ဝေးနေလျက်နှင့် နီးနေခြင်း ...

Lookout Mountain, Georgia state.

ပါးလျလျ မျက်ခုံးအောက်က ကြည်လင်အေးချမ်းတဲ့ မျက်ဝန်းဆီမှာ၊ ပါးချိုင့်နှစ်ခုပေါ်အောင် ပြုံးပြတတ်တဲ့ အပြုံးဆီမှာ၊ ကူညီဖေးမတတ်တဲ့ လက်တစုံဆီမှာ ခင်မင်ရင်းနှီးခြင်း၊ ရိုးသားဖြူစင်ခြင်းများကို ခံစားသိရှိနိုင်သည်။ အလုပ်ရှာဖွေနေမှန်း သိလျှင်တော့ စိတ်ပူစွာဖြင့် သတင်းစကားမေးသော်ငြား အလုပ်ရပြီးသည်နှင့် မဆက်သွယ်ကြသူတွေ။ အီးမေးလ်၊ ဖေ့ဘွတ်၊ ဘိုင်ဘာ၊ ဖုန်းနံပါတ်တွေ ရှိကြသော်ငြား အင်တာနက်ခေတ်ကြီးတွင် အဆက်အသွယ်မရှိကြသူတွေ။ တစ်နှစ်မှ တစ်ခါလောက်သာ စကားပြောဆိုဖြစ်ကြသော်ငြား ပြောဆိုပြန်လျှင်လည်း ပြောစရာစကားတွေ မကုန်ခမ်းနိုင်တဲ့သူတွေ။ အိမ်ထောင်ပြုသင့်တဲ့အရွယ်ရောက်နေပေမဲ့ ရည်းစားမရှိ၊ အိမ်ထောင်ပြုချင်တဲ့သူ မတွေ့သေးလို့ အခက်ကြုံနေကြသူတွေ။ နင် နေ့လည်ထမင်းစားပြီးချိန်ဆို ဝေါစတိလမ်းဖက် လမ်းလျှောက်ထွက်တယ်ဆို။ အဲဒီမှာ အမေရိကန်ကောင်လေး ချောချောလေးတွေ မတွေ့ဘူးလား။ ဟ ... တွေ့တာပေါ့ အများကြီး အဲဒါနဲ့ပဲ ရည်းစားရရောလား ဒီလောက်လွယ်သလား။ နင် ဘုန်းကြီးကျောင်းတွေ ဒီလောက်သွားနေတာ ကောင်လေးတွေ မတွေ့ဘူးလား။ ဘုန်းကြီးကျောင်းကို လာကြတာ အသက် ၆၀၊ ၇၀ အရွယ်တွေ ကောင်လေးတွေ ဘုန်းကြီးကျောင်း မလာဘူး။ အဲ့ဒီ အသက် ၇၀ ကျော်တွေမှာ အသက် ၃၀ ကျော်အရွယ် သားတွေ မရှိဘူးလား။ ဟေ ... ဘုန်းကြီးကျောင်းသွားတာ ယောကျ်ားရှာဖို့၊ ဆက်ဟပ်ကြဖို့ သွားတာမှ မဟုတ်တာ။ ယောက်ျားလိုချင်မှတော့ ဘုန်းကြီးကျောင်းမသွားဘဲ ဘားတို့၊ နိုက်ကလပ်တို့ သွားမှာပေါ့။ အသက် ၃၀ မှ ရည်းစားမရှိသေးရင် ရည်းစားရဖို့ခက်တယ် ကိုယ့်ဘာသာကိုယ် ရပ်တည်နိုင်တဲ့ မိန်းမတွေက ပိုခက်တယ်ထင်တယ်။

crush တွေတော့ ရှိတာပေါ့ဟယ် နီးနေရက်နဲ့ ဝေးနေတဲ့သူတွေ။ နီးနေရက်နဲ့ ဝေးနေတာမျိုး၊ ဆုံနေလျက်နဲ့ လွမ်းနေတာမျိုး မဖြစ်ရအောင် အိုပါး ဆာရားငှဲ (အစ်ကို ချစ်တယ် ကိုရီးယားလို) လို့သွားပြောပေါ့။ သိပ်မြှောက်ပေးမနေနဲ့ ဒီက သိပ်လုပ်ချင်ရှာတာ မဟုတ်ဘူး ဟိုက ဘီယာနယ် (ဆောရီး ကိုရီးယားလို) ပြောမှ ဟုတ်ပေ့ဖြစ်နေဦးမယ်ဆိုပြီး တဟားဟားရယ်နေကြလေရဲ့။ နေပါဦး သူများကိုသာပြောနေ နင်ကျတော့ရော ဒီလောက်ငါးမျှားသွားနေတာ ငါးမျှားတဲ့ကောင်မလေးတွေ မတွေ့ဘူးလား။ နွေရာသီတုန်းက တွေ့သေးတယ် ဆောင်းတွင်းတော့ တယောက်မှမတွေ့ဘူး။ ခုရာသီက trout ဆိုတဲ့ငါးတွေ အင်မတန်ပေါတာ နင် trout ငါး သိလား။ ငါက ပင်လယ်နားမှာ ကြီးခဲ့တာ ငါးတွေကို အကုန်သိတယ် နာမည်နဲ့ငါးနဲ့ မတွဲမိလို့သာ။ ဝိုင်အိုမင်းပြည်နယ် Yellow Stone အမျိုးသားဥယျာဉ်မှာ ငါးတွေဖမ်းမိရင် အိမ်သယ်သွားခွင့် မရှိဘူး ငါးနဲ့ဓာတ်ပုံရိုက်လို့ရတယ် မြစ်ထဲပြန်လွှတ်ရတယ် မလွှတ်ရင် ဒဏ်ရိုက်တယ်။ မိန်းပြည်နယ် အကေဒီးယားအမျိုးသားဥယျာဉ်မှာလည်း လော့စတာတွေမိလို့ ၆ လက်မ မပြည့်ရင်၊ ဥတွေရှိနေရင် ပြန်လွှတ်ရတယ်။ ငါးတွေသေးနေရင်တော့ ပြန်လွှတ်တယ် ရေခဲအောက်မှာ ငါးမျှားတာ မြင်ဖူးလား တီဗွီမှာ မြင်ဖူးတယ်။ အိမ်ကို မိန်းမယူတော့မယ်လို့ ပြောလိုက်ပြီး အိမ်ကရှာပေးတဲ့မိန်းကလေးကို ယူလိုက်မယ်။ ငါတို့တွေ အသက် ၃၀ ကျော်အထိ တစ်ယောက်တည်းနေရတာကြာလို့ single life ကို enjoy နေကြတာထင်တယ်။ အယ်မလေး ... တကယ်ချစ်တဲ့သူ မတွေ့သေးလို့ချစ်တဲ့သူတွေ့လို့ အိမ်ထောင်ပြ ုချင်လာရင် မိဘတွေ သူငယ်ချင်းတွေက တားတာတောင် ရမှာမဟုတ်ဘူး။

သိကြားမင်းဆင်းတားတာတောင် ရမှာမဟုတ်ဘူး ဟား .... ဟား အမှန်ပဲ။ နင် ဆောင်းတွင်းရောက်တိုင်း ဂစ်တာတီးသင်ဖို့ ကြိုးစားတာ အောင်မြင်ပြီလား။ မအောင်မြင်သေးပါဘူးဟာ ကီး ၃ ခု ကျင့်ပြီးရင် ကီးတခုကနေ ကီးတခုကို အမြန်ပြောင်းနိုင်အောင် လေ့ကျင့်ရမဲ့ နေရာကနေ မတတ်နိုင်သေးဘူး။ ဟင်းချက်တာ တိုးတက်လာပြီလား တိုးတက်နေပြီ နင်လာရင် ချက်‌ကျွှေးမယ် ငါ့လက်ရာတွေ အစွမ်းပြမယ်။ အစွမ်းတော့ မပြပါနဲ့ဟယ် တရုတ်တန်းမှာ လိုက်ကွျှေးရင် ရပါပြီ။ စကားတွေ မပြောဖြစ်ပေမဲ့ ပြောပြန်ရင်လည်း သူငယ်ချင်းတွေ၊ မိတ်တွေတွေအကြောင်း၊ သွားချင်တဲ့ခရီးတွေ၊ စိတ်ကူးအိမ်မက်တွေအကြောင်းနဲ့ ပြောစရာတွေ အများအပြား။ အင်တာနက်သုံးကြပေမဲ့ စကားတွေမပြောဖြစ်၊ တခါတလေမှ စကားတွေပြောကြပေမဲ့ ပြောလိုက်ရင်လည်း စိတ်ထဲရင်းရင်းနှီးနှီး ခင်မင်နေဆဲဖြစ်နေတဲ့ သူငယ်ချင်းတွေရှိတယ်။ ကိုယ်နေတဲ့မြို့ကိုရောက်ခဲ့ရင် တွေ့ရအောင်လို့ပြောပေမဲ့ ဘယ်တော့မှ မတွေ့ဖြစ်သူတွေ၊ ကိုယ်သွားမှတွေ့လို့ရမဲ့သူတွေ၊ ကိုယ်ကလည်း သူတို့ရှိရာမသွားဖြစ်တော့ မဆုံဖြစ်သူတွေ၊ မိုင်ပေါင်းရာထောင်ချီဝေးပေမဲ့ စကားပြောလိုက်တိုင်း စိတ်ထဲခင်မင်နေဆဲ ရင်ဘတ်ချင်းနီးနေဆဲလို့ ခံစားမိသူတွေ၊ ကိုယ်နဲ့ ဝေးနေလျက်နဲ့နီးနေသူတွေ။

စန်းထွန်း
ဇန်နဝါရီ ၁၀၊ ၂၀၁၈။

5 comments:

Anonymous said...


Anonymous said...



ဆုမြတ်

San San Htun said...


AMK said...


San San Htun said...

Anonymous said...
နှလုံးသားအကွာအဝေး ဘယ်လောက်နီးလဲမသိ...စိတ်ထဲမယ်တော့ စာတွေဖတ်ရင်းနဲ့ မိတ်ဆွေသူငယ်ချင်းအရင်းကြီးလိုခံစားမိနေတာ ..။ ဂျီစီလည်းရပြီဆိုတော့ ခရီးများများထွက် ပျော်အောင်နေ စာများများရေး..မျှော်နေတယ်နော် အမေရိက တစ်ပတ် road trip သွားမယ့်ကိစ္စလေးတွေ ဘာလေးတွေပေါ့..ဟီးးး :P
January 10, 2018 at 8:19 PM
Anonymous said...

နှလုံးသားအကွာအဝေး ဘယ်လောက်နီးလဲမသိ...စိတ်ထဲမယ်တော့ စာတွေဖတ်ရင်းနဲ့ မိတ်ဆွေသူငယ်ချင်းအရင်းကြီးလိုခံစားမိနေတာ ..။ ဂျီစီလည်းရပြီဆိုတော့ ခရီးများများထွက် ပျော်အောင်နေ စာများများရေး..မျှော်နေတယ်နော် အမေရိက တစ်ပတ် road trip သွားမယ့်ကိစ္စလေးတွေ ဘာလေးတွေပေါ့..ဟီးးး :P

ဆုမြတ်
January 10, 2018 at 8:20 PM
San San Htun said...
အမလေးတော် ... coast to coast road trip က အနည်းဆုံး ၂ ပတ် ဘတ်ဂျက်က တယောက်ကို ၅၊ ၆ ထောင် အနည်းဆုံး၊ တယောက်တည်း ထွက်လို့မရသေးဘူး ... ခရီးသွားဖော်ကောင်းကောင်း လိုသေးတယ် ... ဆုမြတ်ရေ လာမယ် ကြာမယ်...(ဘယ်တော့မှန်းမသိ) :P
January 12, 2018 at 8:59 PM
AMK said...
တယောက်ထဲ နေရတဲ့ ဘ၀ က အကောင်းဆုံးပါ အယ်မရယ်
January 23, 2018 at 8:40 PM