ပနားမားသွား တောလား - ၂

ပနားမားတူးမြောင်း လည်ပတ်ပြီးတဲ့အချိန် နေ့လည်မွန်းတည့်တော့မယ်။ လေယာဉ်က ည ၆ နာရီ ၂၀ ဆိုတော့ လေဆိပ်ကို ၄ နာရီ ၂၀ ရောက်ရမယ်။ ၄ နာရီ ၂၀ ရောက်ဖို့ ၃ နာရီ လောက်ပြီးမှဖြစ်မယ်။ အချိန်က ၃ နာရီပဲ ကျန်တော့တယ် နေ့လည်စာစားမှာက တနာရီဆိုတော့ လည်ပတ်မဲ့ ၂ ခုထဲက တခုရွေးခိုင်းတယ်။ နေ့လည်စာစားဖို့ တနာရီအချိန်မပေးချင်ဘူး လမ်းဘေးကနေ ဝယ်စားပြီး လည်စရာတွေ အကုန်လည်မယ်။ ဗိုက်ဆာလို့ ဂတ်စ်ဆိုင်ကနေ ရေသန့်၊ အသားသွတ်မုန့်၊ အာလူးကြော် ဝယ်စားကြတယ်။ စတိတ်မှာဆိုရင် တော်ရုံတန်ရုံ ရေသန့်ဝယ်မသောက်ပေမဲ့ တခြားတိုင်းပြည်မှာတော့ ရေသန့်ဝယ်သောက်တယ်။ ကော့စကာရီကာတိုးတိုင်း ရေသန့်ဗူးပေးတယ်။ နယူးယောက် JFK လေဆိပ် လုံခြုံရေးကောင်တာမရောက်ခင် ရေဗူးထဲကရေ အကုန်သောက်။ ဆူနမ်က ရေဗူးကို လက်ကေ့အိတ်ထဲ ထည့်လိုက်ပြီး ကိုယ့်ရေဗူးကလည်း ရေမဖြည့်ရသေးတော့ ရေသန့်သွားဝယ်တယ်။ ပြီးတော့ ရေသန့်ကလည်း ဈေးကြီးလိုက်တာနဲ့ လေဆိပ်မှာ ဘာမဆိုဈေးကြီးတယ်။ ခရီးသွားရင် ရေဗူးရေဖြည့်တဲ့တာဝန် အမေကယူပြီး ပစ္စည်းတွေထုပ်ပိုးသိမ်းဆည်း ရှင်းလင်းတဲ့တာဝန် အဖေကယူတယ်။ ပထမဆုံးသွားရောက်မဲ့နေရာက Ancon Hill ပနားမားရဲ့အမြင့်ဆုံးတောင်ကနေ ဗျုးပွိုင့်ရှုခင်းကြည့်မှာ။ လမ်းတလျှောက် တွေ့မြင်ရတာတွေ တိုးဂိုက်က ရှင်းပြပေမဲ့ စပိန်သံတအားဝဲတော့ နားမလည်တာ ခပ်များများပေမဲ့ ခေါင်းတငြိမ့်ငြိမ့် လုပ်ရတာပေါ့။ ပနားမားက သန့်ရှင်းလှပတယ် တိုက်အမြင့်ကြီးတွေများတယ် မိုင်ယာမီနဲ့တူတယ်လို့ ပြောကြတယ်။ ဘဏ် ၇၇ ခုက စီးပွားရေးတောင့်ကြောင်းကို ပြတယ်။ တနာရီအဝေးမှာ လျှော့ပင်းမောလ်တခုရှိတယ် ဘရန်းအစုံရတယ် sales tax သက်သာလို့ နိုင်ငံခြားကနေ လျှော့ပင်းထွက်ဖို့သက်သက်လာကြတာတွေရှိတယ်။ ပနားမားလူမျိုးတွေက အေးချမ်းတယ်။ ပနားမားမှာ ကိုလံဘီယာ၊ နီကွာရာကွာ ဒုက္ခသည်တွေရှိတယ်။ အရင်တုန်းက ကိုလံဘီယာတွေ ဗီဇာမလိုဘူး လာပြီးမပြန်တဲ့သူတွေများလာလို့ အလည်ဗီဇာ ၁၈၅ ကျပ်သတ်မှတ်လိုက်တယ် ခက်လည်းခက်တယ်တယ့်။

တောင်ခြေမှာ ကားရပ်လိုက်ပြီး တောင်တက်ရမယ်တဲ့။ တောင်ခြေက လုံးခြင်းအိမ်လေးတွေက ချစ်စရာလေးတွေ သူဋ္ဌေးတွေ နေတာ။ တောင်ပေါ်ဆိုတော့ ရှုခင်းလှတယ်။ တောင်ပေါ်ကနေ ဆင်းလာတဲ့ အလယ်တန်းကျောင်းသား ကျောင်းသူလေးတွေ တွေ့တယ်။ အသားညှိညှိ၊ ဆံပင်နက်နက် မျက်ခုံးနက်နက်လေးတွေ။ တောင်ကလည်း မတ်လိုက်တာ ဆယ်မိနစ်လောက် လျှောက်ပြီးတဲ့အထိ မရောက်သေးလို့ မေးကြည့်လိုက်တော့ မိနစ် ၂၀ တက်ရမယ် ခုတဝက်ရောက်ပြီတဲ့။ ဟိုက်နေအောင် အားစိုက်တက်ရတယ် ရေဗူးမယူခဲ့တော့ ရေငတ် ‌ချွှေးပြိုက်ပြိုက်ကျ။ လေအေးတချက်တိုက်လိုက်ရင် ခဏအမောပြေပေမဲ့ မောလိုက်တာ။ ဆူနမ်က အတော်လေးမှာ ကျန်ခဲ့လို့စောင့် တိုးဂိုက်က မစောင့်ဘူး တက်နှင့်တယ် ဖုန်းပြောမပြတ်။ ဆူနမ်က လမ်းလျှောက်ရမယ်ဆိုရင် ဘောင်းဘီတိုအမြဲဝတ်တာ ခုဂျင်းဘောင်းဘီနဲ့ဆိုတော့ တက်ရအင်မတန်ခက်တယ်။ ဒီလိုတောင်တက်ရမယ်ဆိုရင် သူ့ကိုပြောပါလား ဘောင်းဘီတိုဝတ်မှာပေါ့တဲ့။ ကိုယ်မှမသိတာ တောင်ပေါ်ကိုကားနဲ့တိုက်ရိုက်တက်မယ်ထင်နေတာ။ တိုးဂိုက်က ရေဗူးယူခဲ့လို့လည်း မပြောဘူး စိတ်ဆိုးနေတာ လှည့်ပြန်သွားမလို့တောင် စဉ်းစားနေတာတဲ့။ တောင်ထိပ်ကိုရောက်တော့ ရှုခင်းကဒီလောက်လည်း မလှပါဘူး တောင်ထိပ်မှာ တာဝါတိုင်ပဲရှိတယ်။ ဆူနမ်က ရေဘူးရောင်းတဲ့ဆိုင်ရှိလားမေးတော့ မရှိဘူး။ ဓာတ်ပုံရိုက်ပြီး ပြန်ဆင်းတာ ၁၅ မိနစ်လောက်ပဲကြာတယ်။ ပနားမားတူးမြောင်းအဝင်အထွက်ကို ကာကွယ်ဖို့ အမေရိကန်စစ်တပ် တည်ဆောက်ခဲ့တဲ့ Amador Causeway တံတားကို ဖြတ်ကျော်ပြီး ဗျူးပွိုင့်မှာ ဓာတ်ပုံရိုက်ကြတယ်။ ပနားမားမှာ ရုံးတက်ရုံးဆင်းချိန် အင်မတန်ကားကြောပိတ်တယ်။ ကားလမ်းပိတ်တာ သက်သာစေဖို့အတွက် ပနားမားမြို့ဟောင်းကနေ မြို့သစ်ဆီကို ရထားလမ်းတွေ ဖောက်နေပါတယ်။ တရုတ်မုခ်ဦးတွေက လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၀ ကျော် တူးမြောင်းစဖောက်ကတည်းက တရုတ်တွေ အခြေချနေထိုင်ခဲ့တာ။

ပနားမားစီးတီးနဲ့ Amador Causeway ကို Ancon Hill က မြင်ရစဥစဥ◌်
ဟိုးအဝေးက ပနားမားတူးမြောင်း
တရုတ်တွေရောက်နေတာ နှစ်ပေါင်း ၁၅၀ ကျော်ပါပြီတဲ့

ကော့စကာရီကာနိုင်ငံမြို့တော် ဆန်ဟိုဆေးမြို့လယ်ကောင်မှာ တရုတ်တန်းရှိတယ်။ နီပေါမှာတော့ တရုတ်တန်းမရှိဘူး။ နာရီဝက်လောက်ဝေးတဲ့ ကျွှန်းသုံးကျွှန်းကို လိုက်ပို့တယ်။ ဖလာမင်းကိုးကျွှန်းဆိုတာတော့ မှတ်မိတယ်။ ပင်လယ်ပြာပြာ အုန်းပင်လေးတွေနဲ့ သာယာလှပတဲ့ကျွှန်း။ နိုင်ငံခြားသားအများစု လာရောက်ကြတဲ့နေရာတယ့်။ ကိုယ်တို့သွားတဲ့အချိန် ဘယ်သူမှမရှိဘူး ရှင်းလင်းနေတယ်။ တနင်္လာနေ့နေ့လည်မို့လို့နဲ့ တူပါရဲ့။ လမ်းတလျှောက် စားသောက်ဆိုင်၊ ဟိုတယ်တွေကြီးပဲ။ တနာရီလောက်ဝေးတဲ့ကျွှန်းကို ဖယ်ရီစီးပြီး သွားလို့ရတယ် အင်မတန်လှတယ်။ ငါးမျှားဖို့အရမ်းကောင်းတယ်တဲ့။ ဟိုဖက်ကမ်းဖက်ဆီမှာ မိုးတိမ်တောင်တွေ လေထဲမှာ မိုးနံ့ရတယ်။ မိုးမရွာပါစေနဲ့ ထီးမပါဘူး ဓာတ်ပုံလှည့်ပတ်ရိုက်။ ပနားမားဟာ အတ္တလန္တိတ်သမုဒ္ဒရာနဲ့ ပစိဖိတ်သမုဒ္ဒရာကြားမှာ ရှိနေတော့ တောင်နဲ့မြောက် ရာသီဥတု၊ အစားသောက်ကွာခြားတယ်။ လမ်းကဈေးတခုမှာ ရပ်ပေးလို့ ပနားမားဦးထုပ် ဝင်ဝယ်တယ်။ အဖေ့အတွက် ပနားမားဦးထုပ် ဝယ်ချင်ပေမဲ့ ဆိုဒ်ကိုမခန့်မှန်းတတ်။ အဖေက ဂျီးခပ်များများ ဟိုဟာမကြိ ုက် ဒီဟာမကြိ ုက်။ နောက်ဆုံးတော့ ကိုယ့်အတွက်ပဲ ဝယ်ဖြစ်တော့တယ်။ ဈေးသက်သာမလားလို့ လှည့်ပတ်ကြည့်တာ ဈေးကအတူတူပဲ ၂၅ ကျပ်။ JCrew မှာ ပနားမားဦးထုပ်တွေ့တယ် ၅၅ ကျပ် ဘယ်တော့မှ ဈေးမလျော့ဘူး။ မကြီးက ဘန်ကောက်မှာ calcultaor မှာ သူပေးချင်တဲ့ဈေးရိုက် ဈေးရောင်းတဲ့သူက ခေါင်းခါပြီး သူရောင်းနိုင်တဲ့ဈေးကို calculator မှာ ရိုက်ပြီး ဈေးဆစ်အရောင်းအဝယ်ဖြစ်ကြတယ်။ ကိုယ်လည်း ဈေးဆစ်မလို့ ၂၀ လို့ လက်ထောင်ပြတာကို ခေါင်းတွင်တွင်ခါပြီး စပိန်လို မှုတ်တယ်။ တိုးဂိုက်ကို အကူအညီတောင်းပြီး ဈေးဆစ်မလို့ တိုးဂိုက်က ဘယ်ရောက်နေမှန်းမသိ။ နောက်ဆုံးတော့ ဈေးမဆစ်ဘဲ ဝယ်လိုက်ရ ရှာလေသတည်း။ ဘာမဆိုဒစ်စကောင့်မှ ဝယ်တတ်တယ့်သူ ဒီတခါတော့ ဒစ်စကောင့်မပါဘဲ ဝယ်လိုက်ရပြီ။

ပနားမားဦးထုပ်လေးက ပေါ့ပေါ့ပါးပါးလေး ဆောင်းလို့ကောင်းတယ် စတိုင်ကျတယ်။ မျက်နှာကို နည်းနည်းလေးပဲကာပေးတယ် နွေရာသီဆိုရင်တော့ ပနားမားဦးထုပ်နဲ့ရမယ်မထင်။ Casco Viejo ကိုလိုနီမြို့လေးက ၁၆၇၃ ကတည်းက ဆောက်ခဲ့တာ။ အဆောက်အဦးတွေက ရှေးဟောင်းလက်ရာလေးတွေ။ ရှေးဟောင်းလက်ရာမပျက် ပြုပြင်ထိန်းသိမ်းနေတယ်။ ဟိုးအရင်တုန်းက ပင်လယ်ဓားပြတွေ မီးရှို့လို့ ၂ ခါ မြိ ု့ပျက်သွားဖူးတယ် အစိုးရရုံးတော်တော်များများ အဲ့ဒီမှာရှိတယ်။ မြို့တော်ခန်းမ ကယ်ပီတယ်ရှိတယ်။ သမ္မတအိမ်တော်မရှိဘူး သမ္မတက သူ့အိမ်တိုက်ခန်းမှာပဲနေတယ်။ ကိုယ်ရံတော်တွေမရှိဘူးတဲ့။ အဆောက်အဦးတော်တော်များများ ရှေးလက်ရာမပျက် ပြုပြင်ထိန်းသိမ်းထားတယ်။ ပြင်သစ်တွေက ဒီမှာနေရတာကြိုက်လို့ အိမ်ငှားနေကြတယ်။ အိမ်ဈေးအတော်မြောက်တယ်တဲ့။ မြို့လယ်ကဘုရားကျောင်း၊ ပနားမားတည်ထောင်တယ့်သူရုပ်ထုတွေ လိုက်ပြတယ်။ ကက်သလစ်ဘုရားကျောင်းက အင်မတန်ခမ်းနားတယ် ရုပ်တုတွေမှာ ရွှေချထားတယ်။ ဆူနမ်က ရေဆာလို့ milk shake ဝယ်သောက်တယ်။ ပနားမားမှာ အသီးအနှံတွေ စားကောင်းတယ်။ တိုးဂိုက်က နေ့လည်စာ သူ့သူငယ်ချင်းကို ခုကတည်းကမှာထားမယ် ကိုယ်တို့ရောက်တာနဲ့ အဆင်သင့်စားရအောင်။ ငါးနဲ့ထမင်းမှာလိုက်တယ် ငါးဈေးကို ငါးမိနစ်လောက်မောင်းရတယ်။ တိုးဂိုက်သူငယ်ချင်းက လာစောင့်နေတယ်။ ကိုယ်တို့ကို ဆိုင်တန်းမှာ နေရာချပြီး ဘာစားမလဲမေးတယ်။ ငါးဈေးဆိုတော့ အညှီနံ့ရတယ်။ ဆယ်မိနစ်လောက်ကြာတဲ့အထိ မရောက်သေးတော့ နာရီတကြည့်ကြည့်။ ဒီထက်ကြာရင်တော့ မစားတော့ဘူး ထုပ်ပြီးကားပေါ်မှာ စားရတော့မယ်။ သိပ်မကြာခင် ငါးကြော်ရောက်လာတယ် အင်မတန်စားကောင်းတယ်။ ထမင်းလုံးတီးကို ထိတောင်မထိဘူး။

သူပို့စ်ပေးနေတာလေးကို သဘောကျလို့

နေ့လည်စာ ၃၀ ပေးရတယ် ဆူနမ်က အဲ့ဒီလောက်ကျမယ်မထင်ဘူး နိုင်ငံခြားသားဆိုပြီး ရိတ်တယ်ထင်တယ်တဲ့။ လေဆိပ်ဆီသွားတယ့်လမ်းက ကားကြောရှင်းပေမဲ့ ရုံးဆင်းချိန်ဆိုတော့ ကားတွေကြပ်လာပြီ။ ရေတက်ချိန်ဆိုတော့ ဇင်ယော်တွေ ဝဲပျံနေတယ် ဒီရေနဲ့အတူ ပါလာတယ့် ငါးတွေကို ရှာစားနေတာ။ ဟိုင်းကြီးကျွှန်းမှာ ကြီးပြင်းခဲ့လို့ ဒီရေအတက်အကျ၊ ရေသေရက်၊ ရေထရက်တွေကို သိတယ်။ ပနားမားသားတွေက ဘောလုံးဝါသနာအိုးတွေ။ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်လို့ အကြီးအကျယ် ပျော်နေကြတယ်။ ပထမဆုံးတွေ့မဲ့အသင်းက အင်္ဂလန် အိုးမိုင်ဂါ့ ဘောလုံးဘိုးအေ အင်္ဂလန်နဲ့မှ လာတွေ့နေတယ်။ တဂိုးသွှင်းရင် သေပျော်ပါပြီတဲ့ good luck ကံကောင်းပါစေ။ လေဆိပ်ကို ညနေ ၄ နာရီ ၂၀ ပြန်ရောက်ပါတယ်။ အိမ်သာဝင်ပြီးတာနဲ့ ဂိတ်မှာစောင့် ဆူနမ်က လေဆိပ်ကဆိုင်တွေမှာ ပနားမားဦးထုပ် သွားကြည့်တယ်။ အမလေး ၁၀၀ ကျော်ဆိုပြီး ပြန်ပြေးလာတယ်။ ပနားမားကနေ နယူးယောက်ကို ၄ နာရီစီးရပါတယ်။ လေယာဉ်ပေါ်မှာ ‌ကျွှေးတာတွေက စားကောင်းတယ်။ တီဗွီကြည့်ပြီး အိပ် ဆူနမ်က လမ်းနဲ့ကပ်လျက် အစွန်ဆုံးထိုင်ခုံ အမြဲစီးတယ်။ အိမ်သာခဏခဏသွားတော့ ထွက်ရပြုရ လွယ်အောင်လို့။ နယူးယောက်ကို ညဉ့်နက်သန်းခေါင်ရောက်တယ်။ အရင်တုန်းက ဆူနမ်တို့နဲ့ ခရီးသွားတုန်းက လမ်းသိပ်မလျှောက်ရ ကားပေါ်ကနေမဆင်းရတော့ ဘာပြသနာမှမရှိဘူး။ ခုခရီးက လမ်းအင်မတန် လျှောက်ရတော့ ဆူနမ်ညည်းညူနေတော့တာပဲ။ ကိုယ်နဲ့ဘယ်လောက်ပဲခင်ခင် အကျင့်စရိုက်မတူ၊ ခရီးအတူမသွားသင့်တဲ့သူတွေနဲ့ ခရီးအတူထွက်ရင် ခင်မင်မှုပျက်တတ်တယ်ဆိုတဲ့ သင်ခန်းစာရလိုက်တယ်။

Happy Traveling !
စန်းထွန်း
ဧပြီ ၂၈၊ ၂၀၁၈။

ဖလမ်းမင်းကိုးကမ်းနား
ဘယ်ဖက်က ကိုယ်သွားခဲ့တဲ့ အမြင့်ဆုံး Ancon Hill နဲ့ ပနားမားစီးတီး
လှလိုက်တဲ့ လမ်းကြားလေး

ပနားမားသွား တောလား - ၁

မတ် ၁၉  တနင်္လာနေ့ မနက် ၄ နာရီ ၁၅ မိနစ် ဟိုတယ်ကနေ ပထမဆုံးထွက်မယ့် ရှယ်တယ်စီးဖို့ မနက် ၃ နာရီခွဲထဖို့ နှိုးစက်ပေးထားတယ်။ မနက် ၃ နာရီကတည်းက ဆူနမ်က ရေထချိုးတော့ နှိုးစက်မနှိုးခင် နှိုးပါလေရော။ ဆူနမ် အိပ်ပျော်ပုံမရဘူး ခရီးသွားတယ့် ၄ ရက်မှာ ပထမဆုံးတစ်ရက်ပဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တယ်။ လေယာဉ်ပေါ်၊ ကားပေါ်မှာလည်း မအိပ် တော်တော်အအိပ် နည်းတယ့်သူပဲ။ check out လုပ်တော့ မနက်စာထုပ်ပေးထားတယ်။ လေဆိပ်ကို မိနစ် ၂၀ လောက်ပဲမောင်းရတယ် လမ်းရှင်းလို့။ လေဆိပ်ကောင်တာမှာ check in လုပ်၊ လုံခြုံရေးစစ်ပြီးတော့ ဆူနမ်မှာ တခြားလိုင်းမှာ စီနေတုန်း။ စောင့်နေချိန်လေးမှာ လက်ဆောင်ပစ္စည်းဆိုင်ဝင် အမှတ်တရဘာဝယ်ရမလဲလို့ရှာ။ ကော်ဖီစေ့လေးတွေတင်ထားတဲ့ နွားမပါတယ့်လှည်းလေး ဝယ်လိုက်တယ် ငါးကျပ်တဲ့။ လက်ဆောင်ဝယ်ပြီးတယ့်အချိန်အထိ ဆူနမ့်ကို မတွေ့သေးလို့ ဟိုဒီကြည့်နေတုန်း ပြေးလွှားနေတယ့်ဆူနမ်ကိုတွေ့လို့ လှမ်းခေါ်လိုက်တော့ ကိုယ့်ကိုလိုက်ရှာနေတာတယ့်။ ဂိတ်မှာရော၊ လက်ဆောင်ပစ္စည်းဆိုင်မှာရော ဝင်ကြည့်တယ်။ ကိုယ့်ကိုမတွေ့လို့ သူ့ကိုယ်များ လိုက်ရှာနေတာလားလို့ လိုက်ရှာနေတာတဲ့။ boarding လုပ်နေပြီ၊ အိမ်သာသွားချင်တာ၊ ရှူးပေါက်ချင်တာတောင် မသွားဘဲလိုက်ရှာနေတာ ဦးထုပ်ကဘယ်မှာ ကျကျန်ခဲ့လဲမသိဘူးတယ့်။ ဘာလို့ပြေးလွှားလိုက်ရှာနေတာလဲ၊ boarding ဖွင့်ပေမယ့် လေယာဉ်ထွက်ဖို့ ၁ နာရီခွဲတောင် လိုသေးတယ်။ ကိုယ်က သူ့ကိုရှာမတွေ့ရင် ပြေးလွှားလိုက်ရှာနေမှာ မဟုတ်ဘူး။ လေယာဉ်လက်မှတ်မှာ ဂိတ်နံပါတ်ပါတယ် အဲ့ဒီဂိတ်မှာ သွားစောင့်နေမယ်။ နောက်ဆုံးတော့ ဂိတ်ကိုလာမှာပဲ မဟုတ်လား။ ကိုယ့်ကိုအပြစ်တင် ထပ်ခါထပ်ခါပြောနေပေမယ့် ကိုယ့်အမှားမဟုတ်လို့ ဆောရီးမပြောဘူး။ ကော့စကာရီကာမြို့တော် ဆန်ဟိုဆေးကနေ ပနားမားကို ၁ နာရီမောင်းရပါတယ်။ ကိုယ့်ဘေးမှာထိုင်တယ့် ကောင်မလေးက bulldog ခွေးကို ဆွဲခြင်းလေးနဲ့ သူ့ခုံအောက်မှာထားတယ်။ အံမယ် သကောင့်သားက ကြောက်လို့ တအီအီအသံပေးတာကလွဲရင် အသံအကျယ်ကြီး မဟောင်ဘူး။ ပနားမားလူဝင်မှုကြီးကြပ်ရေးကိုဖြတ်တော့ အက်စ်ပန်ညော် (စပိန်စကားပြောတတ်လား) လို့မေးတော့ ခေါင်းခါလိုက်တယ်။

ဘယ်ဟိုတယ်သွားမှာလဲလို့ စပိန်လိုမေးတယ် ပနားမားတူးမြောင်းကိုသွားမှာ ဟိုတယ်မှာမတည်းဘူး ခုသွားပြီး ညနေပြန်လာမှာ လက်နဲ့လည်း အမှုအယာပြလိုက်တယ်။ မြန်မာဆိုတာရှာမတွေ့လို့ MMR ဆိုတာ ကူရှာပေးရသေးတယ်။ နာမည်အပြည့်အစုံက last name မှာရောက်နေလို့ first name၊ last name ပြင်ပြီးတော့ ဗီဇာလိုတယ်တဲ့။ ဟမ် ဂရင်းကဒ်က ဗီဇာလိုသလားမေးတော့ စိတ်ညစ်သွားတယ့်ပုံနဲ့ ဒုန်းဆိုဗီဇာထုပေးလိုက်တယ် ဂွတ်တယ့်။ ဆူနမ်က ဘေးမှာရပ်စောင့်နေတုန်း သူ့အရာရှိက အင်္ဂလိပ်စကား ကျွှမ်းကျွှမ်းကျင်ကျင် ပြောတတ်တယ်။ ပတ်စပို့စာအုပ်ကို အရာရှိတယောက်ဆီ ပေးလိုက်ပြီး စောင့်နေတယ့်။ နောက်တော့ လူအများကြီး သူ့နောက်ကိုလိုက် သူက ရုံးခန်းထဲဝင်သွားပြီး ခဏကြာတော့ ပြန်ထွက်လာပြီး ပတ်စပို့စာအုပ်ပြန်ပေးတယ်။ ကိုယ်လည်း အဲ့ဒီလိုဖြစ်မှာ ကိုယ့်အရာရှိက အင်္ဂလိပ်စကားမပြောတတ် ကိုယ်ကလည်း စကားခပ်များများ ရစ်နေတော့ ကိစ္စအမြန်ပြီးအောင်ဆိုပြီး ဒုန်းဆိုဗီဇာထုပေးလိုက်တာ ဖြစ်မယ်။ ပတ်စ်ပို့စ်စာအုပ်စောင့်နေတုန်း မနက်ကဆန်ဟိုဆေးလေဆိပ်မှာ သူပြေးလွှားရှာနေတုန်း ဦးထုပ်ကျပျောက်တယ့်အကြောင်း ထပ်ပြောပြီး ကိုယ့်ကိုအပြစ်တင်နေလို့ ဆောရီးပြောလိုက်တော့မှပဲ အပြစ်တင်နေတာ ရပ်တော့တယ်။ ဆောရီးမပြောမချင်း အပြစ်တင်ပြောနေမှာ။ တခါတလေ အဲ့ဒီလိုကိုယ့်အမှားလည်းမဟုတ်ဘဲ ကိုယ့်အမှားဆိုပြီးအပြစ်တင်ခံရ၊ ဆောရီးလို့ မတောင်းပန်ချင်ပေမယ့် တောင်းပန်လိုက်ရတာတွေရှိတယ်။ တက္ကဆီကောင်တာမှာ ကိုယ့်နာမည်ရေးထားတယ့် စာရွက်ကိုင်စောင့်နေတယ့် တိုးဂိုက်ကိုတွေ့တယ်။ နေရောင်က အရှိန်ခပ်ပြင်းပြင်း ပူလောင်အိုက်စပ်နေတာပဲ ၈၀ ဒီဂရီအထက်နေမှာ။ စကာၤပူရာသီဥတုနဲ့တူတယ်။ တိုးဂိုက်က စပိန်သံအတော်ဝဲတယ် မနည်းနားထောင်ရတယ်။ ပနားမားရဲ့လမ်းတွေက ကျယ်ပြောဖြောင့်ဖြူးနေပြီး တိုက်အမြင့်ကြီးတွေနဲ့ တိုးတက်တယ့်တိုင်းပြည်မှန်း သိသာတယ်။ ဟိုးအရင်တုန်းက ကိုလံဘီယာလက်အောက်ခံ   ပနားမားတူးမြောင်းကို ပြင်သစ်တွေက နှစ် ၂၀ ကြာ ဖောက်လုပ်ခဲ့တယ်။ ရောဂါထူအသေအပျောက်များ ငွေကုန်ကြေးကျများလို့ ရပ်ပစ်ခဲ့ကြတယ်။ နောက် အမေရိကန်က အခြေစိုက်စခန်းဖွင့်ပြီး ဆက်လုပ်ချင်တာ ကိုလံဘီယာက ခွင့်မပြ ုဘူး။

ဆန်ဟိုဆေးလေဆိပ် ကော့စကာရီကာရိုးရာ နွားလှည်း

ပနားမားက ကိုလံဘီယာကနေခွဲထွက်ပြီး ၄ ရက်အကြာမှာ အမေရိကန်နဲ့ သဘောတူစာချုပ်ချုပ်ဆိုတယ်။ ကိုလံဘီယာကနေ ခွဲထွက်ဖို့ အမေရိကန်က ကူညီခဲ့တယ်လို့ ကောလဟာလ သတင်းတွေထွက်တယ်။ ပနားမားမှာ စစ်တပ်မရှိဘူး ရဲပဲရှိတယ်။ ကိုလံဘီယာက လာတိုက်မှာ မစိုးရိမ်ဘူးလားမေးတော့ ဟင့်အင်း အမေရိကန်စစ်သင်္ဘောတွေက ပင်လယ်ဝမှာ စောင့်နေတာ ကိုလံဘီယာလာမတိုက်ရဲဘူးတယ့်။ အမေရိကန်အခြေစိုက်စခန်းကလူတွေနဲ့ ပနားမားတွေ ရန်ဖြစ်ရင် ပနားမားတွေကိုပဲ အပြစ်ပေးလို့ မကျေနပ်မှုတွေ ကြီးထွားလာပြီး ဆန္ဒပြအဓိကရုဏ်းတွေ ဖြစ်ခဲ့တယ်။ နောက်တော့ သမ္မတဂျင်မီကာတာက ၁၉၉၉  ဒီဇင်ဘာ ၃၁ ည ၁၁း၅၉ မှာ ပနားမားကို အပြီးလွှဲပြောင်းပေးတယ့် စာချုပ်ချုပ်ဆိုခဲ့တယ်။ ခုတော့ အမေရိကန်အခြေစိုက်စခန်းတွေ မရှိတော့ဘူး။ ကိုလံဘီယာ မူးယစ်ရာဇာတွေက ငွေကြေးခဝါချတာတွေ ပနားမားမှာ လုပ်လေ့ရှိပေမယ့် အစိုးရက ကြပ်ကြပ်မတ်မတ် ထိန်းသိမ်းပါတယ်တဲ့။ ဒါပေမယ့်လည်း ထိပ်သီးပိုင်းမှာ လာဘ်စားမှုတွေ ရှိနေတော့ ထောင်ကျပေမယ့် ပိုက်ဆံရှိရင် ထောင်ကဟိုတယ်ပါတယ့်။ ၂၀၀၄ လောက်တုန်းက ပနားမားပေပါ scandal သတင်းမှာတွေ့လိုက်ဖူးတယ်။ တကယ်မရှိတယ့် ဆောက်လုပ်ရေးစီမံကိန်းတွေ လုပ်နေပါတယ်ဆိုပြီး ငွေကြေးခဝါချတာ။ ကျောင်း၊ ဆေးရုံ အခမဲ့၊ ပင်စင်ရှိတယ်။ ပနားမားတူးမြောင်းကို ပနားမားပြည်သူတွေပိုင်တာတယ့်။ ပနားမားတူးမြောင်း ဘုတ်အဖွဲ့က အစိုးရဝန်ထမ်းတွေ မဟုတ်ဘူး။ လာဘ်မစားတယ့် သမာသမတ်ရှိတယ့်သူတွေ ဦးဆောင်နေတာတယ့်။ တောင်အမေရိကတိုက်ကို ကွေ့ပတ်သွားလာနေရတာ အချိန်ကုန်တာမို့တူးမြောင်းဖောက်ဖို့ လမ်းကြောင်းရွေးခြယ်ကြတယ့်အခါ နီကွာရာကွာနဲ့ပနားမားကို ရွေးလိုက်ကြတယ်။ နီကွာရာကွာနိုင်ငံမှာ မီးတောင်တွေရှိပြီး ငလျင်ကြောရှိတာမို့ ပနားမားကိုရွေးချယ်လိုက်ကြတာတယ့်။ ပနားမားတူးမြောင်း ဖြတ်ချင်တယ်ဆိုရင် မှတ်ပုံတင်ပြီးငွေလွှဲ ၃ ရက်လောက်စောင့်ရတယ်။ တူးမြောင်းတခုလုံးဖြတ်ဖို့ ၈ နာရီလောက် ကြာပါတယ်တယ့်။ သဘောၤတစီးဆို ပိုက်ဆံတွေအများကြီးရတာပဲ။ ပိုက်ဆံအများကြီးရတယ်ဆိုပေမယ့် နိုင်ငံအုပ်ချုပ်တယ့်အစိုးရတော်မှပဲ တိုင်းပြည်တိုးတက်တယ်။ နေ့လည် ၁၁ အထိ သဘောတွေဖြတ်တာမို့ အဲ့ဒီအချိန်အရောက်သွားရမယ်။ အဲ့ဒီအချိန်ပြီးရင် ညနေစောင်းမှပဲ သင်္ဘောတွေ ဖြတ်တော့မယ်တယ့်။ လေဆိပ်ကနေ ပနားမားတူးမြောင်းကို နာရီဝက်ကျော်လောက် မောင်းရပါတယ်။

အောက်ထပ်မှာ လတ်မှတ်တစ်ယောက် ၁၅ ကျပ် ပေးဝယ်တယ်။ ပနားမားက ယူအက်စ်ဒေါ်လာပဲသုံးပြီး အကြွေကိုတော့ ပနားမားအကြွေစေ့တွေ သုံးပါတယ်တဲ့။ ဝရန်တာမှာ လူတွေကြိတ်ကြိတ်တိုး အပျော်စီးသင်္ဘောကြီး ဖြတ်ဖို့ပြင်ဆင်နေတယ်။ သင်္ဘောကို တံခါး ၂ ခု ကာထားတယ့်အထဲထည့် ရေတွေဖြည့်၊ ဒီဖက်ကန်ထဲကရေတွေနဲ့ ဟိုဖက်ကန်ထဲကရေ မျက်နှာပြင်ညီရင် ရေကာတာတံခါးဖွင့် တရွေ့ရွေ့မောင်း။ ဘေးကနေ လော်ဘီကားလေးတွေက သဘောၤ တူးမြောင်းနံရံကို မတိုက်မိအောင် ထိန်းပေးထားတယ်။ ၂၀၁၆ မှာ ပနားမားတူးမြောင်းချဲ့ဖို့ ပနားမားသား ၈၀ ရာခိုင်နှုန်း မဲပေးထောက်ခံလို့ တိုးချဲ့ဆောက်လုပ်နေပါတယ်။ ရေထိန်းတံခါးက အရင်လို အဖွင့်အပိတ်မဟုတ်ဘဲ လျှာထိုးတံခါးဖြစ်လို့ အသုံးပြုရတယ့် ရေဂါလံအများကြီး သက်သာသွားတယ်တယ့်။ အဲ့ဒီတူးမြောင်းဖွင့်ခဲ့ရင် ပိုက်ဆံတွေ ရဦးမယ်။ ပနားမားတူးမြောင်းဟာ ကမ္ဘာ့အံ့ဖွယ်ထဲမှာ ပါပါတယ်။ ထူးခြားဆန်းကြယ်လှတယ့် အင်ဂျင်နီယာနည်းပညာ။ သဘာဝတရားကို အောင်ပွဲဆင်တယ့် မဟာလူသားတွေရဲ့ ညဏ်ပညာကြီးကြယ်မှု။ နယူးယောက် upstate ဖက်က  Eirel တူးမြောင်းက အဲ့လိုလုပ်ထားတာ။ ပနားမားတူးမြောင်းအကြောင်း အင်တာနက်မှာဖတ်ဖူး၊ ယူကျူမှာမြင်ဖူးထားပေမယ့်လည်း မျက်စိနဲ့တပ်အပ်မြင်ရတာ ရင်သပ်ရှုမောဖွယ်ရာပဲ။ တရွေ့ရွေ့သွားနေတယ့် အပျော်စီးသင်္ဘောပေါ်ကလူတွေက လက်တွေဝှေ့ယမ်းပြ၊ ကိုယ်တို့ကလည်း လက်ဝှေ့ဝမ်းပြ။ တိုးဂိုက်ရောက်လာတယ့်အချိန် ကိုယ်တို့က နေရာကောင်း ရနေပြီ။ ၁၁ နာရီမှာ ပနားမားတူးမြောင်းအကြောင်း ဗွီဒီယိုကြည့် ပြီးရင်ပြတိုက်ထဲဝင်ကြည့်။ ပြတိုက်က မိနစ် ၂၀ လောက်ပဲကြာမယ် ပြီးရင်ရှေ့မှာစောင့်နေပါတယ့်။ theater ဘယ်မှာလဲလို့မေးတော့ လက်ညှိုးထိုးပြတယ့် နေရာထဲကိုဝင်ရှာတာမတွေ့ ပတ်ပတ်လည်ရှာတာလည်းမတွေ့။ လမ်းမလျှောက်နိုင်တော့တယ့် ဆူနမ့်ကိုစောင့်ခိုင်းပြီး အောက်ထပ်ကိုပြေး မေးကြည့်တော့ အောက်ထပ်မှာတယ့်။ သုံးထပ်ကိုပြန်တက် ဆူနမ့်ကိုခေါ် theater ထဲဝင်။ ၁၅ မိနစ်ဗီဒီယိုလေးက အင်မတန်ကြည့်ကောင်းတယ် ပနားမြောင်းတူးမြောင်း သမိုင်းကြောင်းကို သေသေချာချာ ရှင်းပြတယ်။ ပြတိုက်ထဲမှာတော့ ပနားတူးမြောင်းတူးတုန်းက သမိုင်းအထောက်အထား ဓာတ်ပုံ၊ အသုံးအဆောင်၊ ပစ္စည်းတွေ၊ တူးမြောင်းပတ်ဝန်းကျင်မှာတွေ့ရတယ့် သဘာဝတောရိုင်းတိရစ္ဆာန်တွေ၊ 3D movie နဲ့ သင်္ဘောဦးခန်းကနေ ပနားမားတူးမြောင်းကို ကျော်ဖြတ်တာတွေနဲ့ စိတ်ဝင်စားဖို့ကောင်းတယ်။ ပနားမားရဲ့ အထင်ကရနေရာတွေကို သွားလည်တယ့်အကြောင်းကတော့ နောက်ပို့စ်မှပဲ တင်ပါတော့မယ်။

စန်းထွန်း
ဧပြီ ၁၅၊ ၂၀၁၈။


ကိုစကာရီကာသွား တောလား - ၄

ကော်ဖီစိုက်ပျိုး၊ ချောကလက်ထုတ်လုပ်တာတွေ ရှင်းပြတယ့်တိုးပြီးတော့ တခြားတိုးကားက လာစောင့်နေတယ်။ လာဖေါ်တူနာမြို့ကနေ မြို့တော်ဆန်ဟိုဆေးအထိ ၃ နာရီလောက် မောင်းရမယ်။ ကော့စကာရီကာနိုင်ငံရဲ့လမ်းတွေက တလမ်းမောင်း လမ်းကျဉ်းကျဉ်းလေးတွေ။ ဒါပေမယ့် မြန်မာပြည်က လမ်းတွေထက် သာတယ်။ ရောက်ဖူးတယ့် နိုင်ငံတိုင်း မြန်မာပြည်ထက် သာနေတာကိုတွေ့ရရင် ကိုယ့်တိုင်းပြည်ကိုလည်း အဲ့ဒီလိုဖြစ်စေချင်တယ်။ ဟီးနိုးဘတ်စ်ကားတွေမှာ အပြာနဲ့အဝါအလံ ထောင်ထားတာကိုတွေ့လို့ မေးကြည့်တာ့ အဲ့ဒီပါတီက ရွေးကောက်ပွဲမှာနိုင်လို့ မြို့တော်ဆီ အပတ်တိုင်းသွားပြီး အောင်ပွဲခံနေတာတယ့်။ အဲ့ဒါဆို ဆန်ဟိုဆေးမြို့လယ်ကောင်မှာ ကားတွေ ကြပ်တော့မှာပဲ။ အောင်ပွဲခံနေတယ့် ဟီးနိုးကားတွေကို ကျော်တက်မောင်း။ လမ်းတွေက ကွေ့ကွေ့ကောက်ကောက်ဆိုတော့ မူးဝေလာပြီး မကြာခင် အိပ်ပျော်သွားတော့တာပဲ။ လမ်းတဝက်ရောက်တော့ စားသောက်ဆိုင်တန်းမှာ ရပ်ပေးတယ်။ ရင်ထဲမူးဝေ ပျို့အန်ချင်တယ် အဲ့ဒီလိုတခါမှ မဖြစ်ဖူးဘူး။နာနတ်သီးဖျော်ရည် သောက်လိုက်တော့မှ သက်သာတယ်။ ဆူနမ်လည်း အဲ့ဒီလိုခံစားရတယ်။ တွေ့လား နင့် viator တိုးက အဲ့ဒီလို  ဆန်ဟိုဆေးမြို့ကနေ လာဖေါ်တူနာမြို့ဆီ အသွား ၂ နာရီခွဲ အပြန် ၂ နာရီခွဲ စီးရမှာ။ အင်း မလွယ်ကြောဘဲ ဝိုင်းကို ပြောပြရမယ်။ တောင်ကုန်းတောင်ဆင်းလေးတွေနဲ့ ကလောမြို့နဲ့တူတယ်။ Pure Vira ပူရာဗီရာဆိုတာ ကြိ ုဆိုပါတယ်၊ ကျေးဇူးတင်ပါတယ်၊ ကိစ္စမရှိပါဘူး အားလုံးပြောလို့ရတယ်။ Gracias ဂရပ်ရှပ်ကတော့ ကျေးဇူးတင်ပါတယ်၊ Hola ဟိုလာဆိုတာ ဟိုင်း။ ဆူနမ်က လာဖေါ်တူနာမြို့မှာဆိုရင် Los Lagos Spa Resorts နဲ့ ဆန်ဟိုဆေးမြို့မှာဆိုရင် Adventure Inn လိုချင်နေတာ။ တိုးက အဲ့ဒီဟိုတယ်တွေပေးတော့ သူ့မှာပျော်လိုက်တာတယ့်။ ကိုယ်ကတော့ အေးဆေးပဲ ဟိုတယ်ဘယ်လောက်ကောင်းကောင်း ညအိပ်ရုံပဲအိပ်မှာကိုး။

ညနေစောင်း ဆန်ဟိုဆေးမြို့ထဲကို သွားလည်ချင်လို့ တက္ကစီ စီစဉ်ပေးနိုင်မလားလို့ ဧည့်ကြိုကောင်တာကိုမေးတော့ ၁ နာရီ ၂၀နဲ့ ၃ နာရီ ၆၀ ကျမယ် တရက်ကြိုပြောရတာ ခုချက်ခြင်းဆိုတော့ ကြိုးစားပေးမယ်တယ့်။ တက္ကစီရရင်သွားမယ် မရရင်လည်း အိုကေတယ်ဆိုပြီး အဆင်သင့်ပြင်ဆင်တယ်။ မိနစ် ၂၀ လောက်ကြာတော့ တက္ကစီရတယ်လို့ ဧည့်ကြိုကောင်တာက ဖုန်းဆက်လာတယ့်အချိန် ရယ်ဒီပဲ။ ဆန်ဟိုဆေးမြို့ထဲကို မိနစ် ၂၀ လောက်မောင်းရပြီး လမ်းတွေက ၃ လမ်းသွားလမ်းတွေ။ ဘောလုံးကွင်းကို တရုတ်တွေ ဆောက်ပေးထားတာ ကော့စကာရီကန်တွေဆို ဝင်ကြေးအခမဲ့ပါတဲ့။ Huawei ဆိုတဲ့ဆိုင်းဘုတ်တွေ ထောင်ထားတယ် တောင်အမေရိကသားတွေက ဘောလုံးခရေဇီ။ ကမ္ဘာ့ဖလားခြေစစ်ပွဲဆိုလား ကိုပါဖလားဆိုလား တခုခုမှာနိုင်လို့ လမ်းပေါ်ထွက်ပြီး အောင်ပွဲခံကြတာ ရုံးပိတ်ရက်တောင် သတ်မှတ်ပေးလိုက်ရတယ့်အဖြစ်။ ဒရိုင်ဘာက အင်္ဂလိပ်စကား သိပ်မကျွှမ်းဘူး ဒါပေမယ့် တတ်နိုင်သလောက် ကြိုးစားပြောတယ်။ ကိုစကာရီကာနိုင်ငံမှာ ပညာရေး၊ ကျန်းမာရေးက အခမဲ့ ပင်စင်လည်းရှိတယ်။ ပရိုက်ဗိတ်‌ဆေးရုံတွေလည်း ရှိတယ်။ မြို့လယ်ကောင်က ပုသိမ်မြို့သာသာ ကားတွေ၊ မီးပွိုင့်တွေ ရှုပ်တယ်။ အနုပညာပြတိုက်က ပိတ်နေပြီမို့လို့ အပြင်ကနေရိုက်တယ်။ မြို့လယ်ကောင်က ရုပ်တုတွေနဲ့ ဓာတ်ပုံရိုက်တယ်။ သမ္မတနေတယ့်အိမ်တော် မရှိဘူး သမ္မတဆိုပြီး ဘာမှအထူးခံစားခွင့်လည်း မရှိဘူး။ ကိုယ့်အိမ်မှာကိုယ်နေ သမ္မတက မြို့ထဲလမ်းတွေမှာ လျှောက်သွားနေတတ်တယ်။ လက်ဆွဲနှုတ်ဆက် စကားစမြည်ပြောလို့ရတယ်။ သမ္မတအိုဘာမားလာတုန်းကဆို အယ်မလေး ရဟတ်ယာဉ်တွေ၊ မော်တော်ကားတွေ၊ သေနတ်တွေနဲ့ ရှုတ်ရှပ်ခတ်နေတာပဲတယ့်။ မြိ ု့ထဲမှာတော့ ရဲကားတွေ ကင်းလှည့်တယ်။ အရင်တုန်းကထောင် ခုတော့ထောင်မရှိတော့ဘူး ဝန်ထမ်းတွေနေတယ်။ ကိုစကာရီကာနိုင်ငံ တည်ထောင်တယ့် ဗိုလ်ချုပ်ကြီးရုပ်တုကို ဓာတ်ပုံရိုက်တယ်။

ကျောက်စိမ်းပြတိုက်က နာမည်ကြီးတယ် ညဖက်ပြတိုက်ပိတ်ချိန်ဆိုတော့ ဓာတ်ပုံပဲရိုက်ခဲ့ရတယ်။ ကော့စကာရီကန်လူမျိုး ၉၀ ရာခိုင်နှုန်းက ခရစ်ယာန်ကက်သလစ်ဘာသာဝင်တွေ။ ဘုရားကျောင်းတွေက ကြီးကျယ်ခမ်းနားလှပတယ် ဘာသာတရားကိုင်းရှိုင်းကြတယ်။ ဈေးတပတ် ပတ်လျှောက်တော့ မီးပွိုင့်စိမ်းရင် ပီးပေါ်အော်တယ်။ ဘာလဲလို့မေးတော့ မျက်စိမမြင်တယ့်သူတွေ လမ်းကူးနိုင်အောင် လုပ်ပေးထားတာတယ့်။ တနင်္ဂနွေညနေဖက်ဆိုတော့ ဆိုင်တော်တော်များများ ပိတ်နေကြပြီ။ တိုးဂိုက်ညွှန်တယ့် ကိုလံဘီယာဆိုင်က ချိစ်ပေါင်မုန့်လုံး Almojabana၊ သစ်သီးကိတ်၊ သီးစုံဖျော်ရည် အရမ်းကောင်းတာပဲ။ ကျသင့်ငွေကို အမေရိကန်ဒေါ်လာနဲ့ လက်ခံတယ်။ ၁ ဒေါ်လာကို ကိုစကာရီကန် ကုန်လုန် colon ငွေ ၅၄၀ လောက်ကျတယ်။ ချီစ်ပေါင်မုန့်လုံးက စားကောင်းလွန်းလို့ နယူးယောက်မှာ ကိုလံဘီယာပေါင်မုန့်ဆိုင် လိုက်ရှာနေတယ်။ ဘယ်နေရာရောက်ရောက် အိမ်သာဝင်ချင်တယ့် ဆူနမ်က အိမ်သာဝင်ချင်တော့ အကြွေစေ့နဲ့ ဝင်ရတာတယ့်။ တိုးဂိုက်မှာလည်း အကြွေမပါတော့ ဈေးဝယ်နေတယ့်အစ်မတစ်ယောက်က ပေးသွားတယ်။ ဆူနမ်က ဝိုင်သောက်ဖို့ အမှတ်တရခွက်သေးသေးလေး ဝယ်ချင်တာ လက်ဆောင်ပစ္စည်းရောင်းတယ့်ဆိုင်တွေက ပိတ်နေပြီဆိုတော့ မဝယ်ခဲ့ရဘူး။ လာဖေါ်တူနာမြို့က ဟိုတယ်မှာ သူသဘောကျတာတွေ့ပေမယ့် မဝယ်ဖြစ်ခဲ့ဘူး။ ၃ နာရီပေမယ့် ၂ နာရီခွဲနဲ့တင် ဟိုတယ်ပြန်ရောက်တယ်။ ဒရိုင်ဘာက စိတ်ရှည်လက်ရှည် စောင့်ဆိုင်းလိုက်ပို့ပေးပြီး တိုးဂိုက်လို ရှင်းပြပေးလို့ တဖ်များများပေးလိုက်တယ်။ ညစာကို ဟိုတယ်မှာစားတယ် မီးတောင်တက်တုန်းက တိုးဂိုက်မလေးညွှန်တယ့်ဟာကို မှာလိုက်တာ ငါး၊ ပုဇွန်အစိမ်းကို သံပုရာသီးဆမ်းထားတယ့်ဟာဖြစ်နေတော့ ဆူနမ်ဘယ်လိုမှမစားနိုင်ဘူး။ အသားသိပ်မပါတယ့် dragon roll ကို စားနိုင်ပေမယ့် shashimi စားတာ အကုန်ပြန်အန်ပြီးကတည်းက ဆူရှီတောင်မစားတော့ဘူးတဲ့။ ရာမားက ကုလားစာပဲစားတယ် တခြားဘာမှမစားနိုင်ဘူး။ ကိုယ်က မဆလာမကြိုက်၊ ကုလားစာသိပ်မကြိုက်ပေမယ့် ဆူနမ်တို့ သွားစားရင်တော့လိုက်စားတယ်။ ကိုယ့်ဘာသာ နောက်တခေါက်သွားစားမလားဆို နိုးပဲ။ ပနားမားကို သွားလည်တယ့်အကြောင်းကတော့ နောက်ပို့စ်မှပဲ တင်ပါတော့မယ်။

Happy Traveling !
စန်းထွန်း
ဧပြီ ၁၁၊ ၂၀၁၈။

လာဖေါ်တူနာမြို့ကနေ ဆန်ဟိုဆေးမြို့ဆီသွားတဲ့ လမ်းမှာနားခဲ့တဲ့နေရာ
ကိုစကာရီကာရိုးရာအလံနဲ့ ရိုးရာလှည်းဘီး
တရုတ်ဆောက်ပေးထားတဲ့ ဘောလုံးကွင်း
အနုပညာပြတိုက်
ဆန်ဟိုဆေးမြို့လယ်ကောင်က ရုပ်ထု
အရင်တုန်းကထောင်
ကိုစကာရီကာနိုင်ငံ ဖခင်ကြီး
အနုပညာ တေးဂီတာ ပြဇာတ်ကတဲ့ နေရာ
ဆန်ဟိုဆေးမြို့လယ်ကောင်က အဆောက်အဥ◌ီး
၁၈၈၀ ကတည်းက တည်ဆောက်ထားတဲ့စေ◌ျး နွားလှည်းဘီးတံဆိပ်

ကက်သလစ်ဘုရားရှိခိုးကျောင်းတွေ ခမ်းနားတယ်
Made in အာဂျင်တီးနား ခုတလော အဲ့ဒီဆွဲကြိုးကို အမြဲဆွဲနေတယ်
ကော့စကာရီကာက ဝယ်လာတဲ့ အမှတ်တရပစ္စည်းလေးတွေ ရုံးကစားပွဲမှာထားတယ်
ဝယ်တုန်းကတော့ များလှပြီထင်နေတာ မိတ်ဆွေတွေကို လက်ဆောင်ပေးပြီးတော့ ကိုယ့်အတွက် ဘာမှမကျန်တော့ဘူး ဝိုင်းသွားမှ ကော်ဖီမှာလိုက်ဥ◌ီးမယ်
Adventure Inn မှာစားတဲ့ Today Chief Special ညစာ
အမဲကင်