားတော့ ပိုက်ဆံတွေလက်ထဲ အတင်းထည့်ပေး၊ ကန်တက်ကီမှာ အလုပ်ရတော့ မင်းအိမ်က မတောင်းနဲ့ဆိုပြီး ပိုက်ဆံကြိုထုတ်ပေး၊ ပိတ်ရက်တွေဆို သူတို့ဆီလာဖို့ ဖိတ်ခေါ်တော့ ကားမရှိဘူးကွ ဘယ်လိုလာရပါ့လို့ ကိုယ်ညည်းရင် ဘတ်စ်ကားနဲ့ လာပေါ့ကွ လာချင်ရင် အနီးလေးလို့ ဖိတ်ခေါ်တတ်တဲ့ မိုင်းတစ်ယောက် ကျူဟိုင်း (မိုင်းက သူ့ရည်းစားကို ကျူဟိုင်းလို့ ခေါ်တယ် ဗီယက်နမ်လို အန်ကယ်လို့ အဓိပ္ဗာယ်ရပါသတဲ့) နဲ့ အိမ်ထောင်ပြုတော့ ဗာမွန်ပြည်နယ် ဗာလင်တန်ကို ပြောင်းသွားတယ်။ ထူးဆန်းတဲ့ သတ္တဝါရှိတယ်လို့ သတင်းကြီးတဲ့ ချန်ပိန်ရေကန်ကြီးဘေးနားက ဗာလင်တန်မြို့လေးက အင်မတန် သာယာတယ်လို့ မိုင်းက ကိုယ်တို့ကို ပြောပြလေ့ရှိတယ်။

ဆေးရွက်ကြီး နံလို့ ရိုက်ပြီးတာနဲ့ ထွက်ပြေးရတယ် ဆေးရွက်ကြီးစိုက်တာ တော်တော်ပင်ပန်းတယ်လို့ ဆိုပါတယ်
ဆေးရွက်ကြီး စိုက်တဲ့ထွန်စက်
သာယာလှပတဲ့ လန်ကက်စတာ 

ကျူဟိုင်းက ပါရဂူဘွဲ့ရ၊ သူ့မိဘတွေက ယူအက်စ်မှာ နေတာလည်းကြာ၊ အမေရိကန်နိုင်ငံသား၊ အိမ်လည်း ဝယ်ထားတော့ မိုင်းက ကိုယ်တို့အုပ်စုထဲမှာ အချမ်းသာဆုံး ။ My money is my money and my husband's money is aslo my money. လို့လက်ခမောင်း ခတ်တတ်ပေမဲ့ ကျူဟိုင်းက နိုးဆိုရင် လုံးဝနိုးရတယ်တဲ့။ အမ်မလေး my husband's money is my money လိုက်စမ်းပါ နိုးဆိုလို့ကတော့ လုံးဝ လုံးဝ နိုးစေရမယ်လို့ ကိုယ်တို့တွေက နောက်တတ်တယ်။ ကျောင်းမှာတုန်းက ဂင်္ဂါနဲ့ ဟွားလဲ့ကို အိုးပါးလို့ခေါ် ၊ ခီးနား ခီးနား တမီးမိုင်လိုင် မန်ပါချာလို့ ဆူနမ်တို့က ကိုယ့်ကိုသင်ပြီး အာဘီဆစ်ကို ပြောခိုင်း (ခီးနား ခီးနား တမီးမိုင်လိုင် မန်ပါချာဆိုတာ နီပါလီလို ဘာကြောင့် ဘာကြောင့် ငါ မင်းကို ချစ်တာလဲလို့ အဓိပ္ဗာယ်ရပါသတဲ့) ၊ အမ်းထရူးကို သူယူ၊ ငါယူလို့ ပစ်ပေးကြတဲ့ ဆူနမ်၊ ရာမားနဲ့ ကိုယ်တို့အကြောင်း သိလို့နဲ့ တူပါရဲ့။ ကျောင်းမှာတုန်းကလည်း မိုင်း ဖုန်းပြောပြီးရင် ကျူဟိုင်း ဘိုင့်ဘိုင်လို့ ဆူနမ်နဲ့ကိုယ်က အတင်းဝင်နှုတ်ဆက်တတ်တယ်။ အင်း ကိုယ်တို့ကိုယ်တိုင်ကမှ အလည်ခေါ်ချင်စရာ မကောင်းတာ။ ဗာမွန်ကို သွားဖြစ်ခဲ့ရင် ဗာမွန်သွားတောလား ရေးတင်ပါဦးမယ်။

စန်းထွန်း
အောက်တိုဘာ ၅၊ ၂၀၁၄။

ဖီလာဒဲဖီးယားနဲ့ အန်းမစ်ကောင်တီ အကြောင်းကတော့ ဒီနေရာမှာ ဖတ်နိုင်ပါတယ်။

Reference
1-Day Apple Picking, South Korean Farmers' Market and Princeton University Tour from New York

ပရင့်စတန်သွား တောလား - ၁

ဘွဲ့မရသေးတဲ့ ကျောင်းသားတွေ အဝင်အထွက် မလုပ်တဲ့ ပရင့်စတန်တက္ကသိုလ် မိန်းတံခါးမ

စက်တာဘာ ၁ မန်မိုရီယမ်ဒေး ပိတ်ရက်မှာ အက်ကေးဒီးယားသွား တောလားပြီးသွားတော့ စက်တင်ဘာလအတွက် ခရီးသွားဖို့ ရက်ညှိကြတော့ စက်တင်ဘာလရဲ့ ပထမ၊ ဒုတိယပတ်တွေမှာ တိုးခရီးစဉ်တွေ မရှိဘူး။ ဒါကလည်း ဖြစ်သင့်ပါတယ် စက်တင်ဘာ ၁ မန်မိုရီယမ်ဒေးပိတ်ရက် ခရီးတွေ သွားပြီးခါစကိုး။ အက်ဖ်စတိတ် upstate လို့ ခေါ်ကြတဲ့ နယူးယောက်အထက်ပိုင်းက Lake George ၊ Fingers Lake တို့ကို သွားချင်ပေမဲ့ အဲဒီခရီးစဉ်တွေက စက်တင်ဘာလကုန်မှ ထွက်မှာ။ ဝိုင်းက စက်တင်ဘာလလယ်မှာ အီတလီကို အစည်းအဝေးပွဲ သွားတက်ရမှာ စက်တင်ဘာ ၂၀ စနေနေ့ နေ့လည်မှ   ပြန်ရောက်မယ်။ နောက်အပတ်ဆို ဝိုင်းအစ်မနှစ်ယောက် ယူအက်စ်ကို လာလည်ကြမှာ သုံးပတ်ခရီးထွက်မှာမို့ အောက်တိုဘာလလယ်မှ ပြန်ရောက်မယ်တဲ့။ အီတလီကနေ ပြန်ရောက်ပြီး နောက်တစ်နေ့ စက်တင်ဘာ ၂၁ တနင်္ဂနွေနေ့ တရက်တည်းပဲ အားပါသတဲ့။

ဒီလိုနဲ့ တစ်ရက်ခရီးစဉ်တွေ ရှာဖွေတော့ Fall Foilage Special ဖြစ်တဲ့ Apple picking ကို သွားတွေ့တယ်။ ဝိုင်းက စတော်ဘယ်ရီ၊ ရက်စ်ဘယ်ရီ၊ ဘလူးဘယ်ရီ ဘာဘယ်ရီမှ မကြိုက်ဘူးတဲ့။ ပန်းသီးတော့ ကြိုက်ပုံရတယ် ပန်းခြံတွေမှာ လမ်းသွားလျှောက်ရင် အဆာပြေစားဖို့ ပန်းသီးတွေ သယ်လာတတ်တယ်။ ဘွတ်ထားတာ တပတ်ကျော်ပြီ စက်တင်ဘာ ၂၁ တနင်္ဂနွေနေ့ သွားမှာ ဗုဒ္ဓဟူးနေ့အထိ ကွန်ဖန်း confirm မဖြစ်သေးလို့ တိုးကုမ္ဗဏီကို လှမ်းဖုန်းဆက်မေးကြည့်တော့ လူမပြည့်သေးလို့ ကွန်ဖန်း မဖြစ်သေးဘူးတဲ့။ စနေနေ့တိုးကတော့ ကွန်ဖန်းတဲ့။ အမ်... ကိုယ့်သူငယ်ချင်းက စနေနေ့မှ ပြန်ရောက်မှာ။ တခြား apple picking တိုးတွေ ရှာကြည့်ဦးမှပဲ။ တခြားတိုးတွေက ပန်းသီးတော့ သွားခူးပါရဲ့ လျှော့ပင်းမောလ်၊ Mystic Aquarium မစ်စတစ်ရေသတ္တဝါပြတိုက်တွေနဲ့ ပေါင်းထားတယ်။ မစ်မတစ်  ရေသတ္တဝါပြတိုက်ကို ကိုယ်တို့ ရောက်ဖူးပြီးသား၊ လျှော့ပင်းမောလ်လည်း မသွားချင်ဘူး။ ဒီတိုးကမှ ကိုယ်တို့သွားချင်တာတွေနဲ့ ကွက်တိ။

Nassau Hall
၁၈၇၉ ကျောင်းဆင်းတွေ လှုဒါန်းထားတဲ့ ကြေးသွန်းကျားနှစ်ကောင်

ခဏလောက် ဖုန်းကိုင်ထားမလား ရုံးချုပ်ကို လှမ်းမေးပေးမယ်လေ အိုကေ ရတယ်။ ခဏလောက်ကြာတော့ အဲဒီတိုး ကွန်ဖန်းဖြစ်တယ်တဲ့ ရုံးချုပ်က အကြောင်းကြားလာတယ်၊ မကြာခင် ကွန်ဖန်းအီးမေးလ် မင်း ရလိမ့်မယ် ကျေးဇူးတင်ပါတယ်။ ကွန်ဖန်းအီးမေးလ်ရတော့ ဝိုင်းရဲ့ pick up အတွက် ဖုန်းဆက်ရပြန်တယ်။ တိုးကို ဘွတ်လုပ်တုန်းက ကိုယ့်အိမ်နဲ့နီးတဲ့ ဖလပ်ရှင်းကို ကြိ ုပို့နေရာ ရွေးထားတာ။ ဝိုင်းအိမ်က မက်ဟန်တန် တရုတ်တန်းနဲ့ နီးတယ်။ ဝိုင်းကြိုပို့အတွက် ဖုန်းဆက်တော့ ဟိုနံပါတ်ကို ခေါ်ပါ၊ ဒီနံပါတ်ကို ခေါ်ပါနဲ့ နှစ်ခါလောက် ပြောင်းခိုင်းလို့ Live chat ကနေ လုပ်ခိုင်းတာ အဆင်ပြေတယ်။ ဖလပ်ရှင်းကနေ မနက် ၇ နာရီမှာ ထွက်မှာမို့ ၆ နာရီ  ၅၀ ရောက်နှင့်နေဖို့ ဂိုက်က ဖုန်းဆက် သတိပေးလာတယ်။ မနက် ၆ နာရီ ၅၀ ဖလပ်ရှင်းက စုရပ်ရောက်တော့ လူတွေအများကြီးပဲ။ ဟိုကိုသွားပါ၊ ဒီကိုသွားပါနဲ့ ၇ နာရီထိုးတော့ တရုတ်တန်းကိုသွားမဲ့ ရှယ်တယ်ပေါ်မှာ။

တရုတ်တန်းကို နာရီဝက်လောက် မောင်းရမှာဆိုပေမဲ့ မနက်အစောကြီးမို့လား မသိဘူး ၁၅ မိနစ်နဲ့ တရုတ်တန်း ရောက်တယ်။ တရုတ်တန်းရောက်တော့ ဟိုကိုသွားပါ၊ ဒီကိုသွားပါနဲ့ စုရပ်ရောက်တော့ ဂိုက်နဲ့တွေ့တယ်။ ဝိုင်းကတော့ ရထားပေါ်မှာတဲ့။ ဝိုင်း ရောက်လာတော့ သူ့အီတလီခရီးစဉ်အကြောင်း၊ သူ့လုပ်ဖော်ကိုင်ဖက်၊ သူငယ်ချင်းတွေအကြောင်း၊ သူ သွားခဲ့တဲ့နေရာတွေကို ဖေ့ဘွတ်ကဓာတ်ပုံတွေနဲ့ ရှင်းပြတယ်။ ၈ နာရီ ထိုးပေမဲ့လည်း မထွက်သေး၊ ကားရောက်ပေမဲ့လည်း မထွက်သေး၊ ကားပေါ်ရောက်တော့လည်း မထွက်သေး။ ၃ ယောက်တဖွဲ့က မနေ့က ဂိုက်ကို ဖုန်းဆက်လာတယ် ကိစ္စတခုရှိလို့ သူတို့နည်းနည်းနောက်ကျမယ်တဲ့။ ခု တရုတ်တန်းရောက်နေပြီ နောက်ထပ် ဆယ်မိနစ်လောက် ကျေးဇူးပြုပြီး စောင့်ပေးနိုင်မလား မေးလာတော့ မစောင့်လို့မှ မရတာနော်။

မြေအောက်သုံးထပ်ရှိတဲ့ စာကြည့်တိုက်
Chapel ခရစ်ယာန်ဘုရားဝတ်ပြုကျောင်း

ကွန်ပလိမ်းတတ်တဲ့ ကိုယ့်ညဉ်ဆိုးက ပြန်ပေါ်လာပြီး ဓာတ်ပြားဟောင်း ဖွင့်တော့တာပဲ။ ကိုယ် ယူအက်စ်ကိုရောက်တော့ ပထမဆုံးတက်ရတဲ့ သင်ခန်းစာက အမေရိကန်ယဉ်ကျေးမှု သင်ခန်းစာ။ အချိန်နောက်ကျတာ မလေးစားရာ ရောက်တယ်တယ်လို့ အမေရိကန်တွေက ယူဆတယ်တဲ့။ ကိုယ်နိုင်ငံမှာတော့ မြန်မာစံတော်ချိန်အတိုင်း ချိန်းထားတာထက် နာရီဝက်လောက် နောက်ကျလေ့ရှိတယ်။ ကိုယ့်နိုင်ငံမှာတုန်းက သူလည်းနောက်ကျ ကိုယ်လည်းနောက်ကျaတာ့ ကိစ္စမရှိဘူး။  နိုင်ငံခြားမှာနေတာ ကြာလာတော့ အချိန်တိကျမှ ကြိုက်တယ်။ ကွန်ပလိမ်းတဲ့ကိုယ်ကို ဝိုင်းက လေသံတိုးတိုးလေးနဲ့ ဖျောင်းဖျတယ်။ ဝိုင်းတို့ ဗီယက်နမ်မှာလည်း အတူတူပဲတဲ့။ ကိုယ့်မကြီးလည်း အပြင်သွားတော့မယ်ဆိုရင် အလှပြင်လို့ မပြီးတော့ဘူး။ သူ့ကို ထိုင်စောင့်ရင်းနဲ့တရေးရတယ်။ ကိုယ်နဲ့အမေက သိပ်မြန်တာ သွားမယ်ဆို ရယ်ဒီပဲ။

မျက်နှာသေးသေးလေးမို့သာ တော်တော့တာ မျက်နှာက စကောလောက်များဆိုရင် အလှပြင်ဖို့ နေ့တဝက်လောက် အချိန်ယူမလား မသိဘူး ထွက်လာတော့လည်း ဘာမှမထူးပါလားလို့ ကိုယ်တို့က ကောင်းချီးပေးကြတယ်။ ခန္ဓာကိုယ်၊ ခြေထောက်၊ မျက်နှာအနေအထား မဟုတ်လို့နဲ့ ဓာတ်ပုံရိုက်လို့မပြီးတော့ဘူး။ ကိုယ့်ဘွဲ့နှင်းတက်ဖို့ နောက်နှစ် ယူအက်စ်ကို လာမှာလေ။ အဲဒီလို အလှပြင်ပုံမျိုး၊ ဓာတ်ပုံရိုက်ပုံမျိုး၊ နောက်ကျတတ်ပုံမျိုးနဲ့ တိုးတွေရဲ့ ခပ်သုတ်သုတ် နှင်ပုံမျိုးနဲ့ ဟ..ဟ တွေ့ကြပြီဟေ့။ အရင်တုန်းက အိမ်မှုကိစ္စကူမလုပ်တဲ့ကောင်တွေကို အမြင်ကပ်တာ ခု အမြင်ကပ်တာ တစ်ခုထပ်တိုးပြီ။ ဘာကိုလဲ... နောက်ကျအချိန်မလေးစားတတ်တဲ့သူတွေကို။ အဲဒီနောက်ကျတဲ့ ၃ ယောက် ရောက်လာတော့မှ ကားထွက်တော့ ၈ နာရီ ခွဲနေပြီ။ တိုးကား ဗင်ကား ခရီးသည် ၁၂ ယောက် တိုးဂိုက်က ကယ်ဗင် ကားမောင်းသမားက အက်ဒီ။ တရုတ်ခရီးသည်အများစုက အင်္ဂလိပ်စကားမတတ်တော့ ဂိုက်က တရုတ်၊ အင်္ဂလိပ် နှစ်ဘာသာနဲ့ ရှင်းပြတယ်။


ပထမဆုံး သွားလည်မဲ့နေရာက မိုင် ၅၀၊ ၁ နာရီ အဝေး နယူးဂျာဆီပြည်နယ် ပရင့်စတန်မြို့က ပရင့်စတန် တက္ကသိုလ်။ ပရင့်စတန်တက္ကသိုလ်အတွက် ၁၀ ပေးရတော့ ဟင် တက္ကသိုလ် ဝင်လည်တာများ ပိုက်ဆံပေးရတယ် ကိုယ် ဘော့စတွန်မှာ ဟားဗတ်နဲ့ အမ်အိုင်တီကို သွားလည်တုန်းက ဖရီးပါ ပရင့်စတန်က ဈေးကြီးတယ်နော်။ ဝိုင်းနဲ့ကိုယ်၊ ဘရွတ်ကလင်းက အဘိုးကြီးတို့ကို အင်္ဂလိပ်ဘာသာနဲ့ ပရင့်စတန်တက္ကသိုလ်ကို လိုက်ပြပေးတဲ့ တိုးဂိုက်မလေးက တရုတ်မလေး။ အပြန်အလှန် မိတ်ဆက်ကြပြီးတော့ ဂိုက်မလေးက ရှင်းပြပါတယ်။ ၁၇၄၆ ခုနှစ်မှာ နယူးဂျာဆီကောလိပ်အဖြစ် တည်ထောင်ခဲတဲ့ ပရင့်စတန်တက္ကသိုလ်ဟာ ခုတော့ ထိပ်တန်းတက္ကသိုလ်တစ်ခုပါ။ အမေရိကန်တော်လှန်ရေးမတိုင်ခင် တည်ထောင်ခဲ့တဲ့ ကိုလိုနီတက္ကသိုလ် ကိုးခုထဲက တစ်ခုဖြစ်ပြီး အမေရိကန်နိုင်ငံရဲ့ စတုတ္တမြောက် သက်တမ်းအရှည်ကြာဆုံး ကောလိပ်တစ်ခုပါ။ ပရင့်စတန် တက္ကသိုလ်ကနေ အမေရိကန် သမ္မတနှစ်ယောက်၊ နိုဘယ်ဆုရှင် ၃၇ ယောက်၊ အမျိုးသားသိပ္ဗံဆုရှင် ၁၇ ယောက်၊ Abel ဆုရှင် ၂ ယောက်၊ ဘယ်ဆု ဘယ်နှစ်ယောက်လို့ ရှင်းပြပေမဲ့ အကုန်မမှတ်မိလိုက်ဘူး။

ပရင့်စတန်ကျောင်းထွက်တွေထဲက သမ္မတ၊ သိပ္ဗံပညာရှင်၊ ထင်ရှားကျော်ကြားတဲ့လူတွေ နာမည်တွေ ပြောပြပေမဲ့ အဲဒီအပိုင်းမှာ ဗဟုသုတ နည်းရှာလေတော့ မမှတ်မိဘူး။ ဂူဂယ်၊ အမေဇုန်၊ အီးဘေတွေရဲ့ စီအီးအို၊ မစ်ရှဲအိုဘားမားက ပရင့်စတန်ကျောင်းထွက်တွေပါတဲ့။ အဲ...မစ်ရှဲအိုးဘားမားတော့ သိသဟ။ ကိုယ်တို့ဝင်ခဲ့တဲ့ မိန်းတံခါးမကြီးကို ညွှန်ပြပြီး ပရင့်စတန်းကျောင်းမှာ အယူတစ်ခု ရှိပါသတဲ့။ ဘွဲ့မရသေးဘဲနဲ့ အဲဒီမိန်းတံခါးကြီးကနေ မထွက်မိစေနဲ့ ထွက်မိရင် ဘွဲ့မရဘူးတဲ့။ ပရင့်စတန်ကျောင်းသားတွေဟာ မိန်းတံခါးမကြီးဘေးနားက တံခါးပေါက်ကနေပဲ ဝင်ထွက်ကြတယ်။ ပိုပြီးစိတ်ချချင်ရင်တော့ ဟိုးနားက တံခါးပေါက်ကနေ ဝင်ထွက်ကြပါသတဲ့။ ဖရက်ရှာဝဲကမ်းနေ့ဆိုရင် ကျောင်းအုပ်ကြီး ဆုံးမစကားပြီးတာနဲ့ ဖရက်ရှာလေးတွေဟာ ဟောဒီ  Nassau Hall ရှေ့ လာရောက်စုရုံးကြပြီး ဒီတံခါးမကြီးရှေ့မှာ ကျောင်းသီချင်းတွေ သံပြိုင်သီဆိုလေ့ရှိပါသတဲ့။

၁၇၇၇ ပရင့်စတန်တိုက်ပွဲတုန်းက ထွက်ပြေးသွားတဲ့ ဗြိတိသျှတွေရဲ့ သမိုင်းဝင် အမြှောက်ကို မြှပ်နှံထားတဲ့ Canon Green
အလယ်က မည်းမည်းဖုလုံးလေးက အမြှောက်

Nassau Hall ကတော့ တက္ကသိုလ်ရဲ့ သက်တမ်းအရင့်ဆုံး အဆောက်အဦးပါ။ ၁၇၅၄ မှာ တည်ဆောက်ခဲ့ပြီး ၁၇၅၆ မှာ ပြီးတယ်။ ၁၇၇၇ ပရင့်စတန်တိုက်ပွဲမှာ ပါဝင်ခဲ့ပါတယ်။ ခုတော့ ပါချုပ်၊ အုပ်ချုပ်ရေးမှုးရုံး အဆောက်အဦး ဖြစ်နေပြီး တက္ကသိုလ်အလယ်ကောင်မှာရှိတဲ့ တက္ကသိုလ်အမှတ်အသား တစ်ခုပါတဲ့။ ၁၈၇၉  ကျောင်းဆင်းတွေ လှုဒါန်းထားတဲ့ ကြေးသွန်းကျားနှစ်ကောင်က အဆောက်အဦးအဝင်ဝမှာ ခန့်ခန့်ညားညား ရှိနေပါတယ်။ Nassau Hall အရှေ့ဖက်မှာ ပရင့်စတန်တိုက်ပွဲမှာ ဗြိတိသျှတွေ ထွက်ပြေးတုန်းက ကျန်ခဲ့တဲ့ သမိုင်းဝင်အမြောက်တလက် ရှိပါတယ်။ ၁၈၁၂ စစ်မှာ New Brunswick က ယူသွားပြီးတော့ ပြန်ပေးလို့ မြိ ု့အရှေ့ဖက်မှာ ထားပါတယ်။ နောက်နှစ်နှစ်ကြာတော့ ပရင့်စတန် ကျောင်းသားတွေက စစ်ဆင်ရေးတရပ်အနေနဲ့ ညတွင်းချင်း ကျောင်းကိုပြန်သယ်လာပြီး ၁၈၄၀ မှာတော့ ခုလက်ရှိနေရာမှာ မြှပ်နှံလိုက်ပါတယ်။

နောက်အမြောက်သေးတစ်ခုက Whig ဟောနားက မြက်ခင်းပြင်အောက်မှာ မြှပ်နှံထားပါတယ်။ ၁၈၇၅ ခုနှစ်မှာ Rutgers တက္ကသိုလ်ကျောင်းသားတွေ ခိုးယူသွားလို့ သူပိုင်ငါပိုင် ငြင်းခုန်ကြတာ စစ်ဖြစ်ပြီး ပရင့်စတန်ကို ပြန်အပ်လိုက်ရပါသတဲ့။ Rutgers ကျောင်းသားတွေဟာ ပရင့်စတန်တက္ကသိုလ်ဝင်းထဲက အမြောက်ကို တိတ်တဆိတ် ဆေးအနီရောင်တွေ သွားခြယ်ကြတာ ထုံးတမ်းအစဉ်အလာတောင် ဖြစ်နေပါပြီ။ ၂၀၁၁ နိုဝင်ဘာမှာ Rutgers ကျောင်းသားတွေ အစဉ်အလာမပြတ် ပရင့်စတန်တက္ကသိုလ်ဝင်းထဲက အမြောက်ကို ခိုးကြောင်ခိုးဝှက် ဆေးအနီ သွားမှုတ်တဲ့အကြောင်း မှတ်တမ်းတင်ထားတဲ့  documentary ဗီဒီယိုဟာ ၂၀၁၂ ဆောင်းဦးရာသီ နယူးဂျာဆီ ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံးကျောင်းသား ရုပ်ရှင်ဆု ရသွားတယ်။ ၂၀၁၂ ဟားဗတ်၊ ယေးလ်တက္ကသိုလ် ဘောလုံးအသင်းတွေကို အောင်နိုင်ပြီး ချန်ပီယံဆုရတုန်းက Nassau Hall ရှေ့က Cannon Green လို့ ခေါ်ကြတဲ့ အမြောက်ထားရှိတဲ့ မြက်ခင်းပြင်မှာ မီးပုံပွဲ ဆင်နွှဲကြပါသတဲ့။


ပရင့်စတန်တက္ကသိုလ်ရဲ့ ထူးခြားချက်က undergraduate ဦးစားပေးပါ။ ဟားဗတ်တို့လိုကျောင်းတွေက ဘွဲ့လွန်တွေအတွက် ကောင်းတယ်။ ပထမနှစ်မှာ ဘယ်သာသာကိုမှ ရွေးချယ်စရာမလိုဘဲ သိပ္ဗံ၊ ဝိဇ္ဇာ အကုန်သင်ရတယ်။ ပြီးတော့မှ တက်ချင်တဲ့မေဂျာတွေရွေးချယ်ပြီး ကျောင်းတွေ ရွေးချယ်ရပါသတဲ့။ စာကြည့်တိုက်ကြည့်ရင် မကြီးသလိုထင်ရပေမဲ့ မြေအောက်ထပ် သုံးထပ်ရှိလို့ စာအုပ်တွေ အများကြီး ရှိပါတယ်။ နောက်ထပ်လည်း စာကြည့်တိုက်အသစ် ရှိပါသေးသတဲ့။ ဘုရားရှိခိုးကျောင်းကြီးက ခန့်ညားပါတယ်။ ဘာသာပေါင်းစုံ ဝတ်ပြုနိုင်တဲ့ နေရာတွေ ရှိပါသတဲ့။ ပရင့်စတန်ကျောင်းသားတွေဟာ နိုင်ငံခြားဘာသာတခုခုကို မဖြစ်မနေ ယူရတော့ အဲဒီအဆောင်တွေဟာ နိုင်ငံခြားဘာသာ သင်ပေးတဲ့ အဆောင်တွေပါတဲ့။

ဟိုးဖက်ကတော့ အားကစားခန်းမဆောင်၊ ဒီဖက်ကတော့   ကျောင်းသားဆောင်တွေပါ။ တစ်နှစ်ကို နေထိုင်စားစရိတ်၊ ကျောင်းလခတွေ ပေါင်းလိုက်ရင် ၆ သောင်းလောက်ကျတော့ တော်တော်ဈေးကြီးတယ်။ ဒါပေမဲ့ တခြားနာမည်ကြီး တက္ကသိုလ်တွေနဲ့ ယှဉ်လိုက်ရင် သက်သာနေသေးတယ်။ ဝင်ငွေနည်းတဲ့ မိသားစုက ကျောင်းသားတွေအတွက် စကော်လားရှစ်ပရိုဂရမ်တွေ ရှိပါတယ်။ ကျောင်းပြီးလို့ အလုပ်ရမှ ဆပ်ရတာတဲ့ ကောင်းလိုက်တာ။ ပရင့်စတန်တက္ကသိုလ်မှာ အမိုးခုံး ၆ ခုလောက် ရှိပါတယ်။ ဒီအမိုးခုံးကတော့ အထူးခြားဆုံး ကျောင်းဂီတပွဲတွေအတွက် သီချင်းတိုက်ကြရင် အသံပိုကောင်းတယ်ထင်လို့ ဒီအမိုးခုံးအောက်မှာပဲ တိုက်ကြသတဲ့။ ညဖက်တွေဆို ဟိုအဖွဲ့က လာသီချင်းတိုက်လိုက်၊ ဒီအဖွဲ့က သီချင်းတိုက်လိုက်နဲ့ဆိုတော့ အနားကကျောင်းသားဆောင်တွေကတော့ ဖျော်ဖြေပွဲ concert အသေးလေး နားဆင်နေရသလိုပဲတဲ့။


MacCarter ၊ Theater Art Museum တွေ ရှိပါတယ်။ အလက်ဇန္ဒားဟော ဘွဲ့နှင်းသဘင်ခန်းမဆောင် ရာဇဝင်က နည်းနည်းထူးခြားပါတယ်။ တခါတုန်း ပရင့်စတန်အာခီကျောင်းသားတစ်ယောက်ရဲ့ ဒီဇိုင်းကို ဆရာက လက်မခံဘူး။ ကျောင်းပြီးလို့ လုပ်ငန်းခွင်ဝင်၊ အောင်မြင်လာတော့ အဲဒီကျောင်းသားက ဘွဲ့နှင်းသဘင်ဆောက်ဖို့ ကုန်ကျငွေ အကုန်လုံးကို လှုဒါန်းတယ်။ ဒါပေမဲ့ ခြွင်းချက်တခုက ...ဘာလဲ ကျောင်းသားဘဝတုန်းက သူဆွဲခဲ့တဲ့ ဒီဇိုင်းကို သုံးရမယ်တဲ့လား။ အဆောက်အဦးဒီဇိုင်းက လှသားပဲ ဆရာက ဘာလို့ ပယ်ချပါလိမ့်။ အဲဒီဇာတ်လမ်းလေးကြားတော့ မင်း ယူအက်စ်မှာ အောင်မြင်မှာမဟုတ်ဘူးလို့ ပြောခဲ့ဖူးတဲ့ ပရက်ဖက်ဆာ လာမန်းကို ပြေးသတိရမိတယ်။ ကိုယ် အောင်မြင်တဲ့နေ့အထိ ပရော်ဖက်ဆာလာမန်းကို ကျန်းကျန်းမာမာနဲ့ အသက်ရှည်စေချင်တယ်။ ဒလိုင်းလားမား ဓာတ်ပုံတွေ ကျောင်းဝင်းနေရာအနှံ့ တွေ့တယ်နော်။ ဟုတ်တယ် ရှေ့လကျရင် ဒလိုင်းလားမား ကျောင်းကို လာဟောပြောမှာမို့ ပြင်ဆင်နေတာ။ အားလုံး စိတ်လှုပ်ရှားတက်ကြွနေကြတယ်။ ဒီတာဝါတိုင်က ဘာအတွက်လဲဟင်။ မသိဘူး အရင်ကတည်းက ရှိနှင့်နေတာ အရင်တုန်းက ကျောင်းသားတွေ တက်ကြသေးတယ်။ နောက်တော့ ဂရပ်ဖကိတီတွေ မှုတ်မှာ၊ တခုခုပျက်စီးသွားမှာ စိုးရိမ်လို့ ကျောင်းအုပ်ကြီးအမိန့်နဲ့ မတက်ရတော့ဘူး။

ဒီနေ့က တနင်္ဂနွေနေ့ဆိုတော့ ကျောင်းသားတွေ အိပ်နေကျတုန်း ဒါ့ကြောင့် ရှင်းလင်းနေတာ။ နို့မို့ အဆောင်ရှေ့ မြက်ခင်းပြင်မှာ နေဆာလှုံတဲ့သူ၊ စာဖတ်တဲ့သူ၊ ပစ်ကနစ်ထွက်တဲ့သူတွေနဲ့ ဆူညံပွက်လော ရိုက်နေတတ်တာ။ ဒီအဆောက်အဦးမှာ ကျောင်းဆင်းခုနှစ်ကမ္ဗည်းပြားတွေ ကပ်ထားတယ်။ မင်းတို့ကျောင်းပြီးသွားရင်လည်း ကပ်ကြမှာပေါ့။ ဟုတ်တယ် ၂၀၁၇ ကျောင်းဆင်းဆိုပြီး။ မင်းတို့ ပရင့်စတန်တက္ကသိုလ်က သိပ်လှတာပဲ။ ကိုယ်ရောက်ဖူးတဲ့ တက္ကသိုလ်ထဲမှာ ဟားဗတ်ပြီးရင် မင်းတို့ကျောင်းကို အကြိုက်ဆုံးပဲ အမ်အိုင်တီ၊ အိုင်အိုဝါ တက္ကသိုလ်ထက် လှတယ်။ ဝိုင်းကတော့ သူတက်ခဲ့တဲ့ ပြင်သစ်တက္ကသိုလ်နဲ့တူလို့ ကျောင်းကို သတိရတယ်တဲ့။ ဒါပေမဲ့ ပရင့်စတန်တက္ကသိုလ်က သူတို့ကျောင်းလောက် မကျယ်ဘူးတဲ့။ ကိုယ် တက်ဖူးတဲ့ ကျောင်းတွေထဲမှာတော့ အန်ယူအက်စ် စင်္ကာပူအမျိုးသားတက္ကသိုလ်က အကောင်းဆုံး။ ဒါပေမဲ့ ဟားဗတ်၊ ပရင့်စတန်လောက် မလှဘူး။

Alexander Hall Auditorium ကျောင်းသားဘဝတုန်းက ငြင်းပယ်ခံရတဲ့
ဒီဇိုင်းနဲ့ဆောက်လုပ်လှုဒါန်းထားတဲ့ ဘွဲ့နှင်းသဘင်ဆောင်
တာဝါတိုင်

ပရင့်စတန်တက္ကသိုလ်ဝင်းထဲ သွားလည်လို့ ပိုက်ဆံပေးရတာ မဟုတ်ဘဲ တိုးဂိုက်ခ ၁၀ ပေးရတာ။ မဆိုးပါဘူး တက္ကသိုလ်အကြောင်း သိရတာနဲ့ တန်ပါတယ်။ တရုတ်တွေဂိုက်က အဖြူပါလား ကြည့်ရတာ သူသင်ထားတဲ့ တရုတ်စကား လေ့ကျင့်ဖို့ ဂိုက်လုပ်နေတာ ထင်တယ်။ စုရပ်ပြန်ရောက်တော့ ရှေ့တန်းမှာထိုင်တဲ့ တရုတ်မလေး ၂ ယောက်နဲ့ တရုတ်လေး မရောက်သေးလို့ ဂိုက်က ဖုန်းခေါ်ရတယ်။ ဟမ်မလေး... တဖွဲ့ပြီးတဖွဲ့ မရိုးနိုင်အောင် စောင့်ရပါလား။ ကိုယ်တို့ အက်ကေးဒီးယား သွားတုန်းကဆိုရင် ၅၄ ယောက် အလွန်ဆုံးနောက်ကျ ငါးမိနစ်ပဲ။ ဘယ်သူ့ကိုမှ သိပ်ပြီးစောင့်ရတယ် မရှိဘူး။ အမယ်မင်း... ဒီတခေါက်တော့ စထွက်ကတည်းက စောင့်ရတာ ခုထိ စောင့်ရတုန်း။ ကိုယ် ကွန်ပလိမ်းတာကို ဝိုင်းလည်း မတားတော့ဘူး။ ဝိုင်းပါ ကူပြီး ကွန်ပလိမ်းချင်တယ် ထင်ပါ့။ နောက် နာရီဝက်လောက် ကားမောင်းရင် ပန်းသီးတွေခူးမဲ့ Turhune ခြံကို ရောက်ပါပြီ။ ရက်စ်ဘယ်ရီ၊ စတော်ဘယ်ရီ သွားခူးတုန်းက ခြင်းတောင်းထဲရောက်တာ နည်းနည်း ဗိုက်ထဲရောက်တာ များများ။ ပန်းသီးဆိုတော့ ဗိုက်ထဲများများ ရောက်မယ်မထင်ပါဘူး။

ကျောင်းဆင်းနှစ် ကမ္ဗည်းမှတ်တမ်းတင်ပြားတွေကို ရေးထွင်းထားတဲ့ အဆောင်

နည်းနည်းရှည်သွားလို့ ပန်းသီးခူးတာနဲ့ အန်းမစ်ချ်တွေ အကြောင်းကို အပိုင်း ၂ မှာ ဆက်ပါမယ်။

Happy Traveling!
စန်းထွန်း
‌အောက်တိုဘာ ၅၊ ၂၀၁၄။

ဘဝခရီးသည် - ၄

အလုပ်ထွက်လုပ်တာချည်း အတူတူ အလုပ်က ပြန်လာရင် ယောကျာ်းက ဧည့်ခန်းမှာထိုင် သတင်းစာဖတ်၊ တီဗွီကြည့်၊ မိန်းမက မီးဖိုချောင်မှာ ချက်ပြုတ်။ ဟင်းမချက်တောင် အိမ်မှုကိစ္စတွေ ကူမလုပ်ပေးတဲ့ ယောကျ်ားလေးဆို သိပ်အမြင်ကပ်တယ်။ ကိုယ့်အဖေက ကိုယ်တို့ကို ဟင်းချက်နည်း  သင်ပေးခဲ့တာ။ အမြင်မတော်ရင် တံမြက်စည်းယူပြီး လှည်းပစ်လိုက်တာပဲ ယောကျာ်းအလုပ်၊ မိန်းမအလုပ်ရယ်လို့ ခွဲခြားမနေဘူး။ ကိုယ့်အဖေလို ယောက်ျားမျိုး နှစ်ယောက်လောက်ပဲ မြင်ဖူးတယ်။ ဒါဆို မင်းတော့ အီတလီသားတွေကို သဘောကျလိမ့်မယ် အီတလီသားတွေက ဟင်းချက်ဝါသနာပါတယ်။ ဟင်...မင်းတို့နှစ်ယောက် ဟင်းမချက်တတ်ဘူး။ အဟဲ.. ကိုယ်စားဖို့တော့ ချက်တတ်ပါတယ် သူများကို ချက်ကျွှေးရလောက်အောင်တော့ confident မရှိဘူး။ ဝေ့လည်း ယူအက်စ်ရောက်မှ ဟင်းချက်ဖြစ်တယ်။ အမ်မလေး... ဟင်းချက်တာများ လွယ်လွယ်လေး ဟိုဟာပစ်ထည့် ဒီဟာပစ်ထည့် ဒီလိုနဲ့ ဟင်းဖြစ်သွားရော။ အပြောကြီးတဲ့ ကိုယ့်ကိုကြည့်ပြီး ဝေ့နဲ့ဝိုင်းက ပြုံးနေကြလေရဲ့။

ဝေ့ က သူ ငါးမိနစ် နောက်ကျမယ်လို့ မက်ဆေ့ပို့လာတယ်။ ကိုယ်တော့ ဝေ့လာမယ်လို့ မထင်ထားတာ။ မနက်အစောကြီးထဖို့ဆိုတာ မလွယ်ဘူး။ ပိတ်ရက်ဆို နေမြင့်တဲ့အထိ အိပ်တတ်ကြတာ။ အင်း... အပြင်သွားဖို့ဆိုတာ သတ္တိလိုတယ်၊ မပျင်းပါမှ။ ဝေ့သာ နယူးယောက်မှာ အလုပ်ရရင် ကိုယ်တို့သုံးယောက် ဖလမ်းဖလမ်း ထနေမလားဘဲ။ အရင်တုန်းက ပိတ်ရက်နှစ်ရက်မှာ တစ်ရက်ကို လမ်းလျှောက် တစ်ရက်ကို ဈေးဝယ်၊ ချက်ပြုတ်၊ သန့်ရှင်းရေး၊ အနားယူလို့ သတ်မှတ်ထားတာ ဝိုင်းနဲ့ သိပြီးကတည်းက ကိုယ်တော့ ပိတ်ရက်နှစ်ရက်လုံး အပြင်ထွက် လည်နေတော့တာပဲ။ အိမ်မှာနေရင် တနေကုန် ကွန်ပျူတာ၊ အိုင်ပတ်၊ ဖုန်းတွေနဲ့ မျက်နှာ ခွာတော့တာ မဟုတ်ဘူး။ အဲဒါ မကောင်းဘူး ပိတ်ရက်တွေမှာ ကွန်ပျူတာ၊ ဖုန်း အီလက်ထရောနစ် ပစ္စည်းတွေနဲ့ ဝေးဝေးနေသင့်တယ်။ ဝေ့က ရည်းစားမရသေးလို့ ကိုယ်တို့နဲ့ လာပေါင်းနေတာကွ။ သူ ရည်းစားရသွားရင် တောင်တက်၊ ပြတိုက်သွား၊ လမ်းလျှောက်တော့မယ် မထင်။ အင်း ဝေ့ရည်းစားက ဝေ့လိုမျိုး တောင်တက်၊ ပြတိုက်သွားတာ ဝါသနာပါရင် ကောင်းမယ်နော်။ အဲဒါဆို ကိုယ်တို့လေးယောက် အတူတူ တောင်တက်လို့ရမှာ။

ဟို နယူးဂျာဆီဖက်ကို ဆက်ထားတဲ့ တံတားက ဂျော့ဝါရှင်တန်တံတား ထင်တယ်။ ဟုတ်ပါ့မလား ဒီနားမှာ တံတားနှစ်ခုရှိတယ် နယူးဂျာဆီကို ဆက်တဲ့ ဂျော့ဝါရှင်တန်တံတားရယ်၊ ဘရောင်းဖက်ကို ဆက်ထားတဲ့ တံတားရယ်။ နယူးယော့ကာ မဖြစ်သေးတဲ့ ဝိုင်းက ဝင်မငြင်းဘူး။ မျက်မှန်ကောက်တပ်ကြည့်တဲ့ ဝေ့က ဆောရီး အဲဒါ ဂျော့ဝါရှင်တန်တံတား။ ဝေ့ မင်းဟာလေ မျက်မှန်မတပ် မမြင်မစမ်းဘဲ မငြင်းစမ်းနဲ့။ ဆဲလ်ဖီတွေ ခေတ်စားတော့ ဝေ့က ဆဲလ်ဖီတွေ ရိုက်တယ် ရိုက်တိုင်းလည်း တပုံမှ မလှဘူး။ ဆဲလ်ဖီရိုက်တယ်ဆိုတာ နည်းရှိတယ်  မျက်နှာသွယ်သွယ် မျက်နှာကျလှလှဆိုရင် ဘယ်ဖက်ကပဲရိုက်ရိုက်။ ကိုယ်တို့မျက်နှာက ကြီးတော့ တည့်တည့်ရိုက်ရင် မျက်နှာက ပိုကြီးသွားတယ်။ ဒီတော့ နည်းနည်းမြင့်မြင့်လေးက ရိုက်ရတယ်။ ဒီတော့ မေးနှစ်ထပ် ဖြစ်တာတွေလည်း မမြင်ရတော့ဘူး။

ဟုတ်တယ် ဆဲလ်ဖီပုံတွေကြည့်ပြီး ဝေ့သူငယ်ချင်းတွေက ဝေ့ကို ဝလာတယ်လို့ ပြောကြတယ်။ အမှန်က မျက်နှာက ကြီးနေတာ။ အေး အထက်ကနေ နည်းနည်းလေး ပင့်ရိုက် ဘယ်တော့မှ မျက်နှာတည့်တည့်ကို မရိုက်လေနဲ ့ဟုတ်ပြီ မျက်နှာကို နည်းနည်းစောင်းစောင်းလေး ထားပြီးရိုက်။ အဲ ခလုတ်လေး နှိပ်ပေးပါဟာ ဝေ့ လက်မမှီလို့ ဟား ဟုတ်ပြီ ဒီတစ်ခါပဲ ဆဲလ်ဖီပုံလေး ကောင်းကောင်းရဖူးတယ် ဖေ့ဘွတ်ပရိုဖိုင် လုပ်လို့ရပြီ။ လာဟေ့ အုပ်စုလိုက်ပုံ ရိုက်ပြီး ဆဲလ်ဖီလေး လေ့ကျင့်လိုက်ရအောင်။ ဓာတ်ပုံတွေ ပြန်ကြည့်တော့ ဝေ့မျက်လုံးက တခြားကို ကြည့်နေတယ်။ ဟာ ဝေ့ မျက်လုံးက ကင်မရာကို ကြည့်ရမှာကွ ဘယ့်နှယ့် ခလုတ်ကို ကြည့်နေတာတုန်း ပြန်ရိုက်မယ်။ ကြိုက်တဲ့ အနေအထားလေးရပြီဆိုရင် ကင်မရာကိုကြည့်လို့ အော်ပြီး သတိပေးရတယ်။ ဒါပေမဲ့လည်း ဝေ့က ခလုတ်နှိပ်တဲ့သူဆိုတော့ ယောင်ပြီး ခလုတ်ကိုကြည့်မိလို့ ဓာတ်ပုံထဲမှာ သူ့ မျက်လုံးက တခြားကို ကြည့်နေသလို ဖြစ်နေတယ်။ ဒီလိုနဲ့ ဓာတ်ပုံ ၃၀ လောက်ရိုက်မှ ၁ ပုံ ကောင်းကောင်းရတယ်။


ဝိုင်းက သူ့ကင်မရာလေးနဲ့ ဆဲလ်ဖီရိုက်ကျင့်။ ဝေ့က သူ့ဖုန်းနဲ့ ဆဲလ်ဖီရိုက်ကျင့်။ ကိုယ်က သူတို့နှစ်ယောက် ဆဲလ်ဖီတွေကို ဝေဖန်ပေး၊ ကင်မရာခလုတ်နှိပ်ပေး၊ ဖုန်းအနေအထားပြင်ပေးနဲ့။ ကိုယ်တို့တွေ ဆဲလ်ဖီလေ့ကျင့်ကြတာ တဟားဟားနဲ့ အတော်ပျော်စရာကောင်းသား။ ဆူနမ်တို့နဲ့ ဆဲလ်ဖီတခါမှ မရိုက်ဖူးဘူး။ ဝေ့၊ ဝိုင်း၊ ကိုယ်တို့ဆုံကြရင် ဆဲလ်ဖီရိုက်ကြပြီး ဘယ်သူက တိုးတက်လာတယ်၊ ဘယ်သူက ဘယ်နေရာမှာ လိုနေတယ်လို့ ဝေဖန်ကြတော့တာပဲ။ ၉၁၁ နေ့က ဝေ့ နှုတ်ဆက်ပွဲ ကျင်းပတယ်။ အဲဒီနေ့မှာပဲ ကိုယ့်အလုပ်ဗီဇာ အဆင်ပြေသွားလို့ကိုယ်က ပါးစပ်နားရွက်ချိတ်မတတ် ပျော်နေတော့တာပဲ။ မျက်နှာကလည်း တပြုံးပြုံးနဲ့။ ကိုယ်တို့ရုံးမှာ ၆ ယောက်လျှောက်တာ ၃ ယောက်က ရီဂျက်၊ တယောက်က ရသွားပြီး ၊ ၂ ယောက်က မသိရသေး (အဲဒီ ၂ ယောက်ထဲမှာ ကိုယ်ပါတယ်)။ ရီဂျက်ထိတဲ့ တရုတ်လေးက ပီအိတ်ချ်ဒီ၊ လွန်ခဲ့တဲ့ ၆ လကမှ  သမီးလေးမွေးလို့ ကလေးအဖေ ရာထူးတိုးတဲ့သူ၊ ယူအက်စ်မှာနေတာ ၆ နှစ်လောက်ရှိပြီ။ အဲဒီလိုလူက ရီဂျက်ဆိုတော့ သတင်းကြားစတုန်းက ကိုယ်ဆို စားမဝင်၊ အိပ်မပျော်။

ကိုယ့်အပူတွေကို မိုင်းဆီ အီးမေးလ်နဲ့ ဝေမျှတယ်။ သူငယ်ချင်းဆိုတာ ကောင်းမွေ၊ ဆိုးမွေ အတူတူ ခံစားရတာမျိုးကိုး။ ပျော်နေတုန်းကတော့ သတိမရဘူး စိတ်ညစ်တယ်ဆိုရင် သူငယ်ချင်းတွေကို သတိရတယ်။ ဆူနမ်က ဘာတွေဖြစ်နေတာတုန်း ဘယ်ကျောင်းတော့ရှိတယ် ဘယ်လိုလျှောက်ရမယ် ဈေးနည်းနည်းကြီးတယ်လို့ သတင်းပေးတယ်။ ဆူနမ်က အပေါင်းအသင်း များသလို သတင်းအတော်များများလည်း သိတယ်။ သူတို့က ကိုယ့်ကို မီနီဂူဂယ်လို့ ခေါ်တာ ဆူနမ်ကမှ တကယ့်မီနီဂူဂယ်။ ကိုယ့် ကျောင်းသားဗီဇာက ဘာဖြစ်လို့ သူ့ထက် စောနေရတာလဲ ကျောင်းကိုပြန်မေးခိုင်းလို့ မေးတော့မှ ဒီဇင်ဘာအထိ တိုးပေးလိုက်တယ်။ ကြည့် မမေးလို့ကတော့ စက်တင်ဘာဆို ကျောင်းသားဗီဇာကုန်ပြီ တရားဝင်အလုပ်လုပ်လို့ မရတော့ဘူး။ ကျောင်းသားဗီဇာ သက်တမ်းတိုး၊ ဆူနမ်ဆီကနေ ကျောင်းတွေသတင်း သိရတော့မှ နည်းနည်း စိတ်အေးသွားတယ်။ သူငယ်ချင်း၊ မိတ်ဆွေကောင်းတွေရှိတာ မင်္ဂလာတစ်ပါးပါပဲ။

အလုပ်ဗီဇာ မရခဲ့ရင် ကျောင်းလျှောက်ရမယ်၊ ကျောင်းတက်ရမယ်၊ ပိုက်ဆံကုန်မယ်။ နည်းလမ်းတွေ ရှိပေမဲ့ စိတ်ဒုန်းဒုန်း မချနိုင်သေးပါဘူး။ အဲဒီနေ့မနက်က ကိုယ့်ဗီဇာ အတည်ပြ ုသွားပြီလို့ ကျောင်းက အီးမေးလ်ပို့လာတော့မှ ရှေ့နေဆီ ဖုန်းဆက်ပြီး အတည်ပြုခိုင်း။ သေချာတော့မှ သတင်းကောင်းကို သူငယ်ချင်း၊ မိတ်ဆွေတွေဆီ အီးမေးလ်၊ မက်ဆေ့ပို့၊ ဖုန်းဆက် ထခုန်မတတ် ပျော်နေတော့တာပဲ။ အစကတော့ ဝေ့ကို ဈေးပေါတဲ့ ဂျပန်ကုန်စုံဆိုင်လေးမှာ နှုတ်ဆက်ပွဲကျွှေးမလို့ နောက်တော့ ကွန်ကရက်ကျူလေးရှင်းပါတီအနေနဲ့ ဖလပ်ရှင်းမှာ ဟော့ပေါ့ သွားစားကြတယ်။ ကိုယ်တို့သုံးယောက် ဟော့ပေါ့ ကြိုက်ကြတယ်။ အိန္ဒိယစာပဲကြိုက်တဲ့ ရာမားကြောင့် အိန္ဒိယဆိုင်မှာ သွားစားရင် သူငယ်ချင်းတွေနဲ့ ဘက်မပဲ့ချင်လို့ လိုက်စားပေမဲ့ ကိုယ် သိပ်မကြိုက်ဘူး။ ဟော့ပေါ့ဆိုင်မှာ ဆဲလ်ဖီရိုက်ကြသေးတယ် မီးကလင်းလွန်းနေလို့ ဆဲလ်ဖီပုံတွေ မကောင်းဘူး။ ကိုယ်တို့သုံးယောက် ပြောလိုက်ကြတာ ဘာတွေပြောမှန်း မသိဘူး။ ဆူနမ်၊ ရာမား၊ အမ်းထရူးနဲ့ဆို ကိုယ်က ပါးစပ်ပိတ်နေရတာ များတယ်။ ဝေ့၊ ဝိုင်းနဲ့ဆိုရင် ပြောစရာတွေ မကုန်နိုင်ဘူး။ အဲဒီနေ့က ဆူနမ်၊ ရာမား၊ အမ်းထရူးတို့ကို သတိရတယ်။ သူတို့သာ နယူးယောက်မှာဆိုရင် ဝိုင်ပါတီ နွှဲကြမလားဘဲ။ ခုတော့ မိုင် ၂၄၀ ၊ ၄ နာရီအဝေးမှာ။

ကိုလံဘီယာတက္ကသိုလ်မှာ မာစတာလာတက်တာလို့ ထင်နေတဲ့ ဝေ့က ပီအိတ်ချ်ဒီ လာတက်တာလို့ သိလိုက်ရတော့ ကိုယ်တို့မှာ အံ့တွေသြလို့။ ဝေ့ကို ကိုယ်တို့က ချာတိတ်သာသာလို့ ထင်နေတာကိုး။ အိမ်မှာလည်း အငယ်ဆုံး၊ သားယော်ကျာ်းလေးမို့ အလိုလိုက်ခံရ၊ လုပ်ငန်းခွင် မဝင်ရသေးတဲ့ ဝေ့ဟာ ကိုယ်တို့မျက်စိထဲမှာတော့ အပူအပင်မရှိတဲ့ ကလေးလိုပါပဲ။ ဝေ့က ၈၈ မွေးတာတဲ့ သူ့ဖေ့ဘွတ်ပရိုင်ဖိုင်မှာ တွေ့တာ။ ဟာ...တော်တော် ငယ်တာပဲ ကိုယ်တို့ထက် ၆ နှစ်၊ ၇ နှစ် ငယ်တယ်။ ကိုယ်တို့က နုတာလား ဝေ့ကပဲ ရင့်တာလား မသိဘူး ဓာတ်ပုံထဲမှာတော့ ရွယ်တူလို့ ထင်ရတယ်နော် ဟိ..ဟိ။ မူလတန်း တက်မဲ့အချိန်ရောက်တော့ ကိုယ့်အသက်က ၄ နှစ်ခွဲ။ ၅ နှစ်မှ ကျောင်းအပ်လက်ခံတာဆိုတော့ အဖေက မွေးစာရင်းမှာ အသက်တစ်နှစ် တိုးလိုက်တယ်။ ဒါကြောင့် မှတ်ပုံတင်မှာ ကိုယ့်အသက် တစ်နှစ်ပိုကြီးတယ်။ ဝိုင်းအစ်မလတ်လည်း အဲဒီလို တစ်နှစ်တိုးထားတယ်။ အစ်မကြီးက ၇၅ ခုနှစ် သြဂုတ်လမှာ မွေးတာ အစ်မလတ်နဲ့ တစ်နှစ်ခွဲ ကွာတယ်။

ဒါပေမဲ့ အသက်တစ်နှစ်တိုးထားလို့ အစ်မလတ်က မှတ်ပုံတင်မှာ ၇၆ ခုနှစ် ဇန်နဝါရီ။ ခု ယူအက်စ်ကို လာဖို့ လေယာဉ်လက်မှတ်ဝယ်တော့ ကူညီပေးတဲ့ ဝိုင်းသူငယ်ချင်းက ဝိုင်းအစ်မနှစ်ယောက် ဘယ့်နှယ့် ၄ လပဲ ကွာနေရတာလဲတဲ့။ အဲဒီပြသနာကို ဝိုင်းအစ်မကြီးက အလတ်မက မွေးစားသမီးလို့ ဖြေရှင်းလိုက်တယ်။ တရုတ်ပြည်ကို ချောချောမောမော ရောက်တဲ့အကြောင်း၊ နယူးယောက်မှာ ကိုယ်တို့နှစ်ယောက်နဲ့ သိကျွှမ်းခဲ့ရတာကို ဝမ်းမြောက်တဲ့အကြောင်း၊ ကိုယ်တို့သွားချင်တဲ့ ခရီးစဉ်တွေ အထမြောက်ပါစေဖို့ ဆုမွန်ကောင်း တောင်းတဲ့အကြောင်း၊ ပါရဂူစာတမ်းကို တည်းဖြတ်ပေးစေချင်တဲ့အကြောင်း၊ တရုတ်အစိုးရကို ဟက်ခ်လုပ်တယ်ထင်လို့ ဘမ်းထားတဲ့ ဂျီမေးလ်ကို ပရောက်စီတွေသုံးပြီး ကျော်ခွတတ်နေပြီဆိုတဲ့ အကြောင်း အီးမေးလ်တွေ ကိုယ်တို့ရပါတယ်။ ဒီလိုအီးမေးလ်တွေ အလာကျဲသွားမှာ၊ လုံးဝမလာတော့မှာ ကိုယ်တို့ အသေအချာ သိနေကြတယ်။

ဝေ့နဲ့ ဆုံရတဲ့ အချိန်က ခဏလေးပေမဲ့ ဝါသနာတူလို့ ကိုယ်တို့တွေ ပျော်ခဲ့ကြတယ်။ နောက်ထပ်ဆုံဖို့ မျှော်လင့်ပါတယ်ဆိုတဲ့ စကား ကိုယ်တို့ မပြောကြဘူး။ ဘာကြောင့်လဲဆိုတော့ နောက်ထပ် ဘယ်တော့မှ မဆုံတော့ဘူးဆိုတာ ကိုယ်တို့တွေ အသေအချာ သိနေခဲ့ကြလို့ပါပဲ။ တစ်နှစ်ကွန်းထရပ်ကုန်ရင် ပြင်သစ်စကားပြောနိုင်ငံ (အာဖရိက) တွေမှာ တာဝန်ထမ်းဆောင်ရဖို့ရှိတဲ့ ဝိုင်းဟာလည်း မကြာခင် ခွဲခွာရတော့မှာပါ။ ဘဝမြို့မှာ ဖြတ်သန်းပြေးဆွဲနေတဲ့ ရထားလိုင်းတွေ အများကြီးထဲမှ ကိုယ်စီးတဲ့အချိန်၊ ကိုယ်စီးတဲ့ရထား၊ ကိုယ်စီးတဲ့ရထားတွဲကို ဆိုက်ဆိုက်မြိုက်မြိုက် တက်လာပြီးတော့ သိကျွှမ်းခင်မင် သူငယ်ချင်းတွေ  ဖြစ်သွားကြပေမဲ့ အချိန်တန်တော့လည်း ခွဲခွာကြရတာပဲ။ တောင်သွားတက်တဲ့အခါ၊ ပြတိုက်သွားတဲ့အခါ၊ ပန်းခြံမှာ လမ်းလျှာက်တဲ့အခါ ဝေ့နဲ့ ဝိုင်းကို သတိရမိလေမလား။ တနေ့နေ့ တချိန်ချိန် တနေရာရာမှာ ကိုယ်တို့တွေ ပြန်ဆုံတွေ့ကြဦးမလား။ တကယ်တော့လည်း ကိုယ်တို့ဟာ တွေ့ဆုံကြုံကွဲကြတဲ့ ဘဝခရီးသည်မျှသာ...

စန်းထွန်း
အောက်တိုဘာ ၁၊ ၂၀၁၄။

ဝါသနာမတူ၊ စရိုက်မတူပေမဲ့ အတန်းတူလို့ ဘဝခရီးသည် ဖြစ်ခဲ့ဖူးတဲ့ ပန်ဒါသုံးကောင်အကြောင်းကတော့
ဒီနေရာ လေးမှာ ရေးခဲ့ဖူးပါတယ်။